Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဒီဇင်ဘာ ၂၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ကော်ဘရာစစ်ကြောင်း စစ်သင်တန်းဆင်းပွဲ လက်နက် ၅၀ NUG ပေးအပ်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း(၂၇)ရဲ့ ကော်ဘရာပူးပေါင်းစစ်ကြောင်း စစ်သင်တန်းဆင်းပွဲကို မနေ့က ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့ပါတယ်။ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တောင်ပိုင်းစစ်ဒေသသို့ပေးအပ်မယ့် လက်နက်များအနက် အလက် ၅၀ အား ကော်ဘရာစစ်ကြောင်း ဒုစစ်ကြောင်းမှူးထံ ပေးအပ်ခဲ့တယ်လို့ PVTV က ထုတ်ပြန်ပါတယ်။ အဲဒီသင်တန်းဆင်းအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးချုပ်က NUG ရဲ့ တစ်နှစ်စီမံချက် (စစ်အာဏာရှင် ဖြုတ်ချရေးဘက်ပေါင်းစုံမှ ထိုးစစ်ဆင်မယ့်စီမံချက်)ကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး တိုင်းရင်းသားမဟာမိတ်အဖွဲ့များနဲ့ ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများနဲ့ သံခင်းတမန်ခင်း ကောင်းမွန်စွာချိတ်ဆက်ထားနိုင်မှု၊ တစ်ပြည်လုံးအတိုင်းအတာနဲ့ တိုင်းရင်းသားမဟာမိတ်တပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းပြီး စစ်ဆင်ရေးအသာစီး ရယူဆောင်ရွက်ထားနိုင်မှုတို့ကို ဝန်ကြီးချုပ်က ရှင်းလင်းပြောကြားခဲ့တယ်လို့ ဖော်ပြပါတယ်။

▪️ဒေါ်အောင်ဆန်းစုကြည်ကို လက်ကျန်အမှု ငါးမှုနဲ့ လာမယ့်သောကြာနေ့ ထောင်ထပ်ချမယ်

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားတဲ့ အမှုပေါင်း ၁၉ မှုအနက် နောက်ဆုံးလက်ကျန် ငါးမှု ကို လာမယ့်သောကြာနေ့ ( ဒီဇင်ဘာလ ၃၀ )ရက်မှာ အမိန့်ချမယ်လို့သိရပါတယ်။ အဲဒီအမှု ၅ မှုအတွက် ဒီနေ့ နေပြည်တော် အချုပ်ထောင်တွင်း စစ်ကောင်စီတရားရုံးမှာ အပြီးသတ် လျှောက်လဲချက်ပေးကြပါတယ်။

လက်ကျန်အမှု ၅ မှုဟာ ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့အဂတိပုဒ်မတွေနဲ့ စွဲဆိုထားတာပါ။ လက်ရှိအချိန်ထိတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၄ မှုနဲ့ ထောင်ဒဏ် ၂၆ နှစ် ချထားပြီး နေပြည်တော်အချုပ်ထောင်မှာအကျဉ်းချထားပါတယ်။

ဓာတ်ပုံ − ရိုက်တာ
ဓာတ်ပုံ − ရိုက်တာ

▪️မြိုင်ဒေသကာကွယ်ရေးတပ်စခန်းတစ်ခု မီးရှို့ဖျက်ဆီးခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ Pakokku Underground Force စခန်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီး လက်နက်နှစ်လတ်ပါ သိမ်းဆည်းခံခဲ့ရကာ ကျပ်သိန်း ၁၅၀ ခန့် ဆုံးရှုံးခဲ့တယ်လို့ အဲဒီအဖွဲ့ ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒီဇင်ဘာ ၂၃ ရက် နေ့ခင်းက မြိုင်မြို့နယ်၊ ဖောင်းကွဲကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း PDF များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က အထိနာခဲ့ပါတယ်။ ဒါပေမဲ့ စစ်အုပ်စုက ပြန်ဆုတ်ခွာချိန် အနီးရှိကျေးရွာကို မီးရှို့ခဲ့ရာ စခန်းကိုပါတွေ့ရှိသွားပြီး မီးရှို့ဖျက်ဆီးသွားခဲ့တာလို့ ဆိုပါတယ်။ စခန်းအတွင်းရှိ လက်နက်ခဲယမ်းနဲ့ ရိက္ခာအပါအဝင် ကာလတန်ကြေး စုစုပေါင်း သိန်း ၁၅၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

စခန်းမီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Pakokku Underground Force
စခန်းမီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Pakokku Underground Force

▪️ပုံစံပြောင်းကာ စစ်တပ်က ညပိုင်းစစ်​ကြောင်းထိုး​နေ

မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ညဘက်စစ်ကြောင်းထိုးတဲ့ပုံစံပြောင်းနေတာကြောင့် စစ်ဘေးရှောင်ပြည်သူများအနေနဲ့ ပိုမိုသတိပြုနေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကသတိပေးပါတယ်။ နေ့ဘက်တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ လက်ရှိမှာ ညဘက်စစ်ကြောင်းထိုးတဲ့ ဗျူဟာကို အသုံးပြုလာတယ်လို့ မြောင်မြို့နယ် လုံခြုံရေးနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -CDSOMတာဝန်ခံ ကိုနွေဦးကပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို ဒီဇင်ဘာလဆန်းပိုင်းက စစ်ကြောင်းထိုးခဲ့စဥ် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာခဲ့တယ်လို့ သူက ဆိုပါတယ်။

(စစ်ဘေးရှောက်ပြည်သူများအားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်ကူညီ​ထောက်ပံ့စဥ်။ ဓါတ်ပုံ-CDSOM)
(စစ်ဘေးရှောက်ပြည်သူများအားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်ကူညီ​ထောက်ပံ့စဥ်။ ဓါတ်ပုံ-CDSOM)

▪️စစ်ကောင်စီတပ်သားများ တွေဝေမနေဘဲ ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ CNF တာဝန်ရှိသူတိုက်တွန်း

စစ်ကောင်စီတပ်သားတွေအနေနဲ့ လက်ရှိ အခြေအနေမှာ တွေဝေနေခြင်းမရှိဘဲ ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက တိုက်တွန်းပါတယ်။ ဒီဇင်ဘာ ၂၄ ရက်က ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ စစ်ကောင်စီတပ်သား နှစ်ဦးဟာ လက်နက်တွေနဲ့အတူ CNA နဲ့ ချင်းကာကွယ်ရေးတပ်(CDF)ထံ ခုံလှုံလာခဲ့ပြီးနောက် အခုလို တိုက်တွန်းခဲ့တာပါ။ အခုလပိုင်းအတွင်း ချင်းပြည်နယ် တီးတိန်၊ ဟားခါး၊ထန်တလန်၊ မင်းတပ်နဲ့ ပလက်၀ ဒေသများရှိ ချင်းတပ်ဖွဲ့များထံသို့ စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်များ အလင်းဝင်ရောက်လာမှု ဖြစ်စဉ်များစွာရှိခဲ့တယ်လို့ သက်ဆိုင်ရာ ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

(ချင်းတပ် CDFသို့ လက်နက်နှင့်အတူ ခိုလှုံလာသည့် စစ်ကောင်စီ တပ်သားအချို့အား တွေ့ရစဥ်၊ဓာတ်ပုံ - CDF)
(ချင်းတပ် CDFသို့ လက်နက်နှင့်အတူ ခိုလှုံလာသည့် စစ်ကောင်စီ တပ်သားအချို့အား တွေ့ရစဥ်၊ဓာတ်ပုံ – CDF)

▪️မုံရွာမှာ ကွမ်းလာထွက်ဝယ်တဲ့ ရဲများ တိုက်ခိုက်ခံရ၊ စခန်းမှူးအပါအဝင် သုံးဦးသေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ ကွမ်းယာလာဝယ်တဲ့ စစ်ကောင်စီလက်ပါးစေ ရဲတွေကို ပစ်ခတ်တိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ရဲသုံးဦး သေဆုံးနိုင်တယ်လို့ မုံရွာခရိုင်တပ်ရင်း(၇)-Monywa Lightning People Defence Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ သမစိတ္တလမ်း ၊ အင်ကြင်းခိုင်ဟိုတယ်အနီး ပစ်တိုင်းထောင်ကွမ်းယာဆိုင်မှာ ကွမ်းယာလာဝယ်တဲ့ အမှတ်(၂) ရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲခုနစ်ဦးလိုက်ပါလာတဲ့ ကားတစ်စီးကို PDF နှစ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စခန်းမှူးအပါအဝင် ရဲ သုံးဦး သေဆုံးနိုင်ပြီး ကျန် ရဲ နှစ်ဦးလည်း အသက်အန္တရာယ်ထိခိုက်နိုင်တယ်လို့ ပြန်ကြားရေးတာ၀န်ခံက ဆိုပါတယ်။

▪️ချောင်းဦးမြို့နယ်မှ ပျုခေါင်းဆောင်ကို ပြည်သူ့ကာကွယ်ရေးတပ်များ ဖမ်းမိ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့အတွင်း အန္တရာယ်အကြီးဆုံး ပျုစောထီးခေါင်းဆောင်ကို အရှင်ဖမ်းမိထားပြီး စစ်ဆေးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်တွေက ပြောပါတယ်။ ချောင်းဦးမြို့မှာ ပျူစောထီးရွာဟု နာမည်ကြီးတဲ့ ကံကြီးကုန်းကျေးရွာမှ ပျူခေါင်းဆောင် လှဆင့်ဆိုသူကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်တွေက မနေ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ လှဆင့်ဟာ ဘုန်းကြီးဝတ်နေပြီး နန္ဒာစာရဘွဲ့ကိုယူကာ ပျူစောထီးခေါင်းဆောင်အနေ​နဲ့ ရပ်တည်နေသူဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ ကံကြီးကုန်းကျေးရွာကို ပြည်သူ့ကာကွယ်ရေးမဟာမိတ် (၁၀) ဖွဲ့ထက်မနည်းက ဝင်ရောက်စီးနင်းပြီး ပျူခေါင်းဆောင်လှဆင့်ကို ဖမ်းဆီးခဲ့​​ဟာ စစ်ကောင်စီကို အထိနာစေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

▪️ကော့ကရိတ်တိုက်ပွဲကြောင့် ကော့နွဲ့ဒေသရှိ အိမ်ထောင်စု ၈၀၀ ကျော် တိမ်းရှောင်နေရ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ တစ်ပတ်ဘကျော်ကြာတိုက်ပွဲများကြောင့် ဒေသခံ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီများ လိုအပ်နေတယ်လို့ ကော့ကရိတ်ဒေသခံက ပြောပါတယ်။ ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)ဦးဆောင်တဲ့ ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပြီး ကော့နွဲ့ရွာအနီးမှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်နေပါတယ်။ တိုက်ပွဲရက်ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ အပါအဝင် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်းလည်း ဒေသခံက ပြောပါတယ်။

▪️မုံရွာ – မန္တလေးလမ်းပိုင်း စစ်ကောင်စီယာဥ်တန်း ငါးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်မှာ ဒီနေ့ မနက်ပိုင်းက အင်အားအပြည့်လိုက်ပါလာတဲ့ စစ်ကောင်စီယာဥ်တန်းကို ငါးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ People’s Knight Defense Force Myinmu က သတင်းထုတ်ပြန်ပါတယ်။။ ဒီနေ့ မနက်အစောပိုင်းက မုံရွာ – မန္တလေးလမ်းမကြီးပေါ်မှာ စစ်ကိုင်းတပ်မ (၃၃)မှ မုံရွာမြို့သို့ ထွက်ခွာလာတဲ့ အင်အားအပြည့်ပါ စစ်ကောင်စီယာဥ် သုံးစီးကို မြင်းမူမြို့နယ်၊ ဝမ်းပြည့်ရွာနဲ့ အလ္လကပ္ပရွာကြားမှာ ငါးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ ယာဥ်သုံးစီးစလုံး ထိမှန်ခဲ့ပြီး အများအပြား ထိခိုက်သေဆုံးနိုင်တယ်လို့ People’s Knight Defense Force Myinmuက ခန့်မှန်းပါတယ်။

You May Also Like