Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်းခေါင်းဆောင်သည် အားလုံးကိုထိန်းချုပ်နိုင်မည်ဟု စိတ်ကူးယဉ်နေဟု KNU ပြော

စစ်ကောင်စီခေါင်းဆောင်၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး KIOနှင့် KNPP တာဝန်ရှိသူများကလည်း တုံ့ပြန်ပြောကြားထားရာ လက်ရှိ မြန်မာနိုင်ငံအရေးကို တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တစ်ခုတည်းဖြင့် ဖြေရှင်းမရ၊ NUG၊ CRPH တို့ ပါဝင်ရမည် ဖြစ်ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူများက ပြောကြားသည်။

●အာဏာသိမ်းခြင်းကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ ပျက်သွားသည့်တိုင် အာဏာထိန်းသလိုလို၊ ရူးသလိုလို၊ ကြောင်သလိုလို လုပ်နေဟုဆို

၂၀၀၈ ဖွဲ့စည်းပုံကို ခေါင်းထဲပင်မထည့်တော့ဘဲ စစ်တပ်နိုင်ငံရေးက ထွက်ခြင်းက အဖြေဖြစ်သည်ဆိုသော ယူဆချက် ပိုအားကောင်းလာ

အာဏာခေါင်းဆောင်မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေသည့် အခြေအနေများကို လက်ခံနိုင်ပုံမပေါ်ဘဲ အားလုံးကို ထိန်းချုပ်နိုင်မည်ဟု စိတ်ကူးယဉ်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

စစ်ကောင်စီခေါင်းဆောင်က ၎င်းဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ KNU၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)၊ ကရင်နီတိုးတက်ရေးပါတီ(KNPP)တို့ မတက်ရောက်ခြင်းမှာပြည်ပ နိုင်ငံများကြောင့်ဟု ပြောဆိုချက်နှင့်ပတ်သက်ပြီး မေးမြန်းရာ ပဒိုစောတောနီးကတုံ့ပြန်ရာ၌ အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

KNU၊ KIOနှင့် KIA တို့က စစ်ကောင်စီခေါင်းဆောင်၏ ဆွေးနွေးပွဲသို့ မတက်ရောက်နိုင်သည့် အကြောင်းအရင်းကို ကြေညာချက်များ ထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီခေါင်းဆောင်က ပြည်ပနိုင်ငံများကြောင့် မတက်ရောက်ခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။ KNU အဖွဲ့ဆိုလျင် ၎င်းငြိမ်းချမ်းရေးဖိတ်ခေါ်သည့် ဧပြီ ၂၂ရက် နေ့ကတည်းက စစ်ကောင်စီခေါင်းဆောင်၏ ဖိတ်ခေါ်ချက်ကို လက်မခံကြောင်း တုံ့ပြန်ခဲ့သည်။ သို့ရာတွင် KNU သည် ဆွေးနွေးပွဲသို့တက်ရန် ဆန္ဒရှိခဲ့သည်ဟု စစ်ကောင်စီခေါင်းဆောင်က ပြောဆိုခဲ့သည်။

“မူလက တက်မယ်လို့ဆန္ဒရှိနေပြီးတော့မှ မတက်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ချခဲ့တာကတော့ KNU ဖြစ်ပါတယ်။ KNU ရယ် နောက်တစ်ခါ KIA ရယ် KNPPရယ် ကတော့ အဲဒီ နယ်မြေတွေမှာ ရှိတဲ့ တချို့သော သူတို့ဆီက အဖွဲ့အစည်းတွေက ကျွန်တော်တို့ဆီမှာ လက်ရှိ အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ PDF နောက်တစ်ခါ CRPH သူတို့နဲ့ ဆက်နွယ်နေတာတွေ ရှိနေတာကို တွေ့ပါတယ်။ နောက်တစ်ခါ ဒီအဖွဲ့တွေက ပြည်ပနိုင်ငံတွေရဲ့ ပတ်သက်မှုတွေနဲ့ ဆက်နွယ်နေတယ်လို့လည်း ကျွန်တော်တို့ သိထားရပါတယ်။ ဒါကြောင့် သူတို့က ကျွန်တော်တို့ရဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ မတက်ဘူးဆိုတဲ့အကြောင်းကို ထုတ်ပြန်ခဲ့တာတွေဖြစ်တယ်လို့ ကျွန်တော်တို့ တွေ့ရှိရပါတယ်” စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

စစ်ကောင်စီခေါင်းဆောင်၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး၏ ပြောဆိုချက် အပြည့်အစုံကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်။

“အဲဒါတော့မသိဘူးဗျ။ သူဖိတ်ခေါ်တဲ့ ဧပြီ ၂၂ရက်နေ့ကတည်းက နာရီပိုင်းအတွင်းမှာ ကျွန်တော် တုံ့ပြန်ထားတာပဲလေ။ ဘယ်လိုမှ သွားလို့မရဘူး သူ့အခြေအနေက။ သူက ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို လက်ခံကျင်းပနိုင်တဲ့အနေအထားတစ်ခု အနေနဲ့ သူကဘာမှ လုပ်ပိုင်ခွင့်မရှိဘူးလေ။ တရားမဝင် တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်သွားပြီ အာဏာသိမ်းတဲ့ကိစ္စကြောင့်။ အဲဒါကြောင့် မို့လို့ သူပြောတဲ့ဟာရှေ့နောက် မညီတဲ့ဟာတွေအများကြီးရှိတယ်လေ။ နောက်တစ်ခုက ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့ အဖွဲ့အစည်းထဲမှာကတော့ ဘယ်လိုမှ တသွေး တသံတမိန့်နဲ့ ခေါင်းဆောင်ပြောတဲ့ဟာ အကုန်ပြီး ရမယ်ဆိုတဲ့ အဲဒီအစဉ်အလာ ကျွန်တော်တို့မှာမရှိဘူးဗျ။ ကျွန်တော် မှာ လူတိုင်း လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့်ရှိတယ်။ သို့သော်ငြားလည်း စုပေါင်းခေါင်းဆောင်မှု အနေအထားအရ အားလုံး ရဲ့ သဘောတူညီချက်နဲ့ သဘောထား ဘယ်လောက်ပဲကွဲကွဲ နောက်ဆုံး အများသဘောတူညီချက်နဲ့ ကျွန်တော်တို့ လုပ်ဆောင်ရတာပဲလေ။ ဒါက ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ အစဉ်အလာတစ်ခုလို ဖြစ်နေပြီ။ ဒါက ဒီမိုကရေစီကို တကယ့်လက်တွေ့ ကျင့်သုံးနေတဲ့ အဖွဲ့အစည်းပါ။ အဲဒါကိုတော့ သူ (မင်းအောင်လှိုင်) နားလည်ပုံမပေါ်ပါဘူး။ ရှေ့နောက်မညီတဲ့ စကားတွေပြောပြောနေတယ်”ဟု​ပြောသည်။

ဆက်လက်၍လည်း ၎င်းက “ကျွန်တော်ပြောချင်တာက တခြားတော့မရှိပါဘူး။ သူပြောနေတာကို ထူးထူးခြားခြားတုံ့ပြန်စရာ အကြောင်းမရှိပါဘူး။ကျွန်တော်ပြောချင်တာ တစ်ခုပဲရှိပါတယ်။ စစ်အာဏာသိမ်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ တိုင်းပြည်ရဲ့အခြေအနေက သူကတော့ စိတ်ကူးယဉ်ပြီးတော့ ဒီဟာတွေ အားလုံး ထိန်းချုပ်နိုင်မယ်ဆိုပြီးတော့ လုပ်နေတာပေါ့လေ။ ဒါပေမဲ့ တကယ်တန်းကျတော့ အခြေအနေတွေက အားလုံးပြောင်းသွားပြီဆိုတာ သူလက်ခံနိုင်ပုံမပေါ်ဘူး။ ဘက်အသီးသီးကနေ ပြီးတော့ အဲဒါကို လုံး၀ လက်မခံတဲ့ ပုံစံသစ်တစ်မျိုးဖြစ်လာဖို့ အတွက်က လုံးပန်းနေကြတာ မရောက်သေးဘူး အဲဒီ ရည်မှန်းထားတဲ့ဟာကို မရောက်သေးဘူး။ ဒါပေမဲ့ဘက်အသီးသီးက နည်းလမ်းပေါင်းစုံနဲ့ လုပ်ကိုင်နေကြတယ်။ ဘာလို့လည်းဆို တော့ အရင် ပုံစံဟောင်းကြီးကို ဘယ်သူမှ လက်မခံနိုင်တော့တဲ့ဟာကို စစ်ကောင်စီက နေပြီးတော့ လက်ခံပုံမပေါ်ဘူးလေ။ နောက်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်က ကြိုးစားခဲ့တယ်။ တစ်ချိန်တုန်းက ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ပြိုင်ဘက်ပဲပြောပြော ဘယ်လိုပဲ ဖြစ်ဖြစ် တစ်နည်းနည်း တစ်လမ်းလမ်းနဲ့ လက်တွဲလို့ရတယ်ဆိုတဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် သံသယရှိတယ်ဆိုရင်တောင် ကျွန်တော်တို့ ကြိုးစားတယ် ယုံကြည်မှုကို တက်နိုင်သလောက် တည်ဆောက်တယ်ဗျ။ဒါပေမဲ့ လက်ရှိကာလ စစ်ကောင်စီရဲ့ အနေအထားက ဘယ်လိုမှ ယုံကြည်မှု တည်ဆောက်နိုင်စရာ အကြောင်းလည်းမရှိဘူး ဒါတွေက လွန်ကုန်ပြီ။ ဒီနေ့ဒီအချိန်အခါမှာ ဘယ်တော်လှန်ရေး အဖွဲ့အစည်းကမှ ဒီစစ်ကောင်စီကို ဘယ်လိုမှ ယုံကြည်စရာအကြောင်းမရှိတော့ဘူးလေ။ ဒါတွေက သူလက်ခံဖို့သင့်တယ်” ဟု KNU ​ပြော​ရေးဆိုခွင့်ရှိက​ပြောသည်။

“နောက်ပြီးတော့ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လိုလားချက်က အရင်အစိုးရတွေ စဉ်းစားခဲ့သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ တွဲချိတ်မယ်ဆိုတဲ့ အဲဒီစဉ်းစားချက် အဟောင်းက အလုပ်မဖြစ်တော့ဘူးဗျ။ ဘာဖြစ်လို့လည်းဆိုရင် ဒီနေ့ ဒီကာလမှာ ၂၀၀၈ ဆိုတာ ခေါင်းထဲကို ထည့်ကိုမထည့်တော့တာ။ဘာဖြစ်လို့လည်းဆိုတော့ သူအာဏာ ထသိမ်းလိုက်တော့ ၂၀၀၈ ကပျက်ပြီလေ။ ဒါပေမဲ့ သူက အာဏာထိန်းသလိုနဲ့ ဟိုလိုလို ဒီလိုလိုနဲ့ ရူးသလိုလို ကြောင်သလိုလိုနဲ့ အဲဒီလို လုပ်ပြီးတော့ ၂၀၀၈ က ရှိနေသေးသလို အဲဒီလို ဟန်ဆောင်နေတဲ့ ပုံစံကြီးက လုံး၀ အလုပ်မဖြစ်ဘူးလေ။ ဒါကြောင့်မိုလို့ အတိအလင်း ကျွန်တော်တို့ ပြောနေတဲ့ ကိစ္စက စစ်တပ်က နိုင်ငံရေးကနေ ထွက်ခြင်းကသာ အဖြေဖြစ်တယ်ဆိုတာ အဲဒီယူဆချက်က ကျွန်တော်တို့ဘက်မှာ ပိုပြီးတော့အားကောင်းမောင်းသန်နဲ့ရှင်သန်နေတယ်ဗျ။ အဲဒါကြောင့်မို့ ကျွန်တော်တို့ အဲဒါကိုပဲလုပ်နေတာဖြစ်ပါတယ်။ အဲဒါကြောင့် နောက်ဆုံး ကျွန်တော်ချုပ်ပြီးပြောရမယ်ဆိုရင်တော့ သူ အဲဒီလို စဉ်းစားချက်တွေက ဒီလိုစဉ်းစားချက်မျိုးက အထူးသဖြင့် ပုံမှန်စဉ်းစားချက် သမရိုးကျ ဟိုးအရင်တုန်းက စဉ်းစားချက် အဲဒီလို အခြေပြုတဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုက ဘာနဲ့တူလဲ ဆိုတော့ မြေသားမခိုင်မာတဲ့ ကွင်းပြင်ထဲမှာ ဝှီးချဲ မဏ္ဍပ်ထိုးပြီးတော့ အလှူဖိတ်ခေါ်သလိုမျိုး ဘာမှ ခိုင်မာမှုမရှိဘဲနဲ့ သို့သော်ငြားလည်း သူပေးလိုက်တဲ့ အဆီတစ်ထပ် အသားတစ်ထပ်က သဲတွေနဲ့ တရှပ်ရှပ် ဖြစ်နေတဲ့အခါကျတော့ ကြည့်ရတာ မဏ္ဍပ်ကြီးက ပြိုမယ့်အခြေအနေနဲ့ တော်တော်ကြီးကို ကြုံနေရတယ်ဆိုတာ အဲဒါကို ပြောချင်တယ်ဗျ”ဟု ပဒိုစောတောနီး က​ပြောသည်။

စစ်ကောင်စီခေါင်းဆောင်၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး KIOနှင့် KNPP တာဝန်ရှိသူများကလည်း တုံ့ပြန်ပြောကြားထားရာ လက်ရှိ မြန်မာနိုင်ငံအရေးကို တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တစ်ခုတည်းဖြင့် ဖြေရှင်းမရ၊ NUG၊ CRPH တို့ ပါဝင်ရမည် ဖြစ်ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူများက ပြောကြားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ယခု ပူးတွဲထုတ်ပြန်ချက်တွင် ပြည်ထောင်စု၏ ပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရေးသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အစဉ်တစိုက် တောင်းဆိုခဲ့သည့် တောင်းဆိုချက်ပင်ဖြစ်ကြောင်းသည်ဟု ဆိုသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဖိတ်ခေါ်မှု အပေါ် ကရင်အမျိုးသားအစည်း အရုံး(KNU)၏ သဘောထားရုပ်သံကို KNU ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ယမန်နေ့ညပိုင်းက ထုတ်ပြန်ခဲ့သည်ကို စာဖြင့် ပြန်လည်ဖော်ပြလိုက်ပါသည်။ KNU၏ သဘောထားကို အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီအနေနဲ့ အခုလိုအချိန်ကာလမျိုးမှာ တကယ်အကောင်းဘက်ကို လိုချင်တယ်ဆိုပါက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရမှာလို့ ပဒိုစောတောနီးက ပြောပါတယ်။

သတင်း

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကို ဖိတ်ခေါ်သော်လည်း စစ်ရေးလှုပ်ရှားမှုများ ထိုးစစ်များရှိနေကြောင်း KNUနှင့် KIAတို့က ဆိုသည်။