ဟန်နွေ/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU)ဖာပွန်ခရိုင် တွင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်ရာ ကလေးငယ်တစ်ဦး နှင့် ၎င်း၏ မိခင်သေဆုံးခဲ့ရပြီး ကလေးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNU တပ်မဟာ (၅) က သတင်းထုတ်ပြန်သည်။
အောက်တိုဘာ ၅ရက်ဘမွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ တိုက်လေယာဉ်သည် ဖာပွန်ခရိုင် ဘူးသို မြို့နယ် မယ်ကလောကျေးရွာအုပ်စု ဒေလော်ပူရွာအတွင်း ပေါင် ၅၀၀ ဗုံး ၂လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
ထိုသို့ တိုက်ခိုက်မှုကြောင့် အသက် (၂၅)နှစ် အရွယ် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ (၃)နှစ်အရွယ် သမီးငယ်တို့ ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟု KNU တပ်မဟာ(၅)က အသိပေးသည်။ ထို့ပြင် အသက် (၁၄)နှစ်အရွယ် ကလေးတစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် အောက်တိုဘာ၂ရက် မွန်းလွဲပိုင်းကလည်း ဖာပွန်မြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက်(၅၀)နှစ်အရွယ် ကလေး(၆)ယောက်၏ မိခင်တစ်ဦး သေဆုံးခဲ့ရဟု KNUက အသိပေးထားသည်။
ဖာပွန်ခရိုင်တွင် စက်တင်ဘာ ၃၀ရက်က စစ်ကောင်စီ၏စစ်ကြောင်းတစ်ခုကို တပ်မဟာ(၅) ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးအပါအဝင် အရာရှိအပါအဝင် ၃၀ ဦး သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သား သေဆုံးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။
စက်တင်ဘာ ၃၀ရက်က ဖာပွန်ခရိုင် စောမူပလောဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၃၀ဦး သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ အလက် ၃၀ ကျော် ကိုလည်း KNU တပ်မဟာ(၅) တပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့သည်။
