သားကြီး/People’s Spring
စစ်ကောင်စီကအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တိုင်းမှူးဗိုလ်ချုပ် အောင်ခိုင်ဝင်းကို တိုင်းမှူးရာထူးပေးပြီး တစ်လခန့်တွင် ထပ်မံထုတ်ပယ်လိုက်ပြီး ဗိုလ်ချုပ်ကျော်ကိုထိုက်ကို တိုင်းမှူးအသစ်အဖြစ်ခန့်အပ်လိုက်ပြန်သည်။
အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်တပ်မမှူး တာဝန်ယူဖူးသည့် ဗိုလ်ချုပ်ကျော်ကိုထိုက်ကို ဩဂုတ်လ တတိယလပါတ်ထဲတွင် ခန့်အပ်ခြင်းဖြစ်ပြီး ယခင်တိုင်းမှူးဗိုလ်ချုပ် အောင်ခိုင်ဝင်းကို နေပြည်တော်သို့ ခေါ်ဆောင်ထားသည်ဟု နေပြည်တော်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
” စစ်တပ်ထဲ ဂဏန်းမငြိမ်ဘူးဖြစ်နေတာ။ ဖြုတ်ထုတ်ရှင်းတွေ ဆက်လုပ်နေတယ်။ စစ်ရှုံးနေတာကို မအလ ကလွဲလို့ ကျန်တဲ့လူတွေ အကုန်သိတယ်။ ဘာတွေဆက်လုပ်ရမယ်မှန်းမသိတဲ့အထိ တိုင်းမှူးတွေစိတ်ရှုပ်နေကြတယ်”ဟု ဗိုလ်ချုပ်ကျော်ကိုထိုက်နှင့် နီးစပ်သူကပြောသည်။
မန္တလေးတိုင်းအတွင်း စဥ့်ကူးမြို့နယ် ၊မိုးကုတ်မြို့နယ် ၊တကောင်းမြို့တိုကို တော်လှန်ရေးတပ်များက ဇူလိုင်နှင့် သြဂုတ်လတွင် သိမ်းပိုက်ခဲ့ပြီးသပိတ်ကျင်း ၊ နွားထိုးကြီး ၊ တောင်သာ၊မြင်းခြံမြို့များကို တော်လှန်ရေးတပ်များကထိုးစစ်ဆင်တိုက်ခိုက်နေစဥ်တွင် လပခတိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်း ထုတ်ပယ်ခံရခြင်းဖြစ်သည်။
စစ်ကောင်စီသည် ပြီးသည့်ဇူလိုင်လအတွင်း အလယ်ပိုင်းအတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်အားထုတ်ပယ်ကာ တြိဂံတိုင်းစစ်ဌာန
ချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။ဗိုလ်ချုပ်အောင်ခိုင်ဝင်းသည် အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အားထားခဲ့သော ဗိုလ်ချုပ်တစ်ယောက်ဖြစ်သော်လည်း လပခ တိုင်းမှူး ခန့်အပ်ပြီးတစ်လမပြည့်ခင်မှာပင် ၎င်းအား ထပ်မံထုတ်ပယ်ခြင်းဖြစ်သည်။
လပခဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်လွင်သည်လည်းTNLA၊ MDY-PDFနှင့် ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ခဲ့သည့် မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် အမိန့်မရဘဲ ထွက်ပြေးခဲ့ရာ တိုင်းစစ်ဌာနချုပ်စစ်ကြောရေး၌ စစ်ဆေးခံနေရသည်။
ဗိုလ်မှူးချုပ်အောင်လွင်အား ဗိုလ်ချုပ်တစ်ဦး ဦးဆောင်သည့် စစ်ကြောရေးအဖွဲ့က စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့၍ မန္တလေးနန်းတွင်း၌ စစ်ဆေးနေကြောင်း သတင်းရရှိသည်။၎င်းက ကမြေပြင်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားသည် PDFများအား မယှဉ်နိုင်ခဲ့ကြောင်း၊ လေကြောင်းပစ်ကူပေးမှု အများအပြားသည်လည်း ပစ်မှတ်များအားမထိခဲ့ကြောင်းနှင့် အထက်အရာရှိများက အင်အားမလုံလောက်ဘဲ စစ်တိုက်ခိုင်းနေခြင်းဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း စုံစမ်းသိရသည်။
ဗိုလ်မှူးချုပ်အောင်လွင် ထုတ်ဖော်ဝန်ခံချက်နှင့်ဆက်စပ်၍ ဗိုလ်ချုပ်အောင်ခိုင်ဝင်းလည်း စုံစမ်းစစ်ဆေးခံခဲ့ရပြီး ယခုအခါ ရာထူးမှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီမြေပြင်တပ်များသည် PDFများကို ယှဉ်မတိုက်ခိုက်နိုင်ခဲ့ကြောင်းနှင့် အင်အားမရှိဘဲ စစ်မြေသို့လွှတ်နေသည့် အထက်အရာရှိများအကြောင်းကို ဗိုလ်မှူးချုပ်အောင်လွင်က စစ်ကြောရေး၌ ထုတ်ဖော်ဝန်ခံခဲ့သည်။
ဗိုလ်ချုပ်အောင်ခိုင်ဝင်းကို တိုင်းမှူးရာထူးမှ ထုတ်ပယ်ခြင်းသည် စစ်ပွဲများဆက်တိုက်ရှုံးနေသောစစ်ကောင်စီက နှစ်လအတွင်းစစ်တိုင်းမှူးလေးဦးကိုထုတ်ပယ်ခြင်းလည်းဖြစ်သည်။
လပခ တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင် နှင့် ၎င်းအစားခန့်အပ်ခဲ့သော ဗိုလ်ချုပ် အောင်ခိုင်ဝင်းကိုပါထုတ်ပယ်ခဲ့သလို ၊ ပြီးခဲ့သည့် ဇူလိုင်လက လားရှိုးမြို့ကို MNDAAက စတင်တိုက်ခိုက်ပြီး ရက်အနည်းငယ်ကြာ၌ ရမခတိုင်းမှူးဗိုလ်ချုပ်စိုးတင့်ကိုစစ်ကောင်စီက ရာထူးမှ ထုတ်ပယ်ခဲ့သည်။ထိုနောက် မူဆယ်အခြေစိုက်တပ်မ(၉၉)တပ်မမှူး ဗိုလ်ချုပ် စိုးလှိုင်ကို အစားထိုးခန့်အပ်ခဲ့သည်။ တိုင်းမှူးဟောင်းဗိုလ်ချုပ်စိုးတင့်သည် ရမခတွင်ပင်ရှိနေစဉ် MNDAA၏ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းဆီးခံရသည်။
ဗိုလ်ချုပ်စိုးလှိုင်သည် မူဆယ်၌ပင် ဆက်လက်ရှိနေစဉ် ၎င်းအား ထပ်မံထုတ်ပယ်၍ စစ်ကောင်စီတပ်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ ဒုတိယလေ့ကျင့်ရေးအရာရှိချုပ်ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို ရမခ တိုင်းမှူး အဖြစ်ဩဂုတ်လ ၁၁ရက်တွင်
တာဝန်ပေးခဲ့သည်။ အမှန်တွင် ရမခမှာ MNDAA ဦးဆောင်သောတော်လှန်ရေးတပ်များလက်အောက်ကျရောက်သွားပြီး မရှိတော့ပါ။သို့သော်လည်းစစ်ကောင်စီက မိုင်ရယ်မြို့ရှိ စစ်ကောင်စီတပ်၏ ဗျူဟာတွင် အခြေချသည်ဆိုကာ ရမခ ရှိသေးသည်ဟုလုပ်နေခြင်းဖြစ်သည်။
လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို ရမခတိုင်းမှူးအဖြစ် စစ်ကောင်စီက တာဝန်ပေးလိုက်ခြင်းဟု နေပြည် တော်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
အာဏာသိမ်းခေါင်းဆောင်များသည် စစ်ရှုံးလျင် ထိပ်ပိုင်းခေါင်းဆောင်များက တာဝန်မခံဘဲ စစ်တိုင်းမှူးများကိုသာတစ်ယောက်ပြီးတစ်ယောက်ဖြုတ်နေခြင်းဖြစ်သည်။