Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချမ်းမြသာစည်မြို့နယ် အုပ်ကြီးနှင့်အဖွဲ့ စစ်မှုထမ်းရန် အဓိကလူစုဆောင်းပေးနေ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် စစ်ကောင်စီအတွက် စစ်မှုထမ်းရန် လူအများအပြားစုဆောင်းပေး‌နေကြောင်း မြို့ခံများကပြောသည်။

ချမ်းမြသာစည်မြို့နယ်ရှိ အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ၂၀၂၀ မတ်လအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ - CJ

မိထက်၊အင်ကြင်း/People’s Spring

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် စစ်ကောင်စီအတွက် စစ်မှုထမ်းရန် လူအများအပြားစုဆောင်းပေး‌နေကြောင်း မြို့ခံများကပြောသည်။

အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမြင့်သိန်းနှင့် ရာအိမ်မှူးဦးအောင်သူသည် အုပ်ချုပ်ရေးမှူးရုံးသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ခေါ်ဆောင်ထားကာ နယ်မြို့များမှ လူငယ်များကို စစ်သားစုဆောင်းပေးနေခြင်းဟု စစ်သားစုဆောင်းခံရသူ၏ ဦးလေးတော်စပ်သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

” အဲ့ဒီရုံးက သူတို့အထိုင်ပဲ။ တစ်လတစ်ခါလောက် လူစုပြီး ရှေ့တန်းကို ပို့နေတယ်။ ကျ‌တော့်တူလည်း စစ်တပ်ကခေါ်သွားပြီး အခုအဆက်အသွယ်ပြတ်နေတယ်။ မေးတာလည်း မပြောဘူး။ စစ်တပ်ကိုပဲ လိုက်ခိုင်းနေတယ်။” ဟု ၎င်းက ပြောသည်။

ဦးမြင့်သိန်းနှင့်ဦးအောင်သူသည် နေအိမ်သို့ မပြန်တော့ဘဲ ရုံး၌သာ အမြဲနေသည်ဟု မြို့ခံအချို့က ပြောသည်။

“ကျမတို့ အလုပ်သွားတိုင်း တွေ့နေရတယ်။ လူငယ်တွေ ဘုမသိဘမသိပုံတွေနဲ့ ။ ရုံးထဲမှာပဲ ထားပြီး စစ်တပ်က လာလာခေါ်တယ်။ မတ္တရာတို့ ပုသိမ်ကြီးတို့ကို ပို့နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသည် မန္တလေးတိုင်းအတွင်း လတ်တလောတိုက်ပွဲများဖြစ်ပွားနေသည့် မတ္တရာမြို့သို့ စစ်ကောင်စီက စစ်ကူပို့ရာတွင် အဓိက အသုံးပြုနေသည့်နေရာဟု စုံစမ်းသိရသည်။

အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြပြောက်ကျားအဖွဲ့အချို့က တိုက်ခိုက်မှုမကြာခဏပြုလုပ်ခဲ့သော်လည်း ဦးမြင့်သိန်းနှင့်ဦးအောင်သူသည် ပစ်မှတ်မှ လွတ်မြောက်နေဆဲဟု မြို့ခံအချို့က ပြောသည်။

မန္တလေးမြို့တွင် ပြည်သူများအား အခွင့်ကောင်းယူကာ ငွေညှစ်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ပျူစောထီး ခေါ် ပြည်သူ့စစ်အဖွဲ့ဝင်များကို အမည်တပ်၍ တိုင်ကြားရန်နှင့် စိစစ်ပြီးအရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးမြို့အခြေစိုက် မြို့ပြပြောက်ကျား ၁၃ ဖွဲ့က မတ်လအတွင်း သတိပေးခဲ့ဖူးသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်က ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲလွင်သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။ ဩဂုတ် ၆ ရက်ကလည်း အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်အုပ်ချုပ်ရေးမှူးဒေါ်ဖြိုးသန္တာအောင်နှင့် ညီမဖြစ်သူသည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

မန္တလေးမြို့ပေါ်၌ သြဂုတ် ဒုတိယပတ်အတွင်း စစ်မှုထမ်းစာရင်းပါထားသူများများမက စာရင်းမပါသည့် လူငယ်များ၊ နယ်ဝေးမှလာရောက် အလုပ်လုပ်ကိုင်နေသည့် ဆောက်လုပ်ရေးလုပ်သားများ၊ ဝန်ထမ်းများကိုပါ စစ်ကောင်စီအုပ်စုက စစ်မှုထမ်းရန် အဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက် ပြုလုပ်နေကြောင်း မြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့တွင် ပြည်သူများကို နည်းလမ်းမျိုးစုံဖြင့် ဒုက္ခပေးနေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၏ အချက်အလက်များ တောင်းခံသည့် "အုပ်ကြီးကမ်ပိန်း" ကို ပြုလုပ်မည် ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက အသိပေးခဲ့သည်။

သတင်း

မန္တလေးမြို့ပေါ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က စစ်မှုထမ်းရန် လူငယ်များအား ဖမ်းဆီးနေပြီး နယ်ဝေးမှအလုပ်လာလုပ်သူများပါ ဖမ်းဆီးခံနေရကြောင်း မြို့ခံများက ပြောသည်။

သတင်း

ပဲခူးတိုင်းအနောက်ခြမ်းတွင် (၃)ရက်အတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဝဲလောင်ရွာတိုက်ပွဲအတွင်း ထွက်ပြေးသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ကိုယ့်ဗုံးဖြင့်ကို ပေါက်ကွဲပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။