Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့(ဒီဇင်ဘာ၂၂ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎နှစ်ပေါင်း၇၄နှစ်အတွင်း မြန်မာ့အရေးပထမဆုံးဆုံးဖြတ်ချက်(Resolution) ကုလလုံခြုံရေးကောင်စီချမှတ်

ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ နှစ်ပေါင်း ၇၄ နှစ်အတွင်း မြန်မာ့အရေးနဲ့ပတ်သက်လို့ ပထမဆုံး ဆုံးဖြတ်ချက်(Resolution)တစ်ရပ်ကို မနေ့က ချမှတ်အတည်ပြုလိုက်ပါတယ်။ အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးရေး စစ်ကောင်စီကို တောင်းဆိုထားသော အချက်များပါဝင်တဲ့ ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီက မဲခွဲအတည်ပြုခဲ့တာဖြစ်ပါတယ်။ ဗြိတိန်က ရေးဆွဲတင်သွင်းတဲ့ အဆိုမူကြမ်းကို လေးလခန့်အကြာ အဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးညှိနှိုင်းပြီးနောက် အဖွဲ့ဝင် ၁၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ကြပါတယ်။ အဆိုမူကြမ်းကို ကန့်ကွက်တဲ့နိုင်ငံ မရှိခဲ့ဘဲ ရုရှား၊ တရုတ်နဲ့ အိန္ဒိယ ၃ နိုင်ငံက ကြားနေ(မဲမပေး)ခဲ့ပါတယ်။

လုံခြုံရေးကောင်စီ၏တိကျခိုင်မာပြတ်သား​သောဆုံးဖြတ်ချက်အထူးလိုအပ်ဟု NUG ထုတ်ပြန်
လုံခြုံရေးကောင်စီ၏တိကျခိုင်မာပြတ်သား​သောဆုံးဖြတ်ချက်အထူးလိုအပ်ဟု NUG ထုတ်ပြန်

▪︎လုံခြုံရေးကောင်စီရဲ့တိကျခိုင်မာပြတ်သား​တဲ့ဆုံးဖြတ်ချက်အထူးလိုအပ်ဟု NUG ထုတ်ပြန်

မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်များကို ကယ်တင်ဖို့နဲ့ ဒေသတွင်းမတည်မငြိမ်ဖြစ်မှုကို ကာကွယ်ထိန်းသိမ်းဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တိကျခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက် အထူးလိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီနေ့ထုတ်ပြန်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုခဲ့ခြင်းကို NUG က ထောက်ခံလိုက်ပြီး အဆိုမူကြမ်းတင်သွင်းတဲ့ ဗြိတိန်နဲ့ ထောက်ခံမဲပေးခဲ့ကြတဲ့ နိုင်ငံတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြပါတယ်။ ဆုံးဖြတ်ချက်အဆိုမှာ အပြုသဘောဆောင်တဲ့ အချက်အလက်များ ပါဝင်နေပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရက မျှော်မှန်းထားတဲ့ အချက်များ များစွာ ပါဝင်လာမှု မရှိသေးဘူးလို့ NUG က ပြောပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အထွေထွေညီလာခံတို့က အခုဆုံးဖြတ်ချက်အပေါ်အခြေပြုကာ စစ်အာဏာရှင်စနစ်နဲ့ ၎င်းတို့ရဲ့ ရာဇဝတ်မှုတွေကို အပြီးတိုင် အမြန်ချုပ်ငြိမ်းရေးအတွက် အခုထက်ပိုမို ခိုင်မာတဲ့ လုပ်ဆောင်ချက်များကို အချိန်မီဆောင်ရွက်ကြဖို့ မြန်မာပြည်သူများကိုယ်စား NUG က တောင်းဆိုပါတယ်။

လုံခြုံရေးကောင်စီ၏တိကျခိုင်မာပြတ်သား​သောဆုံးဖြတ်ချက်အထူးလိုအပ်ဟု NUG ထုတ်ပြန်
လုံခြုံရေးကောင်စီ၏တိကျခိုင်မာပြတ်သား​သောဆုံးဖြတ်ချက်အထူးလိုအပ်ဟု NUG ထုတ်ပြန်

▪︎ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ကို ကန်နိုင်ငံခြားရေးဝန်ကြီးချီးကျူးကြိုဆို

မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ချီးကျူးကြိုဆိုလိုက်ပါတယ်။ အခုဆုံးဖြတ်ချက်ကို ချီးကျူးပေမယ့် မြန်မာနိုင်ငံတွင်းမှ အကျပ်အတည်းအတွက် တရားမျှတတဲ့ ဖြေရှင်းမှုတစ်ခုပေါ်ပေါက်လာစေဖို့ လုံခြုံရေးကောင်စီက ဆက်လက်ဆောင်ရွက်နိုင်တဲ့ အရာများစွာ ကျန်ရှိ​နေသေးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ထုတ်ပြန်ပါတယ်။ လုံခြုံရေးကောင်စီဟာ အခုအခွင့်အရေးကိုအသုံးချပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိစေဖို့ အခြားနည်းလမ်းသစ်များရှာဖွေရေး၊ အာဏာရှင်အဖွဲ့အစည်းရဲ့ လုပ်ရပ်များအတွက် တာဝန်ခံမှု တာဝန်ယူမှု ပိုမိုရှိလာစေရေး နဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို ထိထိရောက်ရောက်အကောင်အထည်ဖော်ဖို့ အားထုတ်နေတဲ့ အာဆီယံအဖွဲ့အစည်းကို အားပေးထောက်ခံရေးတို့ကို ဆောင်ရွက်သင့်ကြောင်း အမေရိကန်က အကြံပြုပါတယ်။

ကုလလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်ကို ကန်နိုင်ငံခြားရေးဝန်ကြီး ချီးကျူးကြိုဆို
ကုလလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်ကို ကန်နိုင်ငံခြားရေးဝန်ကြီး ချီးကျူးကြိုဆို

▪︎စမ်းချောင်းမှာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ ပစ်ခတ်ခံရ၊ တာမွေမှာ ဗုံးကွဲ

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ ဒီနေ့ မနက်ပိုင်းက လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စမ်းချောင်းမြို့နယ် ဝေဠုဝန်မြောက်ရပ်ကွက်ရှိ စူပါလက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ အုပ်ချုပ်ရေးမှူး ဝေဖြိုးအောင်၊ ရာအိမ်မှူး ထွန်းထွန်းနဲ့ ဆယ်အိမ်မှူးတို့ကို အမည်မသိလူအချို့က သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဖြိုးဝေအောင်နဲ့ထွန်းထွန်းတို့ သေဆုံးခဲ့ပြီး ဆယ်အိမ်မှူးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ တာမွေမြို့နယ်မှာလည်း မြှားပစ်ကွင်းရှေ့ရှိ စစ်ကောင်စီဝင်တွေရဲ့ ကင်းတဲကို မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက ဒီနေ့ မနက်အစောပိုင်းမှာ ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။​ အဲဒီဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားအချို့ ထိခိုက်နိုင်ဖွယ်ရှိပြီး အဖွဲ့သားများ အားလုံး ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

(အခင်းဖြစ်ပွားသည့်ဆိုင်အား စစ်ကောင်စီဝင်များက စစ်ဆေးမှုများ ပြုလုပ်နေစဥ်၊ဓာတ်ပုံ - CJ)
(အခင်းဖြစ်ပွားသည့်ဆိုင်အား စစ်ကောင်စီဝင်များက စစ်ဆေးမှုများ ပြုလုပ်နေစဥ်၊ဓာတ်ပုံ – CJ)

▪︎ဒေါက်တာခလမ်ဆမ်ဆွန် အမြန်ဆုံးလွတ်မြောက်ရေး မြစ်ကြီးနားမှာ​တောင်းဆို

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန် အမြန်ဆုံးလွတ်မြောက်ရေး တောင်းဆိုတဲ့ လှုပ်ရှားမှုကို မြစ်ကြီးနားမြို့မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ထိုင်းနိုင်ငံသို့ ဆေးကုသဖို့ သွားရောက်စဉ် ဒီဇင်ဘာ ၅ ရက်က မန္တလေးလေဆိပ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခဲ့ပြီးနောက် နှစ်ပတ် ကျော်ကြာသည်အထိ အဆက်အသွယ်မရသေးဘူးလို့ KBC တာဝန်ရှိသူအချို့က ပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဆရာတော်ဒေါက်တာခလမ်ဆမ်ဆွန် အမြန်ဆုံးလွတ်မြောက်နိုင်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုကို စီတာပူတံတားမှာ ပိတ်စဖြူစာသားနဲ့ လူထုကို နှိုးဆော်ခဲ့တာပါ။ တစ်ချိန်တည်းမှာ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ခက်ထိန်နန်ကို လူမှုရေးပြစ်ဒဏ်ခတ်တဲ့ လှုပ်ရှားမှုကိုပါ ပြုလုပ်ခဲ့ပါတယ်။ “ခက်ထိန်နန်နှင့်မိသားစုကမြန်မာစစ်တပ်ကျွန်ဆိုတာ မမေ့ကြနဲ့” ၊ “Free Rev Dr. Hkalam Samson Immediately”၊ “တရားသဖြင့် စီရင်ခြင်းကို မြစ်ရေကဲ့သို့ စီးစေကြစို့”စတဲ့ စာသားတွေ ချိတ်ဆွဲ ပြုလုပ်ခဲ့တာပါ။

▪︎လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ကုန်းသာရွာကို TNLA ဒုဥက္ကဋ္ဌ သွားရောက်စစ်ဆေး

စစ်ကောင်စီတပ်က လေကြောင်းမှ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုများပြားခဲ့တဲ့ တအာင်းဒေသနမ့်ဆန်မြို့နယ် ကုန်းသာရွာသို့ တအာင်းတပ်မတော်(PSLF/TNLA) ဒုဥက္ကဋ္ဌ တားဂျုတ်ဂျား ဦးဆောင်တဲ့ အဖွဲ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။ ဒီဇင်ဘာ ၂၀ ရက်မှာ ကျရောက်တဲ့ တအာင်း(ပလောင်)နှစ်သစ်ကူးနေ့ မတိုင်ခင်က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားရာနေရာကို သွားရောက်ခဲ့တာလို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၇ ရက် နေ့လယ်ပိုင်းက ကုန်းသာကျေးရွာအနီးသို့ ရဟတ်ယာဉ် ငါးစီးနဲ့ စစ်ဆင်အားများချပြီး ရုတ်တရက်ထိုးစစ်ဆင်တိုက်ခိုက်လာလို့ ဒေသတွင်းရှိ TNLA တပ်နဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ ငါးရက်ကြား ပြင်းထန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်ခြင်း၊ လက်နက်ကြီးနဲ့ တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။

▪︎ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းအဖွဲ့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်

မကွေးတိုင်း၊ ရေစကြိုမြို့နယ် သဲတောကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ကို မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ နှစ်ရက်ဆက်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDFက ပြောပါတယ်။ ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းက အင်အား ၁၀၀ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မြိုင်နဲ့ ပခုက္ကူမြို့နယ်များမှ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ နှစ်ရက်ဆက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်အဆင့်အရာရှိတစ်ဦးအပါအဝင် လေးဦးသေဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ Southern YSO PDFက ဆိုပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှ ရဲဘော်တစ်ဦးကျဆုံးပြီး သေနတ်တစ်လက်၊ ကျည်ဘောက်ငါးခု အပါအဝင် ကျည် (၁၈၀)ခန့်နဲ့ လက်ပစ်ဗုံးတစ်လုံးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

▪︎ရိက္ခာလာပို့တဲ့ စစ်ကောင်စီသင်္ဘောနှစ်စီးပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ရှိန်းမကားရဲစခန်းသို့ ရိက္ခာလာပို့တဲ့ စစ်ကောင်စီရဲ့ သင်္ဘောနှစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ကျားကြီးအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းက ဧရာဝတီမြစ်ကြောင်းမှတစ်ဆင့် ရှိမ်းမကားရဲစခန်းသို့ ရိက္ခာလာပို့တဲ့ စစ်ကောင်စီရဲ့ သင်္ဘောနှစ်စီးကို BoTiger ဗိုလ်ကျားကြီးအဖွဲ့နှင့် ကျားသစ်နက်ပျောက်ကြားတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ သင်္ဘောပေါ်ကနေ ပစ္စည်းတွေချနေတဲ့အချိန် (၁၂၀) မမလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်အသေဆုံးရှိနိုင်တယ်လို့ ဗိုလ်ကျားကြီးအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

▪︎စစ်ကောင်စီ ရိက္ခာတင်သင်္ဘောများနဲ့ စစ်ကောင်စီတပ်စစ်​ကြောင်းကို PDFများတိုက်ခိုက် ၃၀ ထက်မနည်း​သေဆုံး

ချင်းတွင်းမြစ်အတွင်း ဆန်တက်လာတဲ့ စစ်ကောင်စီ ရိက္ခာတင် သင်္ဘောများနဲ့ ကုန်ကြောင်းနယ်မြေရှင်းလင်းရေးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်း သေဆုံးတယ်လို့ ကနီမြို့နယ်အခြေစိုက် KLG တပ်မဟာ တာဝန်ရှိသူက ပြောပါတယ်။ ဟုမ္မလင်းမြို့သို့ ပို့ဆောင်မယ့် လေယာဥ်ဆီနဲ့ လက်နက်ခဲယမ်းများပါရှိတဲ့ စစ်ကောင်စီ သင်္ဘောများ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် အင်အား ၁၀၀ကျော်နဲ့ စစ်ကောင်စီက ကနီမြို့နယ် မုဌောရွာအနီးတစ်ဝိုက် နယ်မြေရှင်းလင်းဖို့ ဒီဇင်ဘာ ၂၁ ရက်က စတင် စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။ နယ်မြေခံမဟာမိတ်တပ်တွေအားလုံးစုပေါင်းပြီး ကြားဖြတ်တိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၃၀ မှ ၅၀ကြား သေဆုံးတယ်လို့ KLG တပ်မဟာ တာဝန်ရှိသူက ပြောပါတယ်။

You May Also Like

သတင်း

ဒီနေ့(ဒီဇင်ဘာ၂၀ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဒီဇင်ဘာ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဒီဇင်ဘာ ၁၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဒီဇင်ဘာ ၁၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။