အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

ရခိုင်ဒေသ ပြန်လည်သိမ်းပိုက်ရေး စစ်တပ်၏ ထိုးစစ်ကို AA တုံ့ပြန်တိုက်ခိုက်နေ

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှ စတင်သော AA ထိုးစစ်သည် သုံးနှစ်နီးပါးရှိလာပြီး တော်လှန်ရေး အစိုးရတရပ် ဖွဲ့စည်း၍ အုပ်ချုပ်ရေးလည်ပတ်နေချိန်ဖြစ်သည်။ တစ်ဖက်တွင်လည်း အင်အားအလုံးအရင်းဖြင့် ဖော်ဆောင်လာသော စစ်တပ်၏ ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးများကို တုံ့ပြန်တိုက်ခိုက်နေသည်။

ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် (AA) သိမ်းပိုက်ဒေသများကို ပြန်လည်ရရှိရေးအတွက်  စစ်တပ်က စက်တင်ဘာလဆန်းမှစတင်၍ ကြည်း၊ ရေ၊ လေ တန်ပြန်ထိုးစစ်ဆင်နေသဖြင့်  သုံးမြို့နယ်ထက်မနည်းတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။    

စစ်တပ်သည် ၎င်းတို့အထိနာခဲ့ရသည့် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” ကဲ့သို့ ရခိုင် တန်ပြန်ထိုးစစ် စတင်သည့် ရက်၊ လနှင့် ခုနှစ်တို့ကို အစွဲပြု၍ “၄၉၂၆ စစ်ဆင်ရေး”ဟု တုပ အမည်ပေးခဲ့သည်။ 

စစ်တပ်၏ ဒရုန်းထိုးစစ်

စက်တင်ဘာလ ၄ ရက်တွင် စစ်တွေမြို့၏အရှေ့မြောက်ဘက် ပုဏ္ဏားကျွန်းမြို့နယ်နှင့် ထိစပ်နယ်မြေကို ဒရုန်း အများအပြားအသုံးပြု၍ စစ်တပ်က စတင်ထိုးစစ်ဆင်ခဲ့သည်။ ငါးမွေးမြူရေးကန်အများအပြားရှိသော ပုဏ္ဏားကျွန်းနှင့် စစ်တွေနယ်စပ် အမြင့်ကျွန်းတံတားအနီး တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်က အဆင်မြင့်ဒရုန်းများ သုံးစွဲခဲ့သည်ကို တွေ့ရသည်။ မင်းချောင်းတံတားအနီး (ဒေသအခေါ် အမြင့်ကျွန်းတံတား) တိုက်ပွဲများ၌ AA တပ်ဖွဲ့ဝင်များကို ဒရုန်းထိခိုက်သည့် ရုပ်သံဖိုင်များ တယ်လီဂရမ်တွင် ဖြန့်ချိဖော်ပြ၍ စစ်တပ်ထောက်တိုင်များက ဝါဒဖြန့်ခဲ့ကြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

AA ဘက်ကလည်း စစ်တပ်ထိုးစစ်ကိုတန်ပြန်သည့်အနေဖြင့် စက်တင်ဘာလ တတိယပတ်မှစတင်၍ စစ်တွေနယ်ကို ပြန်လည်ထိုးဖောက်ခဲ့ရာ အဆိုပါမြို့နယ်နှစ်ခုအတွင်း  နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။

ပုဏ္ဏားကျွန်းဝင်ပေါက် မင်းချောင်းတံတားဘက်မှ ဝင်လာသော စစ်တပ်ထိုးစစ်ကို ဟန့်တားနိုင်ခဲ့ကြောင်း AA က ဆိုခဲ့ပြီး အမှတ်(၁၀၁)ခြေမြန်တပ်မမှ စစ်သုံ့ပန်းလေးဦး ဖမ်းဆီးရမိသည့်အပြင် အလောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း စက်တင်ဘာလ ၂၀ ရက်တွင် ဓာတ်ပုံများ၊ ရုပ်သံဖိုင်များဖြင့် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ၎င်းတို့ထိန်းချုပ် ပုဏ္ဏားကျွန်းနယ်အတွင်း ကုလားတန်မြစ်အနောက်ဘက် မြစ်ကမ်းဘေးမှ ရဲရုပ်ပြင်၊ အောင်မြေကုန်း၊ ခမောင်းတောစသည့်ကျေးရွာတို့ကို စက်တင်ဘာလ တတိယပတ်၌ AA က သိမ်းလိုက်သည်။ 

ထို့နောက် စစ်တွေမြို့ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ ဒကစ)၏ မြောက်ဘက် နှစ်မိုင်ခွဲခန့်အကွာ ကျားမသောက်ရွာနှင့် ထိုအနီးမှ ဂန့်ဂေါ်ကျွန်း၊ တောကန်ရွာများအနီးအထိ AA က ရောက်ရှိလာသည်။ 
ကျားမသောက်ရွာတွင် စစ်တပ်၏အမှတ် (၉၀၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း(စအရ ၉၀၈) တည်ရှိသည်။ 

အဆိုပါတိုက်ပွဲဖြစ်သော ကျေးရွာနေရာများအနီး စစ်တွေနယ်ထဲမှ ဝါဘို၊ မီးလောင်၊ မြစ်နားစသည့် ကျေးရွာတို့ကို AA က ယခင်ကတည်းက ခြေကုပ်ရယူထိန်းချုပ်ထားသည်။ အထက်ပါကျေးရွာတို့၏ အရှေ့တောင်ဘက် ရွှေမင်းဂံရေတပ်စခန်းအနီးတွင်လည်း AA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်တွင်မူ မေယုမြစ်အရှေ့ဘက်ကမ်း စစ်တွေမြို့အနောက်မြောက်ဘက် ကိုးမိုင်ခန့်အကွာတွင်ရှိသော ရေချမ်းပြင်ကျေးရွာအနီး၌ တိုက်ပွဲဖြစ်လာပြီး ပြင်းထန်နေသောကြောင့် စစ်တပ်အခြေပြုသည့် ပြည်နယ်မြို့တော် စစ်တွေမြို့ဘက်မှပင် ပစ်ခတ်သံများကြားရကြောင်း မြို့ခံများက ဆိုသည်။

ရေချမ်းပြင်ရွာ၏ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင် တိုက်ပွဲများပြင်းထန်နေသည့် မင်းချောင်းတံတား (အမြင့်ကျွန်းတံတား)တည်ရှိသည်။

စစ်တွေ- ပုဏ္ဏားကျွန်းမြို့အစပ်၌ ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း သေဆုံးနေသည့် စစ်သားတစ်ဦး၏ ရုပ်အလောင်းပုံကို စက်တင်ဘာလ ၂၀ ရက်က ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ- AA)

စစ်တွေမြို့ခံ ဘုန်းကြီးတစ်ပါးက လက်နက်ပစ်ခတ်သံများ ယခင်ကထက် ဆူညံနေသည်မှာ သီတင်းနှစ်ပတ်ခန့်ရှိပြီ ဖြစ်ကြောင်း အောက်တိုဘာလ ၁၉ ရက်တွင် မိန့်သည်။ 

“ပစ်တော့ ပစ်နေကြတာပဲ ။ လက်နက်ကြီးအသံတွေရော၊ လက်နက်ငယ်အသံတွေရော အသံတွေ သိပ် ကြားနေရတယ်။ မြို့ပြင်ကို မထွက်ရတော့ မသိဘူး။ မြို့ထဲမှာတော့ ဘာမှဖြစ်တာမရှိဘူး။  တနေကုန် ပစ်နေတာပဲ။ အဲဒီလိုဖြစ်နေတာ တစ်ပတ်ကျော်နှစ်ပတ်လောက်ရှိပြီ။ မြို့ရဲ့ အနောက်ဘက် ရဲတပ်ရင်း (၁၂) ဘက်ကနေ ကြားရတဲ့ အသံတွေပေါ့။ မြို့ရဲ့အရှေ့ဘက်မှာ ကုလားတန်မြစ်ဆိုတာ ရှိတယ်။ အဲဒီမှာ ရေတပ်က နေဗီ သင်္ဘောတွေရှိတယ်။ အဲဒီ ရေတပ်ကနေ ပစ်တာတွေ ကြားတယ်”ဟု ဆိုသည်။

စစ်တွေမြို့သည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ)၊ အမြင့်ကျွန်း၊ ရေချမ်းပြင်နှင့် ပါဒလိပ်ကျေးရွာ အခြေစိုက်တပ်စခန်းများ၊ အမှတ် (၁၂) ရဲတပ်ရင်း၊ ရွှေမင်းဂံရေတပ်စခန်း၊ စအရ ၉၀၈ တပ်အပြင် အသစ်တိုးချဲ့ထားသော ဗျိုင်းဖြူရွာ၊ အမြင့်ကျွန်းရွာ ကာကင်းစခန်းများ အခြေစိုက်ထားသည့် စစ်တပ် ရုံးစိုက်ရာမြို့လည်းဖြစ်သည်။ 

စစ်တွေမြို့အခြေအနေနှင့်ပတ်သက်၍ AA နှင့် အတိုက်အခံဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက စစ်တွေတွင် လူအများအပြား တိမ်းရှောင်သွားခဲ့ကြသော်လည်း လက်ရှိတွင် မြို့ခံအများအပြား ပြန်ရောက်နေကြောင်း အောက်တိုဘာလ ၂၃ ရက်က ဆိုသည်။ 

“(စစ်တွေ) မြို့ခံတွေကတော့ စိုးရိမ်တာတော့ ရှိပါတယ်။ ဒါပေမဲ့ အများအားဖြင့် နားလည်ကြတာကတော့ စစ်တွေကို လွယ်လွယ်ကူကူ တက်လို့ရတယ်ဆိုတာကတော့ မလွယ်ပါဘူး။ အဝေးက လှမ်းပစ်တာတို့ဘာတို့တော့ ဖြစ်တတ်ပါတယ်။ အဲဒီလိုပဲ နားလည်ထားတာ ရှိပါတယ်” ဟု ၎င်းက ပြောသည်။ 

“၂၀၂၃ နဲ့ ၂၀၂၄ ကြားမှာ အရမ်းကို ထွက်ပြေးသွားကြတယ် အိုးပစ်အိမ်ပစ်ပေါ့ ။ ခါးဝတ် တစ်ထည်နဲ့ ထွက်ပြေးသွားကြတဲ့လူတွေလည်း ရှိတယ်။ စစ်တွေကလူတွေ အရမ်းကြီး ကြောက်လန့်ကြ ပြီးတော့ အဲဒီလိုမျိုး ထွက်သွားကြတာတွေ ရှိပါတယ်။ ထွက်ခွာကြပါဆိုပြီး အဲဒီအချိန်က (AA က) ရာဇသံပေးထားတာ ရှိခဲ့တယ်။  ၂၀၂၃ နဲ့ ၂၀၂၄ ကြားမှာ (မြို့ခံတွေ) အသုတ်လိုက် အသုတ်လိုက် ထွက်ပြေးကြတယ်။ တချို့လူတွေဆို နေ့ရောညရော ထွက်ပြေးကြတာလည်းရှိပါတယ်” ဟု စစ်ရေး ပြင်းထန်ခဲ့စဉ်က စစ်တွေမြို့အခြေအနေကို ဒေါ်စောမြရာဇာလင်းက ပြောသည်။  

လက်ရှိတွင် စစ်တွေမြို့အတွင်း ပြန်လည်နေထိုင်သူများ ရောက်ရှိနေကြောင်း၊ ယခင်ကထက် စည်စည်ကားကား ရှိနေကြောင်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်စိုးကလည်း “ပြည်သူတွေက အရင်ထက်စာရင် ပိုတောင်များလာပါတယ်။ စစ်တွေက အရင်ကထက်စာရင် ပိုတိုးတက်မှု ရှိလာပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ကလည်း လျှပ်စစ်မီးပေးတာတွေလည်း ရှိပါတယ်” ဟု ပြောသည်။ 

အထက်ပါ စစ်တွေ၊ ပုဏ္ဏားကျွန်း တိုက်ပွဲများသည် စက်တင်ဘာလမှစတင်၍ ယနေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ် အခြေပြုရာ ပြည်နယ်မြို့တော်ဧရိယာအတွင်း ကူးစက်လာသည်။ 

မကြာသေးခင် အောက်တိုဘာလ ၂၃ ရက် နံနက် ၈ နာရီဝန်းကျင်က စစ်တွေမြို့လယ် မင်းဘာကြီးလမ်းရှိ ရွှေငါးမုန့်ဆိုင်အနီး၌ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ငါးဦးသေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိခဲ့သည်။

စစ်တွေမြို့အနီးတိုက်ပွဲများတွင် စစ်တပ်ဘက်မှ အကျအဆုံး များသောကြောင့် လက်စားချေသည့်အနေဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ထိုနေ့ညပိုင်းတွင် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။ စစ်တပ်ဘက်ကလည်း စစ်တွေမြို့၌ AA ၏ ပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိကြောင်း၊ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသပေးနေကြောင်း ထုတ်ပြန်ထားသည်။ 

စစ်တွေမြို့အနီးဝန်းကျင်၌ တိုက်ပွဲများ ဆက်ဖြစ်နေပြီး နှစ်ဖက်အကျအဆုံးများရှိနေကြောင်း AA ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က Myanmar Now ကို အောက်တိုဘာလ ၂၈ ရက်တွင် တုံ့ပြန်ဖြေကြားသည်။ 

“တိုက်ပွဲကတော့ ပြောမယ်ဆိုရင် စစ်တွေမြို့နဲ့ ဆက်စပ်တဲ့ ပတ်ဝန်းကျင်တခုလုံးလို့ ပြောလို့ရတယ်။ စစ်တွေ တဝိုက်မှာ ရွှေမင်းဂံချောင်း၀ကနေပြီးတေ့ ဟိုးဘက် မယူမြစ်ကို အထွက်(မယူမြစ်၀ထိ)၊ အဲဒီဘက်တွေမှာ တိုက်ပွဲတွေဟာ တောက်လျှောက်ဖြစ်နေတယ်။

“အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီဘက်ကတော့ သူတို့ဘက် အထိအခိုက် အကျအဆုံးတွေ များပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ထိခိုက်၊ ဒဏ်ရာရတဲ့လူတွေ၊ ကျဆုံးတဲ့လူတွေ ရှိပါတယ်။ ဒီဟာကတော့ စစ်ပွဲပြင်းထန်တာနဲ့အမျှ နှစ်ဖက်ထိခိုက်၊ ကျဆုံးမှုကတော့ ရှိပါတယ်။ သို့သော်လည်း အကြမ်းဖက် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကတော့ ပိုပြီးများပါတယ်။ စစ်ရေးနဲ့ကတော့ ဒီလောက်ပဲပြောလို့ရပါမယ်” ဟု ထိုအဖွဲ့က ပြောသည်။ 

စစ်တွေတိုက်ပွဲများနှင့် တပြိုင်နက်တည်းမှာပင် စစ်တပ်အခြေပြုရာ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းနှင့် စနဲမြို့အနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ကျောက်ဖြူနှင့် စစ်တွေမြို့အကြား ပင်လယ်ပြင်၌ လှည့်လည်သွားလာနေသော စစ်သင်္ဘောများက ဒေသခံငါးဖမ်းစက်လှေများကို ဖမ်းဆီးခြင်း၊ နှစ်မြှုပ်ခြင်း ပြုလုပ်နေသည်။ ယခုရက်ပိုင်းတွင်မူ ကျောက်ဖြူနယ်အတွင်း တိုက်ပွဲများ ဆက်ရှိသေးသော်လည်း အရှိန်လျော့သွားကြောင်း စုံစမ်းသိရသည်။ 

ငပြီကျွန်းသို့ ကမ်းတက်ရန် စစ်တပ်ကြိုးပမ်း

ပြီးခဲ့သည့် အောက်တိုဘာလ ၇ 
ရက်မှစတင်၍ စစ်တပ်သည် စစ်တွေမြို့အရှေ့ဘက် AA ထိန်းချုပ်သည့် ပေါက်တော (ဝီရဌာနီ) မြို့နယ်ရှိ ငပြီကျွန်းသို့ စစ်သင်္ဘောများဖြင့် ကမ်းတက်ရန်  စတင်ကြိုးပမ်းခဲ့သည်။

အလယ်ရွာ၊ ရွာမနှင့် သရက်တော ရွာသုံးရွာသာရှိသော ထိုကျွန်းကို စစ်သင်္ဘော လေးစီး၊ ငါးစီးခန့်နှင့် စစ်တွေမြို့အခြေစိုက်တပ်များက လက်နက်ကြီးများ ပစ်ခတ်ခဲ့ကာ ညနေတွင် လေယာဉ်များက ဗုံးများ အဆက်မပြတ် ကြဲချခဲ့သည်။ 

အောက်တိုဘာလ ၉ ရက်တွင်  စစ်တပ်က ကျွန်းပေါ်တက်နိုင်ခဲ့သည့်အပြင် ဒရုန်း၊ လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်၍ အောက်တိုဘာလ ၁၁ ရက်တွင် အလယ်ရွာကို သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲ
ဆက်လက်ပြင်းထန်နေသည်ဟု စစ်တပ်ဝါဒဖြန့်သူများက ဆိုသည်။ အောက်တိုဘာလ ၁၆ ရက်တွင်မူ မြောက်ဘက်အစွန်မှ သရက်တောရွာကို ထိုးစစ်ဆင်နေသည်ဟု ၎င်းတို့ကဖော်ပြနေကြသည်။

ထိုကျွန်းပေါ်တွင် AA ၏ လက်နက်ကြီး အထိုင်စခန်းများရှိပြီး တိုက်ပွဲများတွင် ၎င်းတို့ဘက်က အရေးသာကြောင်း AA နှင့် နီးစပ်သူများက ဆိုသည်။

စစ်တပ်အနေဖြင့် ငပြီကျွန်းပေါ် တက်ရောက်နိုင်သော်လည်း ပြန်ထွက်နိုင်ရန် ခက်ခဲလိမ့်မည်ဟု AA နှင့် နီးစပ်သူတစ်ဦးက  Myanmar Now ကို အောက်တိုဘာလ ၂၁ ရက်က ပြောထားသည်။

“စစ်အင်အားအသုံးပြုပြီး ကြည်း၊ ရေ၊ လေ သုံးပြီး လက်နက်ကြီးပစ်ပစ်၊ ဗုံးပဲချချလုပ်ပြီး ဝင်လာရင်တော့ ရချင်ရမယ်။ (ကျွန်းပေါ်က) ပြန်ထွက်လို့ရဖို့ကတော့ မသေချာဘူး “

တောင်ကုန်း၊ တောင်တန်းများမရှိဘဲ မြေပြန့်ဖြစ်နေသော ငပြီကျွန်းတွင် စစ်တွေမြို့ဘက်မှ လက်နက်ကြီး ပစ်ခတ်မှုများ အမြဲလိုလိုရှိနေသောကြောင့်  အထက်ပါရွာသုံးရွာမှ ဒေသခံများသည် ယခင်ကတည်းကပင် တိမ်းရှောင်သွားကြသဖြင့် လူနေထိုင်ခြင်းမရှိပေ။

အာရက္ခတပ်တော် ထိန်းချုပ်ထားဆဲဆိုသည့် ငပြီကျွန်း

၎င်းတို့ ထိန်းချုပ်ထားသည့် ငပြီကျွန်းကို စစ်တပ်က ခြေကုပ်ရယူရန် ကြိုးပမ်းခဲ့သော်လည်း AA က အခိုင်အမာ ဆက်လက်ထိန်းထားကြောင်း ဦးခိုင်သုခက အောက်တိုဘာလ ၂၈ ရက်တွင် ထုတ်ပြန်ပြောဆိုသည်။ 

အောက်တိုဘာလ ၂၇ ရက်တိုက်ခိုက်မှုတွင် စစ်သင်္ဘော သုံးစီးထိခိုက်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ထိုစစ်ဆင်ရေးကို အောင်မြင်အောင် လုပ်နိုင်ခဲ့သည့် တပ်ဖွဲ့ဝင်များကို ချီးကျူးကြောင်း AA ပြောခွင့်ရက ဆိုသည်။ 

“ စစ်တွေနှင့် ဝီရဌာနီ (ပေါက်တော) ကုလားတန်(မြစ်)ကြားက မြစ်ဝမှာတပ်စွဲထားတဲ့ အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ စစ်သင်္ဘောတွေကို လွန်ခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၂၇ ရက်) ညမှာ ရေကြောင်းစစ်ဆင်ရေးတစ်ခုနဲ့ အာရက္ခတပ်တော်က တိုက်ခိုက်ရှင်းလင်းခဲ့တာ ရှိပါတယ်။ အဲဒီ ဖြစ်စဉ်မှာ မြန်မာရေတပ် စစ်သင်္ဘော သုံးစီး ထိမှန်ပျက်စီးခဲ့တာရှိတယ်။ စစ်သင်္ဘော နှစ်စီးကတော့ လုံးဝ နစ်မြုပ်သွားတယ်။ ကျန်တဲ့တစ်စီးကတော့ ဆိုးဆိုးဝါးဝါး ထိမှန်ပျက်စီးခဲ့တာ ရှိပါတယ်” ဟု ၎င်းက ဆက်ပြောထားသည်။ 

AA ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း ငပြီကျွန်းတိုက်ပွဲတွင် စစ်သုံ့ပန်းများ ရရှိကြောင်း၊ နှစ်ဖက် အကျအဆုံးများရှိကြောင်း ဆိုသည်။ 

“ပထမအစပိုင်းမှာတောင်မှ ပထမဦးဆုံး ၇ ရက်နေ့ ကမ်းတက်ဖို့ကြိုးစားတဲ့နေ့မှာတောင်မှ သူတို့ ၅၀ လောက် ကျဆုံးသွားတာရှိတယ်။ အဲဒီနောက်ပိုင်းမှာလည်းပဲသူတို့ တချို့တွေ ကမ်းပေါ်ရောက်လာတဲ့ သူတွေလည်းပဲ ထိခိုက်၊ သေဆုံးတာ၊ ဖမ်းဆီးခံရတာတွေ အင်မတန်ရှိပါတယ်။ နောက်ပိုင်းလည်းပဲ သူတို့ဘက်က ဆက်တိုက် ကမ်းတက်ဖို့ကြိုးစားတဲ့ ဖြစ်စဉ်တွေမှာလည်းပဲ အထိအခိုက်၊ အကျအဆုံးတွေ အင်မတန်များပါတယ်” ဟု AA သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောသည်။ 

 ၂၀၁၇ ခုနှစ်က ရခိုင်မြောက်ပိုင်းတွင် တွေ့ရသော စစ်သားများ။ (ဓာတ်ပုံ- AFP)

စစ်တပ်၏ ပြန်လည်ထိုးစစ်

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှ စတင်သော AA ထိုးစစ်သည် အိန္ဒိယနိုင်ငံနှင့်နယ်စပ် ကုန်သွယ်ရေး ထွက်ပေါက်ဖြစ်သော ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ပထမဦးဆုံးသိမ်းယူမှုဖြင့် စတင်ခဲ့သည်။ 

ထို့နောက် ရခိုင်ပြည်နယ်အတွင်း ပေါက်တောမြို့နယ်မှ စတင်၍ စစ်တပ်၏ အခိုင်အမာ စခန်းကုန်းကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် နယ်စပ်ကာကွယ်ရေးစခန်းကြီးများကိုပါ  တိုက်ခိုက်၍ ရခိုင် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့ကို သိမ်းပိုက်ခဲ့သည်။

ထို့နောက် အာရက္ခတော်လှန်ရေးအစိုးရ ဖွဲ့စည်း၍ ကျန်းမာရေး၊ ပညာရေး၊ ဥပဒေပြုရေး အပါအဝင် အုပ်ချုပ်ရေးယန္တရားလည်ပတ်နေသည်။ ပေါက်တောမြို့ကို ဝီရဌာနီနှင့် မင်းပြားမြို့ကို အဥ္ဇနပူရဟု ယခုနှစ် ဇူလိုင်လ ၂၈ ရက်က အမည်ပြောင်းထားသည်။

AA ပါဝင်သည့် မြောက်ပိုင်းညီနောင် သုံးဖွဲ့၏ စစ်ဆင်ရေးများအတွင်း ရှမ်းမြောက်တစ်ခုလုံးနီးပါးနှင့် ရခိုင်တပြည်နယ်လုံးနီးပါးကို လက်လွှတ်ခဲ့ရသည့် စစ်တပ်သည် တရုတ်နိုင်ငံ၏ အကူအညီဖြင့် ရှမ်းမြောက်အရေး တည်ငြိမ်ရန်နှင့် နယ်မြေအချို့ ပြန်ရယူရန် ဦးစားပေးလုပ်ဆောင်ခဲ့သည်။

ယခုနှစ်အတွင်း မြောက်ပိုင်းညီနောင် နှစ်ဖွဲ့ဖြစ်သော တအာင်းတပ် (TNLA)နှင့် ကိုးကန့်တပ် (MNDAA) တို့ကို အပစ်အခတ်ရပ်စဲနိုင်ခဲ့ပြီးနောက် စစ်တပ်၏နောက်ထပ်ပစ်မှတ်သည် AA ဖြစ်လာခဲ့သည်။  အလားတူ AA ၏ မဟာမိတ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း ၁၀ မြို့နှင့်အထက် သိမ်းထားရာ စစ်တပ်၏  အဓိကပစ်မှတ်ထဲတွင် KIA နှင့် AA တို့ ပါဝင်လာသည်။ 

CDM စစ်သားများနှင့် စုဖွဲ့ထားသည့် မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (Myanmar Defense & Security Institute- MDSI) စစ်ရေးသုတေသနတာဝန်ခံ ကိုနောင်ရိုးက စစ်တပ်အနေဖြင့် ငပြီကျွန်း ထိုးစစ်ဆင်မှုမှာ ကနဦး ထိုးစစ်ဆင်မှုဖြစ်ပြီး လာမည့်ပွင့်လင်းရာသီတွင် ရခိုင်ဒေသတွင် စစ်မီး ပိုမိုတောက်လောင် လာနိုင်ဖွယ်ရှိကြောင်း ဆိုသည်။ 

“ ရခိုင်ပြည်မှာ ဒီနှစ်နှောင်းပိုင်းက စပြီးတော့ ကြီးမား ကျယ်ပြန့်တဲ့တိုက်ပွဲတွေ၊ နေရာစုံတိုက်ပွဲတွေ၊ အရှေ့ဘက်ပိုင်း ကုန်းတွင်းပိုင်း (မကွေး၊ ပဲခူး၊ ဧရာဝတီ) ကနေမှ တိုက်ပွဲဖော်ဆောင်မှုတွေရော ပင်လယ်ပြင်ဘက်ခြမ်း (ရခိုင်ဘက်မှာ)  ကြည်းကြောင်း၊ ရေကြောင်းနဲ့ ဖိအားပေးဖော်ဆောင်မှုတွေ ပိုပြီးတော့ များလာနိုင်တယ်။ အလားတူ တပြိုင်နက်တည်း လေကြောင်းဗုံးကြဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိလာနိုင်မယ်လို့ ယူဆတယ်။ ဒါကြောင့် လာမယ့် ပွင့်လင်းရာသီကစပြီးတော့ ရခိုင်ပြည်မှာ စစ်မီးတွေပိုပြီးကျယ်ပြန့် တောက်လောင်လာမယ့် အနေအထားလို့ ယူဆသုံးသပ်ပါတယ်”ဟု ၎င်းက ပြောသည်။ 

 AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က စစ်တွေ၊ ကျောက်ဖြူ စစ်မျက်နှာပြင်၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်စစ်မျက်နှာပြင်နှင့် ရခိုင်ကမ်းရိုးတန်းတွင် စစ်တပ်က လက်ရှိ အသုံးပြုနေသည့် စစ်အင်အားထက် နှစ်ဆ၊ သုံးဆ တိုးပြီး ကြည်း၊ ရေ၊ လေ ထိုးစစ်ကြီးကို တပြိုင်နက်တည်း လုပ်လာနေသောကြောင့် ယခုနှစ် ဆောင်းဦးကာလတွင် တိုက်ပွဲပိုမိုပြင်းထန်လာနိုင်ကြောင်း ယခုနှစ် စက်တင်ဘာလ ၂၇ ရက်က ထုတ်ဝေသည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ပါတီစာစောင် အတွဲ (၁)၊ အမှတ် (၁) တွင် သတိပေးထားသည်။

“ စစ်တပ်အနေနဲ့လည်း AA ကို ငြိမ်းချမ်းရေးလမ်းကြောင်းအပေါ် ဖိတ်ခေါ်မယ့်အလားအလာ အခြေအနေ မရှိဘူး။ ရခိုင်ပြည် လက်လွှတ်ရမယ့် အနေအထားကို စစ်တပ်အနေနဲ့ လုံးဝ လက်ခံလိုတဲ့၊ လက်ခံနိုင်တဲ့ အနေအထား ရှိမနေဘူး။ ဒါကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဆက်ရှိနေမယ်လို့ ပြောလို့ရတယ်” ဟု ကိုနောင်ရိုးက ဆိုသည်။

AA သည် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့နယ်တို့ကို ၂၀၂၇ ခုနှစ်မတိုင်ခင် တိုက်ခိုက်သိမ်းပိုက်ရန် ကြေညာထားကာ လက်ရှိတွင် စစ်အင်အားစုဆောင်းမှုများ ပြုလုပ်လျက်ရှိသည်။ 

စစ်တပ်အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ အရပ်သားများအပေါ်ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် ရှိနေပါက နိုင်ငံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ခက်ခဲမည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ယခုနှစ် မတ်လ၂ ရက်၌ ပြုလုပ်သော The Diplomat နှင့် သီးသန့်အင်တာဗျူးတစ်ခုတွင် ပြောကြားထားသည်။

စစ်တပ်ကလည်း ရခိုင်ဒေသအတွင်းထိုးဖောက်ရန် နယ်မြေထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်နယ် တောင်ပိုင်း အစပ်၊ မကွေးတိုင်း မင်းတုန်းမြို့နယ်နှင့် တောင်ကုတ်အစပ်၊ ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ်၊ ဧရာဝတီတိုင်းအစပ်တို့တွင် စစ်အင်အားများဖြည့်ကာ စစ်ကြောင်းထိုးနေသဖြင့် AA က ဟန့်တားတိုက်ခိုက်နေရာ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်။ 

အမ်း- ပဒါန်းလမ်းပေါ်ရှိ မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်ဗျူဟာကုန်းတွင် တိုက်ပွဲများပြင်းထန်နေပြီး ခဲယမ်းနှင့်ရိက္ခာလာချသော စစ်တပ်ပါရာမော်တာတစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း AA က အောက်တိုဘာလ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။

ယခုနှစ် ဩဂုတ်လက ရခိုင်ပြည်နယ် မောင်တောမြို့တွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- Arakan Princess Media)

ဒရုန်းနှင့် လေယာဉ်ကို အားသာချက်အဖြစ် အသုံးပြု

စစ်တပ်သည် ရခိုင်ကို တန်ပြန်ထိုးစစ်ဆင်ရာတွင် ကြည်းတပ်နှင့် ရေတပ်သာမက ဒရုန်းနှင့် လေယာဉ်ကို  အများအပြား အသုံးပြုခဲ့သည်။ ဒရုန်းနည်ပညာသည် စစ်ပွဲကိုအဆုံးအဖြတ်ပြုနိုင်ကြောင်း လုံလောက်သည့် သင်ခန်းစာကိုလည်း စစ်တပ်က ယူနိုင်ခဲ့သည်။ 

“၁၀၂၇ စစ်ဆင်ရေး” အပြီး လက်လွှတ်လိုက်ရသော နယ်မြေများကို စစ်တပ်က တန်ပြန်ထိုးစစ် ဖော်ဆောင်ခဲ့ရာတွင် ၎င်းတို့ အထိနာခဲ့သည့် ဒရုန်းနည်းပညာကို အဆင့်မြှင့်တင်၍ ၂၀၂၅ ခုနှစ် မန္တလေးတိုင်း ထိုးစစ်နှင့် ဗန်းမော်မြို့တိုက်ပွဲတို့တွင် အသုံးပြုခဲ့သည်။ 

မန္တလေးတိုင်းတွင် မြေပြင်ထိုးစစ်မဝင်မီ အဆင့်မြင့်ဒရုန်းအများအပြား အသုံးပြု၍ ထိုးဖောက်ခဲ့သလို ဗန်းမော်မြို့တွင်လည်း ညကြည့်ဒရုန်းများပါ အသုံးပြုတိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။ ရခိုင်ဒေသ ထိုးစစ်တွင်လည်း ဒရုန်းအများအပြား သုံးစွဲခဲ့သည်ကို တွေ့ရသည်။ 

စစ်တပ်က ဒရုန်းစွမ်းဆောင်ရည်နှင့် ဒရုန်းနည်းပညာ၊ ဒရုန်းလက်နက်များ တိုးတက်ကောင်းမွန်လာပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ ဒရုန်းတိုက်ခိုက်မှုများကို ကာကွယ်နိုင်မည့်  Anti Drone System များကိုလည်း နည်းပညာမြှင့်လုပ်ဆောင်လာကြောင်း MDSI မှ ကိုနောင်ရိုးက ဆိုသည်။ 

“ဒရုန်းနည်းပညာအပြင် သူ့မှာရှိပြီးသား လက်နက်ကြီးတွေရဲ့ပစ်ခတ်မှု တိကျမှု၊ Accuracy Fire Power Effective တွေကို ဒရုန်းနည်းပညာက အများကြီး အထောက်အကူပြုပေးနေတာကို တွေ့ရတယ်။ ဒါဟာ တန်ပြန်ထိုးစစ်မှာ အင်မတန်မှ ထိရောက်တယ်။ ဒါကြောင့်လည်း စစ်တပ်က အတိုင်းအတာတစ်ခုအထိ အားကောင်းပြောင်းလဲလာတာဟာ ဒရုန်းနည်းပညာနဲ့ ဒရုန်းလက်နက်စနစ်က အဓိကကျတဲ့ အချက်တစ်ချက်လို့ ပြောလို့ရနိုင်ပါတယ်” 

စစ်တပ်ဝါဒဖြန့်သူများ၏ ဖော်ပြမှုများအရ ကျောက်ဖြူနှင့် စစ်တွေတိုက်ပွဲများတွင် စစ်တပ်ဘက်က ညကြည့်ဒရုန်းများပါ အသုံးပြုတိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။ 

အောက်တိုဘာလ ၂၀ ရက်က ငပြီကျွန်း(ရွာမ)အနီးရှိ AA တပ်ဖွဲ့ဝင်များအား DW-06 Kamikaze Drone၊ FPV Suicide Drone၊ X-1700 Drone များနှင့် အမြောက်များ ပစ်ခတ်နေကြောင်း စစ်တပ်ဝါဒဖြန့်သူများက ဖော်ပြထားစဉ်။  (Google Map အရ ထိုနေရာမှာ ဟုတ်မှန်ကြောင်းတွေ့ရသည်) 
ညကြည့်ဒရုန်းအသုံးပြုတိုက်ခိုက်မှုတစ်ခုကို စစ်တပ်ဝါဒဖြန့်သူများက အောက်တိုဘာလ ၃၀ ရက်တွင် ဖော်ပြထားခဲ့ကြစဉ်။

ရခိုင်ဒေသခံများ ထိတ်လန့်

ရခိုင်ပြည်နယ်တွင် စစ်တပ်က ထိုးစစ်များပြုလုပ်လာပြီးနောက် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဘက် ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သောကြောင့် စက်တင်ဘာလနှင့် ယခုလအတွင်း ဆယ်နှင့်ချီသော အရပ်သားထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

အောက်တိုဘာလ ၁၈  ရက်တွင် ရသေ့တောင်မြို့ပေါ်နှင့် အနီးဝန်းကျင်ကို ဗုံးကြဲခဲ့ပြီး ထိုရက်များ၌ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် မင်းပြားစသော မြို့နယ်ငါးမြို့နယ်တို့တွင် ကင်းထောက်လေယာဉ်များ ပျံဝဲခဲ့ကြသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်၍ ရခိုင်ပြည်နယ် စစ်တွေ၊ ပေါက်တောနှင့် ကျောက်ဖြူနယ်တို့တွင် အပြင်းအထန်တိုက်ပွဲဖြစ်နေပြီး နှစ်ဖက်လုံးက အပြန်အလှန်ဝါဒဖြန့်ချိနေသဖြင့် မြေပြင်အခြေအနေ သိရှိနိုင်ရန် ခက်ခဲနေသည်။

စစ်ရေးအရှိန်မြှင့်နေသည်နှင့်အမျှ စစ်တပ်က ယခုလများအတွင်း လေကြောင်းတိုက်ခိုက်မှု ပိုမိုတိုးမြှင့် လုပ်လာသည်။ တိုက်ပွဲဖြစ်ပွားနေသည့် နေရာများသာမက တိုက်ပွဲမဖြစ်သည့်ဒေသများကိုလည်း လေယာဥ်အုပ်စုလိုက်သုံး၍ ဗုံးကြဲနေသောကြောင့် အရပ်သားအများအပြား သေဆုံး၊ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်နေသည်။ 

မည်သည့်အချိန် လေကြောင်းတိုက်ခိုက်လာမည်ကို မသိသောကြောင့် အမြဲလိုလို ထိတ်လန့်နေရပြီး ညပင်မအိပ်ရဲပေ။ ဒေသခံများသည် မြို့ပေါ်မှ စွန့်ခွာတိမ်းရှောင်နေထိုင်နေကြရပြီး ဗုံးခိုကျင်းများလည်း တူးထားရသည်ဟု ဆိုကြသည်။

လတ်တလောတွင် AA ၏ အစိုးရယန္တရားများလည်ပတ်နေသော်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပညာရေးကဲ့သို့ ဌာနဆိုင်ရာ လုပ်ငန်းများ ရပ်တန့်နေသည့်အပြင် စာသင်ကျောင်းများ ပိတ်ထားရပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးထိခိုက်နေရသည်။

ရခိုင်ပြည်နယ် ပေါက်တော(ဝီရဌာနီ) မြို့နယ်အတွင်း ခြေကုပ်ရယူနိုင်ရန် ကြိုးပမ်းနေသည့် အာဏာသိမ်း စစ်တပ်က အောက်တိုဘာလ ၂၀ ရက် ညပိုင်းက ဗုံးကြဲခဲ့စဉ် နှစ်ဦး သေဆုံး၊ ခြောက်ဦး ဒဏ်ရာရသည်။

Myanmar Now ၏ စာရင်းများအရ စက်တင်ဘာလ ၁ ရက်မှ နိုဝင်ဘာလ ၂ ရက်အထိ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော(ဝီရဌာနီ) ၊ ဂွ၊ သံတွဲ၊ တောင်ကုတ် ၊ မြောက်ဦး၊ ကျောက်ဖြူ စသည့် မြို့နယ်များတွင် လေကြောင်းတိုက်ခိုက်မှုကြောင့်  ၉၉ ဦးသေဆုံးပြီး ၁၇၀ ဦး ဒဏ်ရာရသည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် စက်လှေဆိပ်တစ်ခုသည်  နှစ်ရက် ဗုံးကြဲခံရပြီး ကိုးဦးသေဆုံး၊ ငါးဦးဒဏ်ရာရခဲ့သည်။

MDSI အဖွဲ့၏ အချက်အလက်များအရ ယခုနှစ် စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၁၇၅ ခု၊ အကြိမ်ရေ ၆၅၀ ကြိမ် ရှိခဲ့ပြီး ဩဂုတ်လထက် သိသိသာသာ မြင့်တက်လာသည်ဟု အောက်တိုဘာလ ၁၄ ရက်က ထုတ်ပြန်ထားသည်။  စစ်တပ်၏  “စစ်ဆင်ရေး ပစ်မှတ်” နှင့် “အရပ်ဘက်နေရာ” ဦးတည်တိုက်ခိုက်မှုမှာ ဒေသအလိုက် ကွဲပြားနေပြီး ရခိုင်ဒေသတွင် အများဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။

စစ်ရေးသုတေသနအဖွဲ့ဖြစ်သော MDSI အဖွဲ့၏ အချက်အလက်များအရ ယခုနှစ် စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များ အခြေအနေ။

နိုဝင်ဘာလ ၁ ရက်အတွင်းမှာပင် ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူနှင့် ဝီရဌာနီ (ပေါက်တော) စသည့်မြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှုကြောင့် မွေးကင်းစကလေးငယ်အပါအဝင် ဒေသခံ ၁၂ ဦးသေဆုံး၊ ၃၂ ဦး ဒဏ်ရာ ရရှိသွားသည်။

ရခိုင်ပြည်နယ်အတွင်း အရပ်သားပစ်မှတ်များအား ဗုံးကြဲတိုက်ခိုက်နေမှုများကို ပြင်းထန်စွာရှုတ်ချကြောင်း၊ အငတ်ဘေးကြုံနေရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ်အကူအညီများ ပေးရန်နှင့် လေယာဉ်မပျံသန်းရဇုန် (No-Fly Zone) သတ်မှတ်ပေးရန် ရခိုင်အရပ်ဘက်အဖွဲ့ ၇၀ က အောက်တိုဘာလ ၃၀ ရက်တွင်  သဘောထား ထုတ်ပြန်ခဲ့သည်။

စစ်တပ်ဝါဒဖြန့်သူများကလည်း စစ်တွေမြို့ပေါ်နှင့် ကျားမသောက်ရွာဘက်မှာ အေးချမ်းနေကြောင်း စစ်တပ်က အင်အားချထားပုံများ၊ ဒေသခံများ သွားလာနေသော ရုပ်သံဖိုင်များ အောက်တိုဘာလ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သေးသည်။ AA ဘက်ကလည်း ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် စစ်တပ်၏ ပြည်သူ့စစ်မှုထမ်းများ လက်နက်ချလာကြောင်း ရုပ်သံဖိုင်များ ထုတ်ပြန်ထားပြီး တိုက်ပွဲအရှိန် လျော့ကျလာသည်ဟု သိရသည်။ 

တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ စတင်၍ တိုက်ပွဲများဖြစ်လာပြီး ဒေသခံများ စတင် တိမ်းရှောင်ခဲ့ကြရသည်။ စစ်တပ်က ကျောက်ဖြူမြို့ပေါ်ကိုသာ ထိန်းချုပ်နိုင်ပြီး စနဲမြို့အပါအဝင် ကျေးလက်ဒေသအများစုကို AA က ထိန်းချုပ်ထားသည်။ 

ရခိုင်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်၍ စစ်အစိုးရ၏ သတင်းပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဒေါ်ခိုင်ခိုင်စိုးကို ဆက်သွယ်သော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။ 

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကမူ နှစ်ဖက်လုံး၏ အပြန်အလှန် ပြောစကားများကို သတိရှိရှိ စောင့်ကြည့်နေပြီး တိုက်ပွဲများတွင် နှစ်ဖက်လုံး အထိအခိုက်များသည်ဟု သိရကြောင်း ပြောသည်။ 

“လူတွေက နှစ်ဖက်စကားက ရှိနေတယ်ဆိုတော့။ နှစ်ဖက် လော်ဘီတွေရဲ့စကားကို ကျွန်မတို့ကတော့ နားထောင်နေရတယ်။ နှစ်ဖက်လော်ဘီတွေရဲ့ ရေးတာကိုလည်း ကျွန်မတို့က ကြည့်တာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် စစ်တွေရဲ့ ဝန်းကျင် ပြောရမှာပေါ့ ပေါက်တောနား (ငပြီကျွန်း)မှာ ဖြစ်နေတာတော့ အမှန်ပါပဲ။ ပုဏ္ဏားကျွန်းဘက်မှာလည်း တိုက်ပွဲတွေတော့ ဖြစ်ခဲ့တယ်၊ ဖြစ်နေတယ်။ နောက်ပြီး ပေါက်တောမှာလည်း ဖြစ်နေတယ်။ စစ်ရေးအခြေအနေကတော့ရှိနေတယ်”ဟု ၎င်းက Myanmar Now ကို ပြောသည်။ 

လက်ရှိတွင် AA စိုးမိုးထိန်းချုပ်ဒေသများကို နေ့စဉ်နီးပါး စစ်လေယာဉ်များ ကင်းထောက်ပျံဝဲနေပြီး ညအချိန်ပါမချန် လေကြောင်းတိုက်ခိုက်မှုများလည်းရှိနေ၍ အရပ်သား ထိခိုက်သေဆုံးမှုများလည်း အများအပြား ရှိနေသည်။

ရခိုင် နယ်နိမိတ်ထိစပ်ဒေသ စစ်ရေးအခြေအနေပြ မြေပုံ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles