အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

မန္တလေး အိုးဘိုထောင်တွင် ကြီးထွားနေသော မှောင်ခိုစျေးကွက် 

အစားအသောက်နှင့် လူသုံးကုန်ပစ္စည်း မတန်တဆ ရောင်းချကာ ထောင်အရာရှိတို့ အမြတ်ထုတ်၊ လာဘ်စားခွင့် ရနေသည့် အိုးဘိုအကျဉ်းထောင်တွင် မူးယစ်ဆေးမှာလည်း ရောင်းကုန်တစ်မျိုး ဖြစ်လာသည်။

အစစ အရာရာ စျေးတက်နေသောခေတ်တွင် လူအများအပြား စွဲစွဲလမ်းလမ်း စားသုံးနေကြသည့် ကွမ်းယာမှာ  တစ်ထုပ်လျှင် ကျပ်တစ်ထောင်စျေးဖြစ်နေသည်။ သို့သော်လည်း မကြာသေးမီက  နိုင်ငံအလယ်ပိုင်း မန္တလေးမြို့ အိုးဘိုထောင်မှ ပြန်လည်လွတ်မြောက်လာသည့် လူငယ်တစ်ဦးက ကွမ်းယာမှာ စျေးကြီးသော်လည်း  ထောင်ထဲတွင် အဆပေါင်းများစွာ စျေးပိုပေး ဝယ်ယူစားသုံးနေကြရသည်ဟု ပြောသည်။

အကျဉ်းဦးစီးဌာန အရာရှိကြီးများ ထောင်သို့ လာသည့်နေ့၊ ကွမ်းယာတင်သွင်းမှု ပိတ်ပင် ကန့်သတ်ထားသည့် နေ့ဆိုလျှင် ကွမ်းယာသည် ထောင်တွင်းမှောင်ခိုပစ္စည်း ဖြစ်သွားတတ်သလို  စျေးနှုန်းလည်း အဆမတန် ထိုးတက်သွားသည်ဟု သူက ဆိုသည်၊။

“လူကြီးလည်း လာတယ်၊ တစ်ခါတလေ လမ်းကြောင်းကျပ်တဲ့ နေ့တွေ၊ ကွမ်းပိတ်ထားတဲ့ နေ့တွေဆိုရင်တော့  နှစ်ယာသုံးယာကို ၅,၀၀၀ တို့၊ တစ်ခါတလေ ကွမ်းလုံးဝ မဝင်တဲ့ ရက်တွေဆို တစ်ယာတည်းကို ၅,၀၀၀ ပေးစားတာတို့ အဲ့ဒါမျိုးတွေ ရှိတယ်” ဟု သူက ပြောပြသည်။

ကွမ်းယာကို နေ့စဉ် ဝယ်ယူစားသုံးတတ်ကြသည့် အခြေအနေကို ထောင်ဝန်ထမ်းများနှင့် ထောင်အာဏာပိုင်များ အကျဉ်းထောင်အတွင်း မတန်တဆ ငွေညှစ်စီးပွားရှာသည့် အခွင့်အရေးအဖြစ် အသုံးချလာကြသည်။ အကျဉ်းသားတို့၏ အခြေခံအခွင့်အရေးများ ဆုံးရှုံးနေကြသော နိုင်ငံအနှံ့  ထောင်အသီးသီးတွင် လူသုံးကုန်   ပစ္စည်းများကို အဆမတန် မြင့်မားသော စျေးနှုန်းဖြင့် ရောင်းဝယ်နေကြသလို  ထောင်အရာရှိများ၏ မျက်မှောက်တွင်ပင် မူးယစ်ဆေးဝါး မှောင်ခိုဈေးကွက်ရှိနေသည်ဟု  ထောင်သတင်းရင်းမြစ်များက ပြောသည်။

မူးယစ်ဆေး ပေါများသည့်နေရာ

စစ်တပ်အာဏာသိမ်းထားသည့် ငါးနှစ်ကျော်ကာလအတွင်း  အကျဉ်းထောင်အများစုတွင် ထောင်အာဏာပိုင်နှင့် လက်ပါးစေများက ဖိနှိပ်မှုများ ဆိုးရွားစွာပြုလုပ်နေပြီး၊ ထောင်အတွင်း မူးယစ်ဆေးရောင်းဝယ်မှုလည်း ပိုမိုများပြားလာသည်ဟု  ပြန်လည်လွတ်မြောက်လာသူများက ပြောသည်။

မူးယစ်ဆေးရောင်းဝယ်မှုကို ထောင်အရာရှိများက လာဘ်စားကာ ခွင့်ပြုထားသည်၊  တိုင်ကြားခံရပါက အောက်ခြေဝန်ထမ်းနှင့် ဝယ်ယူသည့် အကျဉ်းသားများကိုသာ အရေးယူတတ်သည်ဟုလည်း အကျဉ်းသားဟောင်းများက ဆိုကြသည်။

မန္တလေးအိုးဘိုထောင်မှ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ၎င်းတို့ထောင်တွင် စိတ်ကြွဆေး၊ ဘိန်းဖြူနှင့် ဆေးခြောက်တို့အပြင် ကွမ်းစားဆေးရွက်ကြီးတို့ကို ထောင်အတွင်း တင်သွင်းရောင်းဝယ်မှုဖြင့်  အရေးယူခံနေရသည့် ထောင်ဝန်ထမ်း ၃၂ ဦး ရှိနေသည်ဟု  ပြောသည်။  

ထိုသူများအနက်  ဒုတပ်ကြပ်ဖြိုးဇော်ဟိန်းနှင့် တပ်သားများဖြစ်သော မိုးဟိန်း၊ အောင်ကျော်သန်း၊ အောင်ပြည့်စုံ၊ ပိုင်ဇေစိုး၊ ဇေမောင်မောင်တို့ ပါဝင်သည်၊  ထောင်ပြင်ပသို့ ထွက်ခွင့်ပိတ်ထားသဖြင့် ထောင်နှင့် ဝန်ထမ်းအိမ်ရာတွင်သာ သွားလာခွင့်ရသည်ဟု သိရသည်။

“ပိတ်ထားတာ တစ်နှစ်ပြည့်တော့မှာ။ ယူနီဖောင်းနဲ့ပဲ။ အပြင်ထွက်ခွင့်မရှိဘူး” ဟု လုံခြုံရေးအရ အမည်မဖော်ပြနိုင်သော ထိုဝန်ထမ်းက Myanmar Now ကို ပြောသည်။

“ဝန်ထမ်းနဲ့ အရာရှိအချို့ကသွင်းတယ်၊ အကျဉ်းသားကဖြန့်ပေးတယ်၊ ထောင်ထဲမှာတော့ မူးယစ်ဆေးဝါးက ကြောက်စရာကြီးပဲ၊ (မူးယစ်ဆေး) အကုန်ရှိတယ်”ဟုလည်း အထက်ပါ ဝန်ထမ်းက ဆိုသည်။

စိတ်ကြွဆေးပြားတစ်ပြားလျှင် ထောင်အတွင်း၌ ကျပ်တစ်သောင်း၊ ဆေးခြောက်ပါဝင်သည့် ဆေးပေါ့လိပ်တစ်လိပ် ပေါက်စျေးမှာလည်း ကျပ်တစ်သောင်း ဖြစ်သည်ဟု သိရသည်။

ထောင်ထဲသို့ ပစ္စည်းသွင်းရာတွင် စည်းကမ်းချက်၊ ကန့်သတ်ချက်များစွာ ရှိသော်လည်း မူးယစ်ဆေး ခိုးသွင်းမှုမှာ  ထောင်ဝန်ထမ်းအချို့နှင့် အရာရှိအချို့၏ အကူအညီဖြင့် အလုပ်ဖြစ်နေသည်၊  ထောင်တွင်း ရှာဖွေစစ်ဆေးလုပ်ငန်းမှာလည်း  ဟန်ပြသာ ဖြစ်နေသည်ဟု အိုးဘိုထောင်တွင်းအခြေအနေကို သိရှိသူ အမျိုးသား တစ်ဦးက ပြောသည်။

“ရှာဖွေရေးလုပ်တယ်ဆိုတာ ဟန်ဆောင်ပုံစံမျိုးပဲ လုပ်တာ။ ဘယ်နေ့ ဘယ်အဆောင်ကိုရှာမယ်ဆိုတာ ကြိုသိနေကြတာ။  ဥပဒေအတိုင်း ရှောင်တခင်ရှာဖွေတာမျိုးမရှိဘူး” ဟု ထိုသူက ပြောသည်။

“အထဲမှာ မူးယစ်ဆေးဝါး(ပေါများချက်)က ကြောက်စရာကြီး။ အကျဉ်းသားတချို့ဆို အထဲရောက်မှ ဆေးစသုံးပြီး ကြောင်တောင်တောင် ဖြစ်ကုန်ကြတာ”

မေလအတွင်း အိုးဘို ထောင်ဝန်ထမ်းတစ်ဦး စိတ်ကြွဆေးအပြား ငါးရာကျော် သွင်းလာစဉ် ဖမ်းဆီးရမိခဲ့သော်လည်း အရာရှိများက အမှုကို လျစ်လျူရှုထားသည်ဟု သူက ဆက်ပြောသည်။

“(အိုးဘိုထောင်တွင်း) ၁ တိုက်၊ ၃ ခန်းက မောင်ရွှေလို့ခေါ်တယ်။ အဲဒီလူက မူးယစ်ဆေးတွေရောင်းတယ်။ အဲဒီအဆောင်မှာကျတဲ့ အဆောင်မှူးတစ်ယောက်ကိုဆိုရင် တစ်ပတ်ကို သုံးလေးသိန်းပေးတယ်။ ဦးစီးဆိုရင် ရာနဲ့ချီပေးတယ်” ဟု သူက ပြောသည်။

“သူတို့ကအဖွဲ့လိုက်၊ ဂိုဏ်းလိုက်နဲ့လုပ်နေတာကို ထောင်ပိုင်က မသိကျိုးကျွန် ပြုပြီးတော့ မိအောင် မဖော်ဘူး၊ သွင်းတယ်ယူဆရတဲ့ ထောင်ဝန်ထမ်းတွေကိုတော့ ထောင်ပြင်ပထွက်ခွင့် ပိတ်ထားတယ်”

မူးယစ်ဆေး ရရှိနိုင်ကြောင်း သတင်းကြီးနေသည့်ထောင်မှာ အိုးဘိုထောင်တစ်ခုတည်း မဟုတ်ပေ။

မကြာသေးမီက မြင်းခြံထောင်မှ လွတ်မြောက်လာသူတစ်ဦးကလည်း  မြင်းခြံထောင်တွင်လည်း မူးယစ်ဆေး ရနိုင်သည်ဟု Myanmar Now ကို ပြောသည်။

“သူတို့ဝန်ထမ်းတွေကိုယ်တိုင်က သွင်းလာပြီး ထောင်ပိုင်တွေကလည်း မျက်ကွယ်ပြုထားတယ်။ သတင်းတွေပွလို့ ရှာပြီ၊ ဖွေပြီ၊ မိပြီဆိုရင်တော့ အကျဉ်းသားနဲ့ ဝန်ထမ်းတချို့ကိုပဲ အရေးယူပြတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါ အကျဉ်းသားဟောင်းက Myanmar Now ကို ပြောသည်။

မကွေးအကျဉ်းထောင်မှ မကြာမီကလွတ်မြောက်ခဲ့သူတစ်ဦး ထောင်တွင်းဖိနှိပ်မှုများအကြောင်း  ရေးသားတိုင်ကြားသည့်စာတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုအကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ဧပြီလရက်စွဲတပ်ထားပြီး နေပြည်တော် အရာရှိများထံ လိပ်မူထားသည့် ထိုစာထဲတွင် မကွေးထောင် ထောင်ပိုင်လေး သန်းကျော်တင်၊ ဦးစီးမှူးဝင်းထွန်းတို့ ထောင်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ကာ လစဉ်သိန်းရာချီ အမြတ်ငွေများရရှိနေကြသည်ဟု ရေးသားထားသည်။ 

မကွေးထောင်တွင်း အဓမ္မလုပ်ရပ်များအကြောင်းလည်း ပါဝင်သည့် ထိုစာကို ထောင်မှလွတ်လာသူတို့က ရေးသား တိုင်ကြားခဲ့ခြင်းဖြစ်ပြီး စစ်ဆေးအရေးယူသည်ကို မတွေ့ရပေ။ 

အကျဉ်းထောင်များအကြောင်း သတင်းဌာနများကို မှတ်ချက်ပေး ဖြေကြားတတ်သူ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဦးမင်းထွန်းစိုးကို အိုးဘို၊ မြင်းခြံ၊ မကွေးထောင်များ အခြေအနေနှင့် ပတ်သက်၍ Myanmar Now က ဆက်သွယ်မေးမြန်းရာ  ၎င်းက နေပြည်တော်ရုံးချုပ်တွင် တာဝန်ထမ်းဆောင် နေခြင်း မဟုတ်တော့သဖြင့် ပြန်လည် ဖြေဆိုနိုင်မည်မဟုတ်ဟု တုံ့ပြန်သည်။ နေပြည်တော် ရုံးချုပ်ကို   မေးမြန်းရန် ကြိုးပမ်းသော်လည်း တယ်လီဖုန်း အဆက်အသွယ် မရသေးပေ။

ထောင်တွင်း စီးပွားရေးဈေးကွက်

စစ်အာဏာသိမ်း ငါးနှစ်ကျော်ကာလအတွင်း အာဏာသိမ်းမှုဆန့်ကျင်သူ အများအပြား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။  အာဏာသိမ်းစစ်တပ်က ထောင်ကို လက်နက်သဖွယ် အသုံးပြုနေသလို အကျဉ်းထောင်အသီးသီးရှိ ဝန်ထမ်းများက အကျဉ်းသားများကို စနစ်တကျနှင့် အဆိုးရွားဆုံး ဆက်လက်ဖိနှိပ်နေကြရာ အကျဉ်းထောင်များ၏ အထွေထွေအခြေအနေမှာ တစုံတရာ ပြောင်းလဲတိုးတက်လာခြင်းမရှိဘဲ ဆက်လက်ဆိုးရွားနေဆဲ ဖြစ်သည်။

ထောင်ကျနေသူတို့မှာ သင့်လျော်သည့် အစားအသောက်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများအတွက် မိသားစုက ပေးပို့မှသာ ရရှိနိုင်သည်။ ငွေကြေးတတ်နိုင်သူက ထောင်ထဲတွင် ဝယ်ယူစားသုံးနိုင်သည်။

လွန်ခဲ့သည့်နှစ်ပေါင်းများစွာကပင် ထောင်ဝင်စာတွေ့သည့်  မိသားစုက အကျဉ်းသား လိုအပ်ချိန်တွင် သုံးစွဲရန် ငွေကြေးကို ထောင်အရာရှိရုံးခန်းတွင်  အပ်နှံရသည်။ အပ်နှံငွေ၏ ၈၀ ရာခိုင်နှုန်းကိုသာ အကျဉ်းသားက ရရှိသည်။ မိသားစုက၂၀ ရာခိုင်နှုန်း ဖြတ်တောက်ခံရမည့် ထိုနည်းလမ်းကိုသာ ရွေးချယ်ကြရသည်။

အွန်လိုင်းဘဏ်လုပ်ငန်း ပိုမိုတွင်ကျယ်လာသည့် ယနေ့ခေတ်တွင် ထောင်သို့သွားရန် ခက်ခဲသည့် မိသားစုများက  ထောင်ဝန်ထမ်းကို ကြားခံထားပြီး အကျဉ်းသားထံ ငွေလွှဲတတ်ကြသည်။ ထောင်က တရားဝင်ခွင့်ပြုမထားသည့် ထိုလုပ်ရပ်အတွက် ဝန်ထမ်းကလည်း ဝန်ဆောင်ခ ၂၀ ရာခိုင်နှုန်း ယူတတ်သည်။  

မန္တလေးမြို့ အိုးဘိုထောင်ကို ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း တွေ့ရစဉ်။ ယခုအခါ ကျပ်နှစ်သောင်းကျော်တန် “နေခြည်”အမှတ်တံဆိပ် ကွမ်းစားဆေးရွက်ကြီး တစ်ထုပ်မှာ ထောင်ထဲတွင် နှစ်သိန်းကျော်အထိ ပေါက်ဈေးရှိနေသည်။  ထိုဆေးရွက်ကြီးတစ်ထုပ်လျှင် ပွတ်ချွန်းဆေးလိပ် ၅၀၀ ခန့် ပြုလုပ်နိုင်သည်၊ ပွတ်ချွန်း သုံးလိပ်လျှင်  တစ်သောင်းဖြင့် ရောင်းချလျက်ရှိသည်။(ဓာတ်ပုံ – Myanmar Now) 

မန္တလေး အိုးဘိုထောင်မှ ဝန်ထမ်းအများအပြားက ၃၀ ရာခိုင်နှုန်းအထိ ယူလေ့ရှိသည်ဟု အထက်ပါ အကျဉ်းသားဟောင်းက ပြောသည်။ 

“အပြင်မိသားစုက ပို့တဲ့ငွေလည်း တော်တော်ကံကောင်းမှ ၇၀ ရာခိုင်နှုန်း အထဲကိုရောက်တာ။ မိသားစုက မနည်းရှာဖွေပြီး ပို့ပေးလိုက်ရတာတွေကို လုယူသလိုမျိုး ခံရတာပေါ့” ဟု သူက ဆိုသည်။

ဝန်ထမ်းအချို့က ဝန်ဆောင်ခ အများအပြား ရသော်လည်း အထက်စီးမှ ဆက်ဆံပြောဆိုတတ်သည်ဟု သူက ဆိုသည်။

“မင်းတို့ စေတနာမို့ ငါယူတာ၊ မင်းတို့စေတနာမို့ ငါစားတာ ဆိုပြီးတော့ ပြောတာတွေလည်းရှိတယ်”ဟု သူက ရှင်းပြသည်။

မိသားစုပို့လိုက်သည့်ငွေကို အကျဉ်းသားထံမပေးဘဲ အနိုင်ကျင့် ဖြတ်တောက်ထားမှုများလည်း ရှိနေသည်။ ထို့အပြင်မိသားစုက ပေးပို့သည့်ထောင်ဝင်စာ ပစ္စည်းများကို အဆင့်ဆင့်ဖြတ်တောက်ရယူခြင်း၊ အမျိုးအစားညံ့ ပစ္စည်းများဖြင့် လဲလှယ်ခြင်း၊ ခိုးယူခြင်းတို့ကို ထောင်ဝန်ထမ်းတို့က ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လေ့ရှိသည်ဟု အထက်ပါ အမျိုးသားက ပြောသည်။

အထူးသဖြင့် နယ်ဝေးထောင်များသို့ တမင်ရွှေ့ပြောင်းခံထားရပြီး မိသားစုနှင့်ဝေးကွာနေသည့် အကျဉ်းသားဆိုလျှင် ဝန်ထမ်းများ၏ခေါင်းပုံဖြတ်မှုကို ပိုမိုခံရသည်ဆိုသည်။ 

“အဓိကကတော့ ထောင်ကျပြီဆိုတာနဲ့ အကျဉ်းသားမိသားစုတွေက ပိုက်ဆံမတတ်နိုင်ရင် အဆင်မပြေပါဘူး။ ဘယ်လိုနည်းနဲ့မှကို အဆင်မပြေပါဘူး၊ ဒီကောင်တွေက ငွေကြေးပါပဲ၊ ငွေကြေးနဲ့ပဲ အလုပ်လုပ်ပါတယ်”ဟု သူက ဆက်ပြောသည်။

မန္တလေးတွင်နေထိုင်သည့် ရှေ့နေတစ်ဦးက ထောင်ဝင်စာပါဆယ်ပစ္စည်းများကို ကန့်သတ်ခြင်းသည် အကျဉ်းသားတစ်ယောက်၏ အသက်ရှင်သန်ခွင့်၊ လူသားဆန်စွာ ဆက်ဆံခံရခွင့်အပါအဝင် အခြေခံလူ့အခွင့်အရေးများကို တိုက်ရိုက်ထိခိုက်စေကြောင်း Myanmar Now ကို ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် ၁၈၉၄ ခုနှစ်၊ အကျဉ်းထောင်များအက်ဥပဒေနှင့် ၎င်းအောက်ရှိ အကျဉ်းထောင်လက်စွဲ နည်းဥပဒေများအရဆိုလျှင် အကျဉ်းသားများကို ပြင်ပရှိ မိသားစုဝင်များက အသုံးအဆောင်ပစ္စည်းနှင့် ဆေးဝါးများပေးပို့ခွင့် တရားဝင်ခွင့်ပြုရမည်ဟု သူက ထောက်ပြသည်။

ပစ္စည်းသွင်းခြင်း၊ ထောင်ဝင်စာတွေ့ခြင်းကို အလွန်အကျွံ ကန့်သတ်ပိတ်ပင်ခြင်းကြောင့် လာဘ်ပေးလာဘ်ယူမှုများ ပေါ်ပေါက်လာစေသည်။ 

ထောင်ဝင်စာတွေ့လျှင် ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံစာ ပြသရမည့် ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ပြီး ဖြစ်သည်။ သို့သော်လည်း  ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ အိမ်ထောင်စု ဇယားမူရင်း ပြသနေရဆဲ ဖြစ်သည်။ ထောက်ခံစာများ ရရှိရန်လည်း ငွေအကုန်အကျ ရှိတတ်သည်။ စာရွက်စာတမ်းမပြည့်စုံသည့် မိသားစုဝင်များ၊ မိတ်ဆွေများက  ထောင်ဝင်စာ တွေ့ခွင့်ရရန် ငွေလမ်းခင်းကြရသည်။

 စာရွက်စာတမ်းပြည့်စုံသူအချို့ကလည်း တွေ့ခွင့်ရရန် တနေကုန် တန်းစီရခြင်းကြောင့် ငွေပေးပြီး ဖြေရှင်းကြသည်ဟု သိရသည်။ 

ထို့ကြောင့် အိုးဘိုထောင်၌ ထောင်ဝင်စာတွေ့ခွင့် တစ်ကြိမ်အတွက် ကျပ်ငါးသောင်း လာဘ်ထိုးရသည်၊  နေ့စဉ်ရာနှင့်ချီသည့် ထောင်ဝင်စာတွေ့သူထဲမှ အများအပြား ထိုသို့ပေးကြသည်ဟု ထောင်တွင်းသတင်းရင်းမြစ်များက ပြောသည်။

ရောဂါဝေဒနာပြင်းထန်သည့်အကျဉ်းသား ဆေးခန်းပြခွင့်ရရန်၊ အပြင်ဆေးရုံသို့ လွှဲပြောင်းကုသခွင့်ရရန် ထောင်ပိုင်နှင့် ဆရာဝန်များကို သိန်းချီ လာဘ်ထိုးရသည်ဟု စုံစမ်းသိရှိရသည်။ 

ထောင်တွင် ကျွေးမွေးသည့် အစားအစာများ မသန့်ရှင်းမှု၊ အာဟာရမပြည့်မီမှု၊ အခြောက်အခြမ်းများသာ စားသုံးနေရမှုကြောင့် အကျဉ်းသားများ ကျန်းမာရေးချို့တဲ့ကြသည်၊  အရေပြားရောဂါ ရကြသည်ဟုလည်း အကျဉ်းသားဟောင်းများက ဆိုသည်။ 

အဆိုးရွားဆုံးအချက်မှာ အကျဉ်းသားများ၊ အထူးသဖြင့်နိုင်ငံရေး အကျဉ်းသားများကို အခြားထောင်များသို့ ပြောင်းရွှေ့ချိန်၌ အကြောင်းပြချက်မရှိဘဲ ပြင်းထန်စွာ ရိုက်နှက်နှိပ်စက်ခြင်းဖြစ်သည်။ အချက် ၅၀ မှ ၁၀၀ အထိ ပြင်းထန်စွာ ရိုက်နှက်လေ့ရှိသည်ဟုလည်း အကျဉ်းသားဟောင်းများက ဆိုသည်။

ယင်းသို့နှိပ်စက်မှုများကြောင့် ထောင်ပြောင်းခံရသည့်အခါ လမ်းခရီးတွင်ဖြစ်စေ၊ ထောင်အသစ်သို့ ရောက်သွားချိန်တွင်ဖြစ်စေ သေဆုံးသွားသည့် အကျဉ်းသား အများအပြားရှိနေသည်ဟု အကျဉ်းသားဟောင်းများက ဆိုကြသည်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ၂၀၂၁ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ခုနှစ် မေလ အတွင်း လုံလောက်သော ဆေးကုသခွင့်မရရှိဘဲ သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၄၈ ဦး ရှိကြောင်း အတည်ပြုနိုင်သည်။ သေဆုံးသူ အရေအတွက် ထိုထက်မက ပိုမိုများပြားနိုင်သည်ဟု ဇူလိုင် ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

သေဆုံးမှုများထဲမှ ၁၂ ဒသမ ၈ ရာခိုင်နှုန်းမှာ အိုးဘိုအကျဉ်းထောင်တွင် ဖြစ်ပွားခဲ့သည်၊ နိုင်ငံအနှံ့ သေဆုံးမှုများအနက် ၆၄ မှုမှာ နှလုံးရောဂါ၊ အသည်းပျက်စီးခြင်း၊ သွေးတိုး၊ ဆီးချိုနှင့် ကင်ဆာ၊ နာတာရှည်ရောဂါများကြောင့် ဖြစ်သည်၊ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုကို ဦးစားပေးခြင်းမရှိဟု ဖော်ပြထားသည်။

ထောင်အခြေအနေနှင့် ပတ်သက်၍ စစ်အစိုးရက သတင်းထုတ်ပြန်မှု မရှိသလောက် နည်းပါးသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက် သတင်းထုတ်ပြန်မှု တစ်ခုတွင် အိုးဘိုထောင်မှ  ၁၀၅၁ ဦး ခြွင်းချက်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ထိုသူများကို ကျန်းမာရေး စစ်ဆေးပေးခဲ့သည်ဟု ဖော်ပြထားသည်။

ဤအတောအတွင်း အိုးဘိုထောင်တွင်  အစားအစာနှင့် လူသုံးကုန်ပစ္စည်းအချို့ကို အကျဉ်းသားတို့၏ ကျန်းမာရေး အကြောင်းပြ၍ သွင်းခွင့် ကန့်သတ်ထားဆဲဖြစ်သည်။

သို့သော်လည်း ထောင်အရာရှိများ၊ ဝန်ထမ်းများက ကန့်သတ်ကုန်များ ထောင်ထဲသွင်းကာ ရောင်းချနေသဖြင့် စျေးကြီးပေးပြီး ဝယ်သုံးနေရသည်ဟု အိုးဘိုထောင်အကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

“(အစားအစာ) အခြောက်ပဲ သွင်းရမယ်၊ ရာသီဥတုကြောင့် ဟိုအသီးအရွက် မရဘူး၊ ဒီအသီးအရွက်မရဘူး၊ အကြောင်းပြချက်က မျိုးစုံပဲ။ ဒါပေမဲ့ ဝန်ထမ်းတွေကျတော့ အထဲကို သွင်းလာကြတယ်။ ကြက်သားချက်လေး တစ်တုံးငါးထောင်၊ တစ်သောင်း ယူတယ်။ အပြင်မှာကန့်သတ်တဲ့ဟာ သူတို့က အကုန်ပြန်ရောင်းစားတယ်” ဟု သူက ပြောသည်။

“အပြင်မှာ တစ်ထောင်တန် ယားနာပျောက်ဆေးတစ်ဘူးကို တစ်သောင်းကျော်ပေးပြီး ဝယ်နေရတယ်။ တစ်ခုချင်းစီမှာကို ကိုးထောင်က သူတို့မှာ မြတ်သွားပြီ။ မတန်တဆ လုပ်စားခွင်တွေပေါ့ဗျာ” ဟု သူက ပြောလိုက်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button