Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့(ဒီဇင်ဘာ၂၀ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြတ်သားစွာဆန့်ကျင်ကြဖို့ ယာယီသမ္မတ တိုက်တွန်း

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ ၎င်းတို့ အာဏာသက်ဆိုးရှည်ရေး ရည်ရွယ်လုပ်ဆောင်တာဖြစ်လို့ ပြည်သူတစ်ရပ်လုံး ဆန့်ကျင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပါတယ်။ ၂၀၂၃ မှာ စစ်ကောင်စီဟာ အတုအယောင်ရွေးကောက်ပွဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျင်းပပြီး နိုင်ငံတကာရဲ့ တရားဝင်မှုရအောင် နိုင်ငံရေး ထွက်ပေါက်ရှာမယ်ဆိုတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ၂၀၂၃ ဟာ စစ်ရေး၊ နိုင်ငံရေး အချိုးအကွေ့များ ဖြစ်လာနိုင်မယ့်နှစ် ဖြစ်ပြီး အဲဒီအတွက် တော်လှန်ရေး လမ်းစဉ်တွေမှာ မဟာဗျူဟာအရ မမှားစေဖို့ လိုအပ်သကဲ့သို့ နည်းဗျူဟာ အရ အလွဲအချော်များ မဖြစ်စေဖို့ လိုအပ်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။ နောက်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ မည်သည့်အာဏာဖီဆန်ရေးကိစ္စမဆို သေးဖွဲတယ်လို့ မရှိကြောင်း သူက ဆက်ပြောပါတယ်။

စစ်အုပ်စုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲ ပြတ်သားစွာဆန့်ကျင်ကြရန် ယာယီသမ္မတထပ်လောင်းတိုက်တွန်း
စစ်အုပ်စုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲ ပြတ်သားစွာဆန့်ကျင်ကြရန် ယာယီသမ္မတထပ်လောင်းတိုက်တွန်း

▪︎စစ်အုပ်စုနဲ့စီးပွားရေးလုပ်နေ​တဲ့ ရိုးမဘဏ်မှ IFC ပိုင်ရှယ်ယာများကို ပြန်ရောင်း

စစ်အုပ်စုနဲ့ စီးပွားရေးလက်တွဲလုပ်နေတဲ့ ရိုးမဘဏ်ထံမှာ ရင်းနှီးမြှပ်နှံထားတဲ့ ရှယ်ယာတွေကို ကမ္ဘာ့ဘဏ်လက်အောက်ခံ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IFC)က ပြန်ရောင်းလိုက်ပြီလို့ Justice For Myanmarက ဒီနေ့ထုတ်ပြန်ပါတယ်။ IFCဟာ ရိုးမဘဏ်ရဲ့ ရှယ်ယာ ၄ ဒသမ ၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး လက်ရှိမှာ အဲဒီရှယ်ယာတွေကို ဒေါ်လာ ၅ သန်းနဲ့ ရိုးမဘဏ်ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ FMI ကုမ္ပဏီထံ ပြန်လည်ရောင်းချခဲ့တာပါ။ မြန်မာပြည်သူတွေကို အကြမ်းဖက်စစ်ပွဲ ဆင်နွှဲနေတဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ဆောင်နေတာကို ရိုးမဘဏ်က မတားဆီးနိုင်တဲ့အခြေအနေမှာ IFC က ရိုးမဘဏ်ကနေ နုတ်ထွက်လိုက်တာဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ရပ် ဖြစ်တယ်လို့ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

(၂၀၁၉ ခုနှစ်တွင် IFC နှင့် ရိုးမဘဏ်တို့သ​ဘောတူလက်မှတ်​ရေးထိုးခဲ့စဥ်။ ။ဓါတ်ပုံ-ရိုးမဘဏ်)
(၂၀၁၉ ခုနှစ်တွင် IFC နှင့် ရိုးမဘဏ်တို့သ​ဘောတူလက်မှတ်​ရေးထိုးခဲ့စဥ်။ ။ဓါတ်ပုံ-ရိုးမဘဏ်)

▪︎အင်းတော်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကူစစ်ကြောင်း စက်တောကုန်းရွာကို မီးရှို့နေ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် စက်တောကုန်းရွာကို စစ်ကောင်စီတပ်က ဒီနေ့ မနက်အစောပိုင်းမှာ မီးရှို့နေတယ်လို့ အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်က ပြောပါတယ်။ တစ်ရွာလုံးနီးပါး မီးထဲပါသွားတယ်လို့ သူက ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ အင်းတော်နယ်ကို ဒီဇင်ဘာ ၁၆ ရက်ကစလို့ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး လိုက်လံမီးရှို့နေရာ ဒေသခံ PDFနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့က ပူးပေါင်းခုခံခဲ့လို့ တိုက်ပွဲများဖြစ်ပွားနေပါတယ်။ အင်းတော်မြို့နယ်ရှိ ဂျုံးဂျုံးကျရွာသစ်၊ ဂျုံးဂျုံးကျရွာမ၊ ပိန်းအင်းရွာ၊ မအူကုန်းကျေးရွာတို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့လို့ ပြည်သူလူထုနေအိမ်များ ပျက်စီးခဲ့ပါတယ်။ လက်ရှိ အခြေအနေတွေအရ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်တယ်လို့ တော်လှန်ရေး ရဲဘော်က ပြောပါတယ်။

▪︎ပေါက်နယ် ထောက်ရှာပင်ရွာကို စစ်အုပ်စုမီးရှို့လို့ နေအိမ် ၂၀ပြာကျ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထောက်ရှာပင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလို့ နေအိမ်အလုံး ၂၀ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပေါက်မြို့နယ်အရှေ့ပိုင်းရှိ ထောက်ရှာပင်ကျေးရွာကို ဒီဇင်ဘာ ၁၈ ရက်ညက မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ပြီး ပြည်သူပိုင်နေအိမ် အလုံး ၂၀ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထောက်ရှာပင်ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ မနက်ပိုင်းမှာ ထောက်ရှာပင်ရွာမှ ထွက်လာပြီး မြိုင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

ထောက်ရှာပင်ရွာအတွင်းမီးရှို့ဖျက်ဆီးခံရသော နေအိမ်များ၊ ဓာတ်ပုံ-We Love Myaing
ထောက်ရှာပင်ရွာအတွင်းမီးရှို့ဖျက်ဆီးခံရသော နေအိမ်များ၊ ဓာတ်ပုံ-We Love Myaing

▪︎စစ်ကောင်စီတပ်ကို ကလေး PDF မိုင်းခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်းကလေးမြို့၊ တောင်သာရပ်ကွက်မှ အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို မိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ က​လေးမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက​ပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ ကလေးမြို့တောင်သာရပ်ကွက်မှ စစ်ကြောင်းထိုးလာပြီး စက္ကန့်ကျေးရွာမှာ ညအိပ်ရပ်နားပြီး သုံးအိမ်စုကျေးရွာသို့ စစ်ကြောင်းထိုးလာစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မိုင်းဖောက်ခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိနိုင်ပေမယ့် အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ပြောပါတယ်။ မိုင်းဆွဲတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်မှုကြောင့် နဂါးပွတ်ကျေးရွာမှ အဘွားအိုတစ်ဦးထိခိုက်ခဲ့ပြီး နွားတစ်ကောင်နဲ့ ဆိုင်ကယ်သုံးစီးပျက်စီးခဲ့ရတယ်လို့ ကလေးPDFကထုတ်ပြန်ထားပါတယ်။

▪︎စစ်ကောင်စီတပ်စွဲရာ ညောင်ငုပ်တိုပျူစခန်းကို PDFများ စီးနင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးစခန်းကို ဒေသတွင်း တပ်ပေါင်းစုများက စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စုအထိအခိုက်ရှိပြီး ပြည်သူ့ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မနေ့ မနက်ပိုင်းက စစ်ကိုင်းမြို့နယ် ဆားတောင်မြို့၊ ညောင်ငုပ်တိုကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးစခန်းကို စစ်ကိုင်းခရိုင် တပ်ရင်း (၂)၊ စစ်ကိုင်းခရိုင် တပ်ရင်း (၃)၊ စစ်ကိုင်းမြို့နယ်(ပ.က.ဖ)၊ နယ်မြေခံ LPDF/PDFများ ပါဝင်တဲ့ မဟာမိတ်တပ်ပေါင်းစုက စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း PDF များက ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၁ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများပြားတယ်လို့ သိရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးလည်း ကျဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း ပကဖအဖွဲ့က အသိပေးပါတယ်။

▪︎ထန်းတပင်နယ် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

သားမက်ဖြစ်သူဗိုလ်ကြီးအားကိုးနဲ့ ဒေသခံပြည်သူများအပေါ် နှိပ်စက်နေတဲ့ ကျီတော်ကျေးရွာအုပ်ချုပ်ရေးမှူးကို ‘နန်းထိုက်အောင်စစ်ဆင်ရေး ‘အဖြစ် ပစ်သတ်ရှင်းလင်းခဲ့တယ်လို့ BAGO PDFက ဒီနေ့ထုတ်ပြန်ပါတယ်။ ပဲခူးတိုင်း ထန်းတပင်မြို့နယ် ကျီတော်ကျေးရွာအုပ်စု အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဌေးအောင်ကို ဒီနေ့ မနက်အစောပိုင်းမှာ ထန်းတပင်ပကဖ (ကျွဲရိုင်းအဖွဲ့) က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ပစ်ခတ်မှုမှာ အုပ်ချုပ်ရေးမှူး ဌေးအောင်မှာ ‌ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ အသိပေးပါတယ်။ ဌေးအောင်ရဲ့ သားမက်ဖြစ်သူမှာ အကြမ်းဖက်စစ်ကောင်စီတပ် အမှတ်(၄၀၂)ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးရဲဝင်းအောင် ဖြစ်တယ်လို့ သိရပါတယ်။

▪︎ညောင်ပင်ဝန်းရဲစခန်းရှေ့ စစ်ဆေးရေးဂိတ်ကို PDFများ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်ရှိ ညောင်ပင်ဝန်းရဲစခန်းရှေ့မှာ စစ်ဆေးငွေကောက်နေတဲ့ စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုက်နယ်စွန်(စွန်) PDFအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ မနက်ပိုင်းက မုံရွာ – မန္တလေးလမ်းမကြီးပေါ်ရှိ ညောင်ပင်ဝန်းရဲစခန်းမှ ငွေကောက်ခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။ ပစ်ခတ်တိုက်ခိုက်​နေချိန်မှာ ပြည်သူတွေရဲ့ ယာဉ်များသွားလာနေခြင်းကြောင့် ပြန်လည်ဆုတ်ခွာလာခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးဘူးလို့ ဖော်ပြပါတယ်။

▪︎ခလရ ၅၈၆ တပ် ဘန်ကာကို RPG နဲ့ပစ်ခတ်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိ

မွန်ပြည်နယ် ရေးမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ (၅၈၆) တပ်ရင်းကို ရေးဘီလူးအဖွဲ့က ဒီနေ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ယင်းအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။ ဒီနေ့ မွန်းလွဲပိုင်းက ဘန်ကာထဲကို RPG သုံးပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း ရေးဘီလူးအဖွဲ့မှ ထိခိုက်မှုမရှိဘူးလို့ သူက အသိပေးပါတယ်။

You May Also Like

သတင်း

ဒီနေ့ (ဒီဇင်ဘာ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဒီဇင်ဘာ ၁၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဒီဇင်ဘာ ၁၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့(ဒီဇင်ဘာ၁၃ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring ကတင်ဆက်ပေးပါမယ်။