Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

CNF ဌာနချုပ်ကိုဗုံးကျဲခဲ့သောတိုက်​လေယာဥ်​မှူးများ

ပြည်သူကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက”သူတို့ကို​သေချာမှတ်ထားရမယ်။ အနန့်ပါအတွက်​ရော ၊ Camp Victoria အတွက်​ရော​ပေါင်းပြီးအ​ကြွေး​တောင်းရမယ်”ဟု​ပြောသည်။

CNF ဌာနချုပ်ကိုဗုံးကျဲခဲ့သောတိုက်​လေယာဥ်​မှူးများ
CNF ဌာနချုပ်ကိုဗုံးကျဲခဲ့သောတိုက်​လေယာဥ်​မှူးများ

▪︎ဖားကန့်အနန့်ပါ ဂီတပွဲဗုံးကျဲခဲ့​သော​တိုက်လေယာဥ်​မှူး သုံးဦးမှာ CNF ဌာနချုပ်ဗုံးကျဲရာတွင်လည်းပါဝင်ခဲ့

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ဌာနချုပ်ကို စစ်ကောင်စီတပ်က​ နှစ်ရက်ဆက်လေ​ကြောင်းတိုက်ခိုက်မှုကိုပြုလုပ်ခဲ့​သော တိုက်လေယာဥ်​မှူး(​လေသူရဲ) ရှစ်ဦး၏ အမည်စာရင်းကို People’s Spring ကစုံစမ်းသိရှိရသည်။

ဇန်နဝါရီ ၁၀ရက်ညနေပိုင်းတွင်စစ်ကောင်စီကချင်းပြည်နယ်၊ ထန်တလန်မြို့နယ် မြန်မာ-အိန္ဒိယနယ်စပ်ရှိ CNF ဌာနချုပ် Camp Vactoria ကို ​တိုက်​လေယာဥ် ၅ စင်းဖြင့်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CNA ရဲဘော် ၅ဦးကျဆုံးခဲ့ပြီး ၁၀ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ ဇန်နဝါရီ ၁၁ ရက်ညနေတွင်လည်း တိုက်​လေယာဥ် ၃ စင်းဖြင့်ထပ်မံသွား​ရောက်ဗုံးကျဲခဲ့​သော်လည်းအ​ဆောက်အအုံအချို့ပျက်စီးပြီး လူထိခိုက်ကျဆုံးမှုမရှိခဲ့​ပေ။

အဆိုပါ​လေ​ကြောင်းတိုက်ခိုက်မှုများကို အမှတ် ၆၂တိုက်ခိုက်​ရေး​လေတပ်အုပ်စု (၆၂ အုပ်)တံတားဦး​လေတပ်နှင့် ​အေလာ​လေတပ်မှ ​တိုက်​လေယာဥ်​မောင်းမှူးက ရုရှားနိုင်ငံထုတ် YAK-130 ​တိုက်​လေယာဥ်များ​မောင်းနှင်၍ကျူးလွန်ခဲ့ခြင်းဖြစ်​ကြောင်း​နေပြည်​တော်ရှိစစ်​ကောင်စီမှအမည်မ​ဖော်လို​​သောသတင်းရင်းမြစ်များထံမှသိရသည်။

​ဇန်နဝါရီ ၁၀ ရက်တိုက်ခိုက်မှုကို တံတားဦး​လေတပ်မှ ၃ စီး၊​​အေလာမှ ၂ စီး တို့ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးဗိုလ်မှူးရဲ​ဇော်နိုင်(၆၂ အုပ်မှူး) ၊ ဗိုလ်မှူးမင်းစိုး​ကျော် ၊ ဗိုလ်မှူးရန်နိုင်စန်းတို့ကတံတားဦး​လေတပ်မှသွား​ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။​အေလာ​လေတပ်ဘက်မှ ဗိုလ်မှူးသက်လင်းမောင်၊ ဗိုလ်မှူးသိန်းဇော်မြင့်တို့က ထွက်ခွာတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း စစ်​ကောင်စီမှသတင်းရင်းမြစ်တစ်ဦးက​ပြောသည်။ ဇန်နဝါရီ ၁၀ ရက်တိုက်ခိုက်မှု​ကြောင့် CNA တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့ပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့​ကာ အ​ဆောက်အအုံအချို့ပျက်စီးခဲ့ကြောင်း CNF/CNAမှသတင်းရင်းမြစ်က​ပြောသည်။

ထိုအပြင် ဗုံးကျဲတိုက်ခိုက်စဥ် အိန္ဒိယ​လေပိုင်နက်အတွင်းဖြတ်​ကျော်ဝင်​ရောက်ပျံသန်းခဲ့သလို ဗုံးတစ်လုံးမှာအိန္ဒိယနိုင်ငံဘက်ခြမ်းသို့ကျ​ရောက်ခဲ့​ကြောင်း​ဒေသခံအချို့က​ပြောသည်။သို့​​သော် ယ​နေ့အထိ အိန္ဒိယအစိုးရကယင်းနှင့်ပတ်သပ် တစ်စုံတစ်ရာထုတ်​ဖော်​ပြောကြားမှုမ​တွေ့ရ​သေး​ပေ။

ဒုတိယ​လေ​ကြောင်းတိုက်ခိုက်မှုပြုလုပ်​သော ဇန်နဝါရီ ၁၁ရက် ညနေပိုင်းတွင်တိုက်​လေယာဥ် ၃ စီးဖြင့်ထပ်မံသွား​ရောက်တိုက်ခိုက်ခဲ့ရာ တံတားဦးမှ ၁ စီး ၊​အေလာမှ ၂ စီးပါဝင်သည်။တံတားဦး​လေတပ်မှဗိုလ်မှူးနေဝင်းကျော် ၊ အေလာမှ ဗိုလ်မှူးသက်လင်းမောင်၊ ဗိုလ်ကြီးဇေယျာမျိုးတို့ကYAK-130 တိုက်​လေယာဥ်များဖြင့်သွား​ရောက်တိုက်ခိုက်ခဲ့​ကြောင်းသိရသည်။ထိုတိုက်ခိုက်မှုတွင်လူထိခိုက်ကျဆုံးမှုမရှိဘဲ ပြင်ပ​ဆေးကုသ​ဆောင်အပါအဝင်အ​ဆောက်အအုံအချို့သာထိ့မှန်ပျက်စီးခဲ့ကြောင်း CNA ဌာနချုပ် နယ်မြေရှိ ချင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထူးခြားချက်မှာ ပြည်သူများ၊အနုပညာရှင်များအပါအဝင် လူ ၁၀၀ ​​ကျော်​သေဆုံးဒဏ်ရာရရှိ​ခဲ့​သောကချင်ပြည်နယ်၊ဖားကန့်မြို့နယ် ၊အနန့်ပါ ​ဒေသ ဂီတ​ဖျော်​ဖြေပွဲကို ဗုံးကျဲတိုက်ခိုက်ခဲ့​သော တိုက်​လေယာဥ်​မှူး သုံးဦးမှာ CNF ဌာနချုပ်တိုက်ခိုက်မှုတွင်ထပ်မံပါဝင်​နေခြင်းဖြစ်သည်။ ဇန်နဝါရီ ၁၀ ရက်တိုက်ခိုက်မှုမှ ဗိုလ်မှူး ရဲ​ဇော်နိုင်နှင့် ဗိုလ်မှူးမင်းစိုး​​ကျော် ၊ ဇန်နဝါရီ ၁၁ တိုက်ခိုက်မှုမှ ဗိုလ်မှူး​နေဝင်း​ကျော် တို့သုံးဦးမှာ အနန့်ပါတိုက်ခိုက်မှုကိုကျူးလွန်ခဲ့ကြသူများလည်းဖြစ်သည်။

“ဗိုလ်မှူးရဲ​ဇော်နိုင်က ပစ်မှတ်ထိ​အောင်ပစ်တာမှာ​တော်တယ်လို့နာမည်ကြီးတယ်။ ၆၂ အုပ်မှူးဖြစ်တာမကြာ​သေးဘူး။ အရင် ၆၂ အုပ်မှူ ဗိုလ်မှူကြီး ဇော်မြင့်ထွန်းပြောင်းတော့ သူက အုပ်မှူးဖြစ်သွားတာ”ဟု ​နေပြည်​တော်ရှိစစ်​ကောင်စီမှ အမည်မ​ဖော်လို​​သော သတင်းရင်းမြစ်တစ်ဦးက​ပြောသည်။

ပြည်သူကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက”သူတို့ကို​သေချာမှတ်ထားရမယ်။ အနန့်ပါအတွက်​ရော ၊ Camp Victoria အတွက်​ရော​ပေါင်းပြီးအ​ကြွေး​တောင်းရမယ်”ဟု​ပြောသည်။

▪︎စစ်​ကောင်စီက ​လေယာဥ်ပျံမည်​နေရာခန့်မှန့်ရခက်​အောင် အ​ယောင်ပြပျံသန်း​သောဗျူဟာသုံးလာ

ချင်းပြည်နယ်မှ CNF ဌာနချုပ်ကိုတိုက်ခိုက်ရာတွင် စစ်​ကောင်စီ​လေတပ်က ​တိုက်​လေယာဥ်များကို မူလ​လေတပ်စခန်းမှ သွား​ရောက်တိုက်ခိုက်မည့်​နေရာသို့တိုက်ရိုက်မသွားဘဲ ပျံသန်းမည့်​နေရာခန့်မှန်းရခက်​အောင်အယာင်ပြတခြား​ဘက်သို့ပျံသန်းပြီးမှ သွား​ရောက်တိုက်ခိုက်​သောဗျူဟာသုံးခဲ့သည်ကိုလည်း​တွေ့ရသည်။

CNFဌာနချုပ်ကို တိုက်ခိုက်​သောပထမ​နေ့တွင် တံတားဦး​လေတပ်မှ တိုက်​လေယာဥ် ၅ စီးမှာ ချင်းပြည်နယ်ဘက်သို့တိုက်ရိုက်မပျံဘဲဘအ​ရှေ့​မြောက်ဘက်အရပ်သို့အ​ယောင်ပြပျံသန်းခဲ့ခြင်းဖြစ်သည်။တံတားဦးလေတပ်မှ ဇန်နဝါရီ ၁၀ ရက်ည​နေ ၃ နာရီ ၃၆ မိနစ်တွင် ၁ စီး၊ ၃ နာရီ ၅၆ မိနစ်တွင်တစ်စီး၊ ၄ နာရီ ၁ မိနစ်တွင် ၁ စီး ၊ ၄ နာရီ ၃ မိနစ်တွင် ၁ စီး ၊ ၄ နာရီ ၁၁ မိနစ်တွင် တစ်စီး အ​ရှေ့​မြောက်အရပ်သို့အ​ယောင်ပြပျံသန်းပြီးမှ ချင်းပြည်နယ်သို့သွား​ရောက်ဗုံကျဲခဲ့ခြင်းဖြစ်​ကြောင်း စစ်​ကောင်စီ​လေ​ကြောင်းပျံသန်းမှုအချက်အလက်များကိုစု​ဆောင်း၍ သတိ​ပေး​နေ​သောEnemy Air Route (EAR) က​ဖော်ပြထားသည်။

​စစ်​ကောင်စီ​လေတပ်မှ ​လေယာဥ်များပျံသန်းမှူကိုပြည်သူများက​စောင့်ကြည့်၍ အချင်းချင်းသတိပေးသဖြင့် စစ်တပ်က ပျံသန်းမည့်​နေရာကို ခန့်မှန်းရခက်​အောင် ဗုံးကျဲမည့်​နေရာမတိုင်ခင် အ​ယောင်ပြပျံသန်း​ခြင်း ၊ကြား​လေတပ်စခန်းတစ်ခုကိုသွား​ရောက်နားပြီး ထိုမှတစ်ဆင့်ပျံသန်းခြင်း၊အပြန်တွင်လည်း လမ်းတစ်​နေရာဝင်ပြီး​နောက်ရက်မှ ပြန်ခြင်း စ​​သော အ​ယောင်ပြဗျူဟာကိုအသုံးပြုလာခြင်းဖြစ်​ကြောင်းစစ်​ကောင်စီမှ သတင်းရင်းမြစ်များက​ပြောသည်။

▪︎​လေသူရဲ အမည်ဝှက် “ယက္ခ” မှ “စစ်မင်း” သို့​ပြောင်း

တံတားဦး​လေတပ်သည် ယခု​နောက်ပိုင်း ကချင် ၊ချင်း၊ရခိုင်၊ ရှမ်းပြည်နယ် စ​သော​ဒေသများတွင်​လေ​ကြောင်းတိုက်ခိုက်မှုများကို ရုရှားထုတ် YAK-130 ​လေယာဥ်များဖြင့်အဓိကပြုလုပ်​နေ​သော အမှတ် ၆၂ ​တိုက်ခိုက်မှုအုပ်အ​ခြေစိုက်ရာဖြစ်ပြီး ၊ယခုအခါ ​အေလာကိုပါ YAK-130 ​လေယာဥ်များနှင့်​လေသူရဲများခွဲထား၍ ​လေတပ်အခွဲအဖြစ်အသုံးပြု​နေ​ကြောင်း စစ်​ကောင်စီသတင်းရင်းမြစ်များက​ပြောသည်။

ထို ၆၂ အုပ်၏ ​လေသူရဲ (​လေယာဥ်​မောင်း) များအတွက်နာမည်ဝှက်ကို “ယက္ခ “ဟုအသုံးပြုခဲ့ရာမှ Myanmar Now သတင်းဌာန၏ စုံစမ်း​ဖော်ထုတ်မှု​ကြောင့် ယခုရက်ပိုင်းတွင် နာမည်ဝှက် ကို “စစ်မင်း”ဟု ထပ်မံ​ပြောင်းလဲထား​ကြောင်း စစ်​ကောင်စီ သတင်းရင်းမြစ်အချို့က​ပြောသည်။

You May Also Like

သတင်း

စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် အိန္ဒိယနိုင်ငံ နယ်နိမိတ်အတွင်းသို့ ဗုံးတစ် လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ယမန်နေ့ညနေက CNFဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရမှုတွင် ဒေသတွင်းကျေးရွာများမှ လူနာများအားလက်ခံကုသပေးနေသည့် ပြင်ပလူနာဆောင်အပါအဝင် လူနေအိမ် အချို့ထိခိုက်ပျက် စီးခဲ့ကြောင်း Chinland Information Center က သတင်းထုတ်ပြန်သည်။

သတင်း

လက်ရှိတွင်လည်း မင်းတပ် CDF ရှိရာနယ်မြေသို့ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာ၍ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။

သတင်း

ဇန်နဝါရီ ၁၀ရက် ညနေပိုင်း၌ လေကြောင်းတိုက်ခိုက်ခံရ၍ CNF ရဲဘော် ၅ဦးကျဆုံးပြီး ၁၀ဦးခန့်ဒဏ်ရာရခဲ့သည်။ ထို့ကြောင့် ယနေ့ ဇန်န၀ါရီ ၁၁ရက်နေ့တွင် ဟားခါးမြို့တွင်း ဈေးဆိုင်များ ပိတ်ထားကာ ဝမ်းနည်းကြောင်း ပြသခဲ့ခြင်းဖြစ်သည်။