Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဒီဇင်ဘာ ၂၃ ရက်) ညနေခင်းသတင်းတွေကို People’s Springက တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ကုန်းသာရွာကို TNLA ထိပ်ပိုင်းခေါင်းဆောင်များသွားရောက်ပြီး ဗုံးခိုကျင်းများ တူးထားဖို့ ဒေသခံတွေကို မှာကြား

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ကုန်းသာရွာဒေသခံတွေကို တအာင်းတပ်မတော်(PSLF/TNLA) ထိပ်ပိုင်းခေါင်းဆောင်များ သွားရောက်တွေ့ဆုံခဲ့ပြီး ကျေးရွာတွေနဲ့ စစ်ဘေးသင့် ပြည်သူတွေ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ဖို့ စီစဉ်ခဲ့တယ်လို့ TNLA သတင်းပြန်ကြားရေးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း အပါအဝင် ရွာလုံးကျွတ်ထိခိုက်ပျက်စီးမှု ဖြစ်ခဲ့တဲ့ ကုန်းသာရွာသို့ PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်တွေ သွားရောက်ကာ ပျက်စီးဆုံးရှုံးမှုတွေကို စစ်ဆေးခဲ့တယ်လို့ အသိပေးပါတယ်။ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပြီး PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များက တိုက်ပွဲကိစ္စကို ရှင်းပြကာ အားပေးစကား ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ပျက်စီးသွားတဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပြင် ဒေသခံပြည်သူလူထုရဲ့ နေအိမ်များနဲ့ ကျေးရွာ ပြန်လည်ထူထောင်နိုင်ဖို့ အတူတကွလက်တွဲဆောင်ရွက်သွားမယ်လို့ ကတိပေးပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

▪️ချင်းရွှေဟော်တိုက်ပွဲမှာ စစ်ကောင်စီတပ်များ ကျန်ခဲ့တဲ့ လက်နက်ခဲယမ်းများ ရှာဖွေတွေ့ရှိ

ကိုးကန့်တပ်မတော်(MNDAA)နဲ့ စစ်ကောင်စီတပ်တို့ နိုဝင်ဘာလကုန်ပိုင်းက ဖြစ်ပွါးခဲ့တဲ့ ချင်းရွှေဟော်ဒေသ တိုက်ပွဲမှာ စစ်ကောင်စီတပ်များ ကျန်ခဲ့တဲ့ လက်နက်ခဲယမ်းများကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ MNDAAက ဒီနေ့ ထုတ်ပြန်ပါတယ်။ တိုက်ပွဲ ငြိမ်သွားပြီး စစ်ရေးပြေလျော့တဲ့ အခြေအနေမှာ MNDAAက နယ်မြေရှင်းလင်းရာ တွေ့ရှိခဲ့တဲ့ လက်နက်၊ ခဲယမ်းတွေကို စုစည်းထုတ်ပြန်ခဲ့တာပါ။ မြန်မာ – တရုတ်နယ်စပ် ချင်းရွှေဟော်ဒေသရှိ MNDAA တပ်စခန်းကို စစ်ကောင်စီတပ်နဲ့ကိုးကန့်ပြည်သူ့စစ် ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ နိုဝင်ဘာ ၂၈၊ ၂၉ရက်တို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များခဲ့ပါတယ်။ MNDAAနဲ့ စစ်ကောင်စီတပ်တို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မုံးကိုးဒေသမှာ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။

(ကိုးကန့်တပ်မတော်(MNDAA)မှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ဓာတ်ပုံ - The Kokang)
(ကိုးကန့်တပ်မတော်(MNDAA)မှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ဓာတ်ပုံ – The Kokang)

▪️ထောမူပလယ်မဲ တပ်စခန်းကို KNUတပ်မဟာ(၅) ခြုံခိုတိုက်ခိုက်၊ စစ်ကောင်စီတပ် သုံးဦးသေ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် လူသောမြို့နယ်ရှိ ထော်မူပလယ်မဲ စစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာ ၂၁ ရက် မနက်က ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၂၁ရက် က တပ်မဟာ(၅)နဲ့ စစ်ကောင်စီတပ် တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ရာ ထော်မူပလယ်မဲ့စခန်းကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ နောက်ပြီး လူနာပြန်လည်ပို့ဆောင်နေတဲ့ စစ်ကောင်စီတပ်ကို ဒွယ်လိုးမြို့နယ်အတွင်းရှိ ထီးဂေလေါ်နဲ့ မြေနီကုန်းအကြားမှာ ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးအခြေအနေတော့ မသိရသေးပါဘူး။ ထို့အပြင် ဘူးသိုမြို့နယ်ရှိ ကောကာ့ထာ့ဒေသမှာ စစ်ကောင်စီတပ်ကို တပ်မဟာ(၅)က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ – KNU

▪️မြောင်မှာ စစ်ကောင်စီတ​ပ်ရဲ့ လက်နက်ကြီးကြောင့် (၄)နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ရဲ့ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် မြေးအဘွားနှစ်ဦးအပါအဝင် ခုနစ်ဦးထက်မနည်းထိခိုက်ခဲ့ပြီး (၄)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ မြောင် CDSOMအဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာဘက်မှ မြစ်အနောက်ဘက်ကမ်း မြောင်​မြို့နယ် ညောင်ကားယားကျေးရွာအတွင်းသို့ (၆၀) မမ သုံးလုံး၊ အတွဲလိုက်အီနာဂါတွေကို ဒရုန်းနဲ့ နှစ်ကြိမ်ကြဲချရာ ဒေသခံ ပြည်သူခုနစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်သူများအနက် အိမ်မှာရှိနေတဲ့ မြေးအဘွား နှစ်ဦးရဲ့ ရှေ့သို့ ကျရောက်ပေါက်ကွဲမှုကြောင့် မြေးအဘွားနှစ်ဦးလုံး ပြင်းထန်ဒဏ်ရာများရရှိခဲ့တယ်လို့ သိရပါတယ်။ ကလေးငယ်ကတော့ လမ်းမှာပဲ ဆုံးပါးသွားခဲ့တယ်လို့ ကိုနွေဦး(မြောင်)က ပြောပါတယ်။ အဘွားဖြစ်သူမှာလည်း ဒဏ်ရာပြင်းထန်ပြီး ကြိုးစားကုသရမယ့် အခြေအနေလို့ သူက ဆက်ပြောပါတယ်။

ဆုံးပါးသွားသည့်ကလေးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ-Ko Nway Oo (Myaung)
ဆုံးပါးသွားသည့်ကလေးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ-Ko Nway Oo (Myaung)

▪️ဒီပဲယင်းနယ် ကလေးငယ်သုံးဦး စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ထား

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပစ်ခတ်မီးရှို့နေလို့ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး ကလေးငယ်သုံးဦး လက်နက်ကြီးထိမှန်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး မီးရှို့နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့မှာ ဒီပဲယင်းမြို့နယ်၊ အနောက်တောင်ဘက်ခြမ်းကျေးရွာတွေကို ဝင်ရောက်နေတာကြောင့် ​နယ်ခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ဒီနေ့ နေ့ခင်းက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒီပဲယင်းမြို့နယ် ကြည်ဘုရားထွက်ကျေးရွာအတွင်းရှိ ကလေးငယ်သုံးဦး လက်နက်ကြီးထိမှန်ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဒီပဲယင်းမြို့နယ် ချောင်းပေါက်ကျေးရွာ ပြည်သူ့နေအိမ် ၃၂ လုံး ထပ်မံမီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။

▪️ကင်းစောင့်ရင်းဖဲရိုက်နေတဲ့ စစ်အုပ်စု ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြိုင်မြို့မြောက်ဘက် ကင်းစောင့်ရင်းဖဲရိုက်နေတဲ့ စစ်အုပ်စုဝင်များကို ဒရုန်းနဲ့ အီနာဂါချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောပါတယ်။ မနေ့ နေ့ခင်းက မြိုင်မြို့မြောက်ဘက်မှာ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးများ ကင်းစောင့်နေစဥ် ဖဲရိုက်နေကြောင်း သတင်းရလို့ မြိုင်(ပကဖ)အဖွဲ့ တပ်ရင်း (၁) ရဲ့ တပ်ခွဲ – ၃ အဖွဲ့ဟာ ဒရုန်းနဲ့ အီနာဂါနှစ်လုံးဖြုတ်ချကာ တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။ စစ်ကောင်စီတပ်တွေဟာ ပထမတစ်လုံး ဖြုတ်ချစဉ် ဟစ်အော်ထွက်ပြေးခဲ့ကြပြီး ပြေးလွှားနေချိန် ဒရုန်းနောက်တစ်စင်းနဲ့ လိုက်လံကာ ထပ်မံဖြုတ်ချရာ စစ်ကောင်စီတပ်သား တစ်ဦး၊ ရဲ နှစ်ဦးနဲ့ ပျူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

▪️ကန့်ဘလူမှာ စစ်ကောင်စီတပ်က အရပ်သားငါးဦးကို လူသားဒိုင်းအဖြစ်ဖမ်းပြီး သုံးဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဂါးဘလော်ကျေးရွာသို့ ဝင်ရောက်အကြမ်းဖက်မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူ ငါးဦးကို ဖမ်းဆီးသွားပြီး ယင်းအနက် သုံးဦးကို သတ်ဖြတ်သွားတယ်လို့ ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁၇ ရက်က ဂါးဂလော်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ(၃၆၈ ) နဲ့ ပျူစောထီးတွေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ကာ ဘုန်းကြီးကျောင်းနဲ့ ကျေးလက်ဆေးပေးခန်းပါ မကျန် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ အင်အား ၁၂၀ ခန့်ပါ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာ အိမ်ခြေ ၁၀၀ ခန့်ရှိ ဂါးဂလော်ကျေးရွာကို မီးရှို့ခဲ့ရာ ဘုန်းကြီးကျောင်း၊ ကျေးလက်ဆေးပေးခန်းနဲ့ပြည်သူပိုင်နေအိမ် ၂၃ လုံးအား မီးရှို့ဖျက်ဆီး ခဲ့တဲ့ အပြင် ဒေသခံ အမျိုးသားသုံးဦးနဲ့ အမျိုးသမီးနှစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို့ ဖော်ပြပါတယ်။ အဲဒီနောက် အမျိုးသားတစ်ဦးကို ရက်စက်စွာ ညှင်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ပြန်လည်တွေ့ရှိခဲ့ရကာ ကျန်အမျိုးသားနှစ်ဦးကိုမူ မီးရှို့သတ်ဖြတ်ထားတယ်လို့ ခန့်မှန်းရတဲ့ မီးလောင်ပြာကျ အရိုးစုနှစ်ခုအဖြစ်သာ ပြန်လည် တွေ့ရှိခဲ့ရတယ်လို့ အသိပေး ထုတ်ပြန်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးနှစ်ဦးကိုမူ အခုအချိန်အထိပြန်လည်မတွေ့ရှိရသေးဘူးလို့ သိရပါတယ်။

▪️စစ်ကောင်စီတပ်ရဲ့ အကြောင်းမဲ့ လိုက်လံပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်မှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူနှစ်ဦးစီးနင်းလာတဲ့ ဆိုင်ကယ်တစ်စီးကို ကားနဲ့ အကြောင်းမဲ့လိုက်လံပစ်ခတ်ခဲ့လို့ တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီဇင်ဘာ ၂၁ ရက် နေ့ခင်းက ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်သားများ စစ်ဆေးနေလို့ ပြန်လှည့်မောင်းနှင်သွားတဲ့ လူနှစ်ဦးစီးနင်းလာတဲ့ ဆိုင်ကယ်ကို စစ်ကောင်စီတပ်သားနဲ့ ရဲများက ကားတစ်စီးနဲ့ လိုက်လံပစ်ခတ်ခဲ့ရာ ဘိုးဘွားရိပ်သာလမ်းတောင်ဘက်အနီး လဲကျခဲ့ပြီး တစ်ဥဦးသေဆုံးခဲ့တာလို့ သိရပါတယ်။ အလားတူ ရွှေဘိုမြို့နယ်၊ ရွှေဘို – ဆိပ်ခွန်လမ်းပိုင်း၊ ချီပါမျိုးသန့်ခြံအနီး စစ်ကောင်စီတပ်သားနဲ့ ရဲများ အင်အားအများအပြားနဲ့ စစ်ဆေးလျက်ရှိပြီး ပြည်သူ ငါးဦးကို လက်ပြန်ကြိုးတုပ်ဖမ်းဆီးကာ ဆိုင်ကယ်များကိုလည်း သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ဖယ်ခုံနှင့် မိုးဗြဲမြို့နယ်များမှ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - KRC)
(ဖယ်ခုံနှင့် မိုးဗြဲမြို့နယ်များမှ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ – KRC)

▪️သာသနာ့ဂုဏ်ဆောင်ဆရာတော်ကြီးတွေရဲ့ မွေးရပ်မြေပါမချန် စစ်ကောင်စီတ​ပ် မီးတင်ရှို့နေ

ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်၊ ဝါဆိုဆရာတော်တို့ရဲ့ မွေးရပ်မြေ စစ်ကိုင်းမြို့နယ်၊ မိုးသောက်(ဘောက်သောက်) ကျေးရွာအုပ်စု၊ လင်းယဉ် ၅ ရွာမှ နေအိမ် ၇၀၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီဇင်ဘာ၂၁ ရက်က စစ်ကိုင်းမြို့နယ်၊ မိုးသောက် (ဘောက်သောက်) ကျေးရွာအုပ်စု၊ လင်းယဉ် ၅ ရွာသို့ စစ်ကောင်စီတပ် ဝင်ရောက်ကာ မိုးသောက်ရွာမှ နေအိမ်၂၅၀ လုံး ၊ လင်းယဥ်ရွာမှ နေအိမ် ၁၅၀ ၊ လင်းယဉ်ရွာသစ်မှ နေအိမ် ၁၃၀ ၊ ရှမ်းကုန်းရွာမှ နေအိမ် ၁၄၈ လုံး၊ ကုန်းကြီးရွာမှ နေအိမ် ၅၁လုံး စုစုပေါင်း လူနေအိမ် ၇၂၉ လုံး ကို တပ်မ(၃၃) စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ဖျက် ဆီးခဲ့တယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ ဒေသခံ အမျိုးသားအချို့လည်း ဖမ်းဆီးခံရကာ တစ်ဥဦးပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

You May Also Like

သတင်း

ဒီနေ့(ဒီဇင်ဘာ၂၂ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့(ဒီဇင်ဘာ၂၀ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဒီဇင်ဘာ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဒီဇင်ဘာ ၁၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။