ဟန်နွေ/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တွင် စစ်ကောင်စီတပ်စခန်းတစ်ခုမှ စခန်းစွန့် လာသည့် စစ်ကြောင်းကို KNU/KNLA တပ်မဟာ(၅) တပ်ဖွဲ့ဝင်များက စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး အပါအဝင် ၃၀ဦး သေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၃၀ရက်တွင် ဖာဂေါ်လိုးစခန်းမှ ပေါ်ခေးခို(ဘော်စဲခို)ဘက်သို့ တပ်ဆုတ် အပြန်တွင် KNLAက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement
” အဲဒါ သူတို့ အယောက် ၃၀လောက်ဆုံးသွားတယ်။ သေနတ်လည်း ၃၅လက်လောက်ရတယ်။ဖာပွန်ခရိုင် လူသောမြို့နယ်ထဲမှာ ဖြစ်တာ”ဟု KNU သတင်းရင်းမြစ်က ပြောသည်။
တပ်စခန်းစွန့်ဆုတ်ခွာပြီးပြန်လာသည့် စစ် ကောင်စီတပ်ကို လယ်ဝါးထာနှင့် စောမူပလောဒေသတွင် KNU/KNLA တပ်မဟာ(၅) လက်အောက်ရှိ ကရင်အမျိုးသားဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီမှ တပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူး(၂)ဦးအပါအဝင် ၃၀ဦး မရှုမလှသေဆုံးခဲ့ဟု တပ်မဟာ(၅)၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။
တိုက်ပွဲအပြီး စစ်ကောင်စီထံမှ လက်နက် ၃၅လက် သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်သည်။
တိုက်ပွဲအတွင်း သိမ်းပိုက်ရရှိခဲ့သည့် လက်နက်ခဲယမ်းများ မှတ်တမ်းဓာတ်ပုံကိုလည်း ဖော်ပြထားသည်။
KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲကြီး၊ငယ် ၁၄၀ကျော်ဖြစ်ခဲ့ရာ တပ်ရင်းမှူးအပါအဝင် ၇၀ ဦးကျော် သေဆုံးခဲ့ကြောင်းလည်း တပ်မဟာ(၅)က အသိပေးထားသည်။
တိုက်ပွဲအတွင်း အထိနာသည့် စစ်ကောင်စီတပ် သည် စက်တင်ဘာ ၃၀ရက်တွင် ဖာပွန်မြို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်။
(ဖာပွန်ခရိုင် တွင် စစ်ကောင်စီတပ်စခန်းတစ်ခုမှ စခန်းစွန့် လာသည့် စစ်ကြောင်းမှ သိမ်းပိုက်ရရှိသော လက်နက်များ။ ဓာတ်ပုံ – KNU- Mutraw News)
