Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝမ်​ပေါင်ကုမ္ပဏီအ​ခြေစိုက်စစ်​ကောင်စီတပ်က စီမံကိန်းဝန်းကျင်မှပြည်သူ ၂၃ ဦးအားသတ်ဖြတ်ခဲ့

စီမံကိန်းဝန်းကျင် ပြည်သူများ၏ ဒုက္ခများကို လျစ်လျူရှုပြီး အကြမ်းဖက်စစ်ကောင်စီအား အထောက်အပံ့ပြုနေ၍ ပြည်သူများစိတ်မကောင်းဖြစ်ရကြောင်း၊ ဝမ်ပေါင်ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် စီမံကိန်းဝန်းကျင်ဒေသပြည်သူများ၏ ဒုက္ခများအား ထည့်သွင်းရေးသားထားခြင်းမရှိကြောင်း ဖော်ပြထားသည်။

လက်ပံ​တောင်း​တောင်​ကြေးနီစီမံကိန်းကိုအ​ပေါ်စီးမှ​တွေ့ရစဥ်
လက်ပံ​တောင်း​တောင်​ကြေးနီစီမံကိန်းကိုအ​ပေါ်စီးမှ​တွေ့ရစဥ်

●ဝမ်​ပေါင်ကုမ္ပဏီအ​နေဖြင့်၎င်းတို့အကျိုးစီးပွားမထိခိုက်လိုလျှင်စစ်တပ်ကို​ထောက်ပံ့မှုရပ်ရန် ​ဒေသခံများ​တောင်းဆို

မြန်မာဝမ်ပေါင်ကုမ္ပဏီအခြေစိုက် အကြမ်းဖက်စစ်တပ်က စီမံကိန်းဒေသဝန်းကျင်ရှိ ကျေးရွာနေပြည်သူပေါင်း ၂၃ ဦးအထိ သတ်ဖြတ်ထားပြီး မြန်မာဝမ်ပေါင်ကုမ္ပဏီအနေဖြင့် ၎င်းတို့ အကျိုးစီးပွားမထိခိုက်စေလိုလျှင် အကြမ်းဖက်စစ်ကောင်စီအား ထောက်ပံ့နေမှုများကို ဖြတ်တောက်ရန် ကြေးနီစီမံကိန်း ဒေသခံပြည်သူများက တောင်းဆိုသည်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ​ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေ၍ ဝမ်ပေါင်ကုမ္ပဏီက ၎င်းတို့အကျိူးစီးပွားထိခိုက်နေပြီး ပဋိပက္ခတွင် ပါဝင်ပတ်သက်လိုခြင်းမရှိဟု ထုတ်ပြန်ခဲ့သည်။

လက်ပန်းတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေးသပိတ်အင်အားစုကလည်းဒေသခံပြည်သူများ၏သဘောထားကို ယနေ့ဇွန်လ၃၀ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် လက်ပန်းတောင်းတောင် ကြေးနီသတ္တုတွင်းဧရိယာကို လက်နက်ကိုင်အဖွဲ့များက ရှော့တိုက်လက်နက်ကြီးများဖြင့် ဆက်တိုက်တိုက်ခိုက်ခြင်းခံခဲ့ရသည်ဟု ဖော်ပြထားကြောင်း၊ ထိုထုတ်ပြန်ချက်သည် ဒေသခံပြည်သူလူထု၏ သဘောထားများကို မျက်ကွယ်ပြု လျစ်လျူရှုထား၍ များစွာစိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထိုကြေညာချက်တွင် ကုမ္ပဏီ၏ ထိခိုက်နစ်နာမှုအပေါ် မကျေမနပ်ဖြစ်လာပြီး စီမံကိန်းပတ်ဝန်းကျင်ဒေသခံများ အကျိုးဖြစ်ထွန်းစေရေး၊ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ဟု သာယာနာပျော်ဖွယ်စကားလုံးများသာ သုံးနူန်းထားကာ အကြမ်းဖက်စစ်ကောင်စီအား အထောက်အပံ့ပေးနေသော အခြေပြုနေရာ ဖြစ်နေသည်မှာ ဒေသခံပြည်သူများအားလုံး သိရှိယုံကြည်ပြီးဖြစ်ကြောင်း၊ ယခင်လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စတင်စဥ်ကပင် ဒေသခံများနှင့် ပဋိပက္ခဖြစ်စဥ်များအပါအဝင် မိုးကြိုးပြင်ကျေးရွာသူ ဒေါ်ခင်ဝင်းအား ဦးခေါင်းကိုသေနတ်ဖြင့် ပစ်သတ်ခံခဲ့ရဖူးကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

စီမံကိန်းအနီးရှိ မိုးကြိုးပြင်ရွာကို ဇွန် ၂၁ ရက်တွင်စစ်တပ်ကမီးရှို့​နေစဥ်။
စီမံကိန်းအနီးရှိ မိုးကြိုးပြင်ရွာကို ဇွန် ၂၁ ရက်တွင်စစ်တပ်ကမီးရှို့​နေစဥ်။

အလားတူ ယခုကာလတွင်လည်း မိုးကြိုးပြင်မြောက်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး ဒေသခံကျေးရွာသားနှစ်ဦးကို ခြေ၊ လက်၊ လည်ပင်းများအား လှီးဖြတ်၍ သတ်ဖြတ်သွားကြောင်း၊ အောင်စည်ကျေးရွာနေ ပြည်သူတစ်ဦး၊ တုံရွာသစ်မှ ပြည်သူ၂ဦး၊ ဖောင်းကတာမြောက်ကျေးရွာမှ ပြည်သူ၃ဦးတို့လည်း သတ်ဖြတ်ခံခဲ့ရကြောင်း​ဖော်ပြထားသည်။

လွန်ခဲ့သော ခြောက်လကျော်ခန့်ကလည်း ဒုန်းတောကျေးရွာနေ ပြည်သူ ၁ဝ ဦးကိုလည်း အရှင်လက်လက်မီးရှို့သတ်ဖြတ်ခဲ့ပြီး စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးကြီးတစ်ဦးကိုပါ သတ်ဖြတ်သွားကြောင်း၊ ထို့အပြင်လွန်ခဲ့သော တစ်လကျော်ခန့်ကလည်း ရွာသာကျေးရွာသားနှစ်ဦး၊ ဂုဏ်တောကျေးရွာသားနှစ်ဦးတို့ကိုလည်း အကြမ်းဖက်စစ်တပ်က သတ်ဖြတ်သွားကြောင်း ၊ယနေ့အချိန်အထိ စီမံကိန်းဒေသဝန်းကျင်ရှိ ကျေးရွာနေပြည်သူပေါင်း ၂၃ ဦးအထိ သတ်ဖြတ်ခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်ပန်းတောင်းတောင်ဒေသဝန်းကျင် ကျေးရွာနေပြည်သူအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ တုံတောကျောင်းကျေးရွာနှင့် တုံရွာသစ်ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ ​မေလ ၂၆ရက်နေ့ကလည်း မြန်မာယန်စီကုမ္ပဏီအနီးရှိ ဝါးတန်းကျေးရွာနေအိမ်၈လုံးကိုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ စီမံကိန်းဝန်းကျင်ရှိ ကျေးရွာများအားလုံး ထွက်ပြေးတိမ်းရှောင်နေရကြောင်း အသိပေးထားသည်။

စီမံကိန်းဝန်းကျင် ပြည်သူများ၏ ဒုက္ခများကို လျစ်လျူရှုပြီး အကြမ်းဖက်စစ်ကောင်စီအား အထောက်အပံ့ပြုနေ၍ ပြည်သူများစိတ်မကောင်းဖြစ်ရကြောင်း၊ ဝမ်ပေါင်ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် စီမံကိန်းဝန်းကျင်ဒေသပြည်သူများ၏ ဒုက္ခများအား ထည့်သွင်းရေးသားထားခြင်းမရှိကြောင်း ဖော်ပြထားသည်။

တရုတ်လက်အောက်ခံ ကြေးနီစီမံကိန်းများအားလုံးသည် အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ထွ​က်သွားလာအခြေပြုနေထိုင်ခြင်း၊ အကူအညီအထောက်အပံ့များပေးအပ်နေခြင်းများမှာ ပါဝင်ပတ်သက်မှုမရှိဆိုသောထုတ်ပြန်ချက်နှင့်ကွဲလွဲနေကြောင်း၊စစ်ကောင်စီအား ပူးပေါင်းထောက်ပံ့နေသည့် တရုတ်ရင်းနှီးမှုလုပ်ငန်းနှင့်တရုတ်အစိုးရတို့၏ မြန်မာပြည်သူလူထုအပေါ်သဘောထားမှာသိသာထင်ရှားနေသည်ဟုဆိုသည်။

မြန်မာဝမ်ပေါင်အနေဖြင့် အကျိုးစီးပွားမထိခိုက်စေလိုလျှင် အကြမ်းဖက်စစ်ကောင်စီအားထောက်ပံ့နေမှုများကိုဖြတ်တောက်ပြီး ပြည်သူလူထုလိုလားသော အဖွဲ့အစည်းများနှင့် ပူးပေါင်းသင့်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းနေသမျှ စီမံကိန်းဝန်းကျင်ဒေသခံများ စိတ်ချလက်ချနေနိုင်မည်မဟုတ်ကြောင်း၊တရုတ်အစိုးရအနေဖြင့်နှစ်နိုင်ငံအကျိုးစီးပွား တည်တံ့ခိုင်မြဲစေလိုလျှင် အမျိုးသားညီညွတ်ရေးအစိုးရNUGနှင့် တွေ့ဆုံဆွေးနွေးသင့်ကြောင်း ကြေးနီစီမံကိန်း ဒေသခံပြည်သူများက တောင်းဆိုထားသည်။

ထိုအပြင် Justice Myanmar ကလည်း ဝမ်​ပေါင်မြန်မာနှင့်ပတ်သပ်၍ ယ​​နေ့ထုတ်ပြန်ရာ”တရုတ်အစိုးရပိုင် NORINCO လက်အောက်ခံ ဝမ်ပေါင်ကုမ္ပဏီဟာ ၎င်းတို့ရဲ့ လုပ်ငန်းလည်ပတ်မှုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဆိုင်းငံ့ထားခဲ့ကြောင်းနဲ့ ၎င်းတို့အနေနဲ့ လက်ရှိဖြစ်ပွါးနေတဲ့ အကျပ်အတည်းမှာ မပါဝင်ချင်ကြောင်း အခိုင်အမာ ပြောကြားထားပါတယ်။ ဒါပေမဲ့ ဝမ်ပေါင်ရဲ့ စီးပွားရေးမိတ်ဖက်က မြန်မာစစ်တပ် စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) ဖြစ်နေပါတယ်။ လက်ရှိအကျပ်အတည်းကို ဖန်တီးခဲ့တဲ့ မြန်မာစစ်တပ်နှင့် ဝမ်ပေါင်ရဲ့ စီးပွားရေးဆက်နွှယ်တဲ့ ဆက်လက်ကူညီနေမှုတွေကလည်းရက်စက်ကြမ်းကြုတ်လှတဲ့ရာဇ၀တ်မှုတွေကိုထောက်ပံ့ကူညီရာရောက်နေပါတယ်”ဟု​ဖော်ပြထားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဝမ်ပေါင်ကုမ္ပဏီနှင့်စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္ပဏီလီမိတက် MEHL တို့ အကျိုးတူလုပ်ငန်းအဖြစ် ၂ဝ၁ဝခုနှစ်တွင်ထူထောင်လုပ်ကိုင်ခဲ့ပြီး လုပ်ငန်းစတင်ချိန် ကတည်းက လူအခွင့်ရေးချိုးဖောက်မှုများနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ အကြိမ်ကြိမ် ကျူးလွန်နေခဲ့သည်။ဝမ်ပေါင်​၏မိခင်ကုမ္ပဏီ NORINCO သည် မြန်မာစစ်တပ်ကို MBT 2000 တိုက်ခိုက်ရေးတင့်ကား၊ SH1 self-propelled howitzer အမြောက်နဲ့ PTL02 တင့်ကားဖျက်ယာဉ်စ​သောစစ်လက်နက်ပစ္စည်းများကို ရောင်းချပေးခဲ့​​ကြောင်း Justice Myanmarက ​ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လယ်ဒိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေဟာ နယ်မြေစိုးမိုးမှု၊ စစ်ရေးလှုပ်ရှားမှု တွေလုပ်လာလို့ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က ငဗျက်အင်းရွာနဲ့ အင်းနက်ရွာကြားမှာ KNLA တပ်မဟာ ၃ နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

သတင်း

"ကျွန်တော်တို့ ရထားတဲ့ သတင်းအရတော့ ဖမ်းဆီးခံထားရတဲ့ ခုနှစ်ဦးစလုံး အသတ်ခံလိုက်ရပြီဆိုတာ သေချာသလောက်ရှိတယ်"ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ဒေသခံနှင့်ပြည်သူလူထုကို ဘေးအန္တရာယ်ဖြစ်စေမည့် လုပ်ရပ်များကို ရှောင်ကြဥ်ပေးရန် အဖွဲ့အစည်းများအားလုံးကို တိုက်တွန်းကြောင်း ​ဝမ်ပေါင်ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သတင်း

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူ(သထုံ)ခရိုင် တပ်မဟာ ၁ နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားနေတာဖြစ်ပါတယ်။