Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ ညနေခင်းသတင်း”

ဒီနေ့(မတ်လ ၁ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎နှစ်လအတွင်း ဆေးရုံဆေးခန်းများအား ၆ ကြိမ်ထက်မနည်းပစ်မှတ်ထားတိုက်ခိုက်ကာ CDM ကျန်းရေးဝန်ထမ်းနှစ်ဦးကို စစ်ကောင်စီ အကြမ်းဖက်သတ်ဖြတ်

စစ်ကောင်စီတပ်က ၂၀၂၃ ပထမဆုံးနှစ်လတာကာလအတွင်း CDM ကျန်းမာရေးဝန်ထမ်းနှစ်ဦးကို အကြမ်းဖက်သတ်ဖြတ်ခဲ့ပြီး ဆေးရုံဆေးခန်းများကို ပစ်မှတ်ထားတိုက်ခိုက်မှု(၆)ကြိမ်ထက် မနည်းရှိခဲ့တယ်လို့ NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေထဲမှာ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်းနဲ့ ချင်းပြည်နယ်တို့ပါဝင်ပါတယ်။ အကြမ်းဖက်စစ်တပ် မတရားအာဏာသိိမ်းချိန်ကစလို့ နှစ်နှစ်တာကာလအတွင်း ကျန်းမာရေးဝန်ထမ်း (၇၀) ဦးခန့်ကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ထမ်း (၉၀၀) ဦးခန့်ကို ဖမ်းဆီးခြင်းနဲ့ (၇၈၀)ဦးကျော်ကို ထိခိုက်ဒဏ်ရာရစေခဲ့ပြီး ဆေးရုံ/ဆေးခန်း (၁၆၀)ကျော်ကို ဖျက်ဆီးခြင်းတို့ကို ကျူးလွန်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

▪︎တစ်လအတွင်း စစ်ကောင်စီတပ်သား ၄၀ ကျော်ကို သုတ်သင်ခဲ့ဟု ထားဝယ်ခရိုင် PDFတပ်ရင်း(၁) ပြော

တနင်္သာရီတိုင်း ထားဝယ်ခရိုင်မှာ ဖေဖော်ဝါရီတစ်လအတွင်း တိုက်ပွဲပေါင်းလေးကြိမ် ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀ ကျော်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထားဝယ်ခရိုင်တပ်ရင်း(၁)က ပြောပါတယ်။ ထားဝယ်မြို့နယ်အတွင်း ဖေဖော်ဝါရီ ၁၀ ရက်မှာ ပကာရီရဲကင်းကိို တိုက်ခိုက်မှု၊ ဖေဖော်ဝါရီ ၁၇ ရက်မှာ ကွာလီတောင်ထိပ် သင်္ကန်းတုံးကျေးရွာတိုက်ခိုက်မှု၊ ဖေဖော်ဝါရီ ၂၀ ရက်မှာ သဗျားရွာနဲ့ မဲချောင်းရွာကြားတိုက်ခိုက်မှုနဲ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ သရက်ချောင်းမြို့နယ် စော်ဖျားရွာအနီးတိုက်ပွဲတို့ဖြစ်ပါတယ်။ ထိတွေ့တိိုက်ပွဲတွေအတွင်း ပြည်သူ့ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ အသိပေးပါတယ်။

ပြည်သူ့ကာကွယ်​ရေးတပ်အ​တော်-ထားဝယ်ခရိုင်မှ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-PDF-HW
ပြည်သူ့ကာကွယ်​ရေးတပ်အ​တော်-ထားဝယ်ခရိုင်မှ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-PDF-HW

▪︎စစ်ကိုင်းတိုင်းမှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတဲ့ အရပ်သား ၁၁ ဦး တစ်ပတ်‌ကျော်ကြာသည်အထိ ပြန်လွတ်မလာသေး

စစ်ကိုင်းတိုင်း ကသာနဲ့ ထီးချိုင့်နယ်စပ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အရပ်သား ၁၁ ဦးကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ပတ်‌ကျော်ကြာသည်အထိ ပြန်လွှတ်မပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ ‌ခြေလျင်တပ်ရင်း(၃၀၁)က ဒေသခံအမျိုးသား ၁၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆိိုပါတယ်။ စစ်ကောင်စီတပ်ဟာ ကလုံရွာမှတစ်ဦး၊ အင်းတမွတ်ရွာမှ ငါးဦး၊ ကျောက်ပုံရွာမှ တစ်ဦး၊ သံပရာရွာမှ သုံးဦးနဲ့ ညောင်ခြေထောက်ရွာမှတစ်ဦး စုစုပေါင်း ၁၁ ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားခဲ့တာပါ။ ဖမ်းခံထားရသူအားလုံးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ လုံးဝဆက်စပ်မှုမရှိဘဲ အရပ်သားစစ်စစ်များ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪︎မြန်မာစစ်တပ်ကို ၁၂၂ မမ လက်နက်ကြီးပြောင်းများ အိန္ဒိယအစိုးရပိုင်ကုမ္ပဏီ ရောင်းချပေးဟု JFMစုံစမ်း​ဖော်ထုတ်

အိန္ဒိယအစိုးရပိုင် Yantra India Limited ဟာ ၂၀၂၂ အောက်တိုဘာက မြန်မာစစ်တပ်ထံ ၁၂၂ မမ လက်နက်ကြီးပြောင်းအများအပြားကို တင်ပို့ရောင်းချခဲ့တယ်လို့ Justice For Myanmar က စုံစမ်းဖော်ထုတ်ပါတယ်။ အိန္ဒိယအစိုးရရဲ့ အဲဒီီလုပ်ရပ်ဟာ နိုင်ငံတကာဥပဒေကိို လိုက်နာဖို့ ပျက်ကွက်မှုဖြစ်နိုင်ပြီး ၁၂၂ မမ လက်နက်ကြီးပြောင်းများကို အမေရိကန်၊ ဗြိတိန်၊ အီးယူနဲ့ ကနေဒါတို့က အရေးယူပိတ်ဆို့ထားတဲ့ စစ်တပ်ရဲ့ ကာကွယ်ရေးလက်နက်ထုတ်စက်ရုံများ ညွှန်ကြားရေးမှူးရုံးက ထုတ်လုပ်တဲ့ ဟောင်ဝဇ္ဇာအမြောက်များအဖြစ် ပေါ်ထွက်လာပါတယ်။

စစ်​ကောင်စီအတွက် အိန္ဒိယမှ ​ရောင်းချသည့် လက်နက်ကြီးထုတ် လုပ်​​သောကုန်ကြမ်းများ ။ဓါတ်ပုံ-JFM
စစ်​ကောင်စီအတွက် အိန္ဒိယမှ ​ရောင်းချသည့် လက်နက်ကြီးထုတ် လုပ်​​သောကုန်ကြမ်းများ ။ဓါတ်ပုံ-JFM

မြန်မာရဲ့ အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအနေနဲ့ အိန္ဒိယအစိုးရဟာ စစ်ရာဇဝတ်ကောင် တရားမဝင်စစ်ကောင်စီနဲ့ မရပ်တည်ဘဲ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ JFM က ပန်ကြားပါတယ်။ Yantra India Limited ဟာ အကြမ်းဖက်စစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်းတင်သွင်းပေးနေတဲ့ လက်နက်ပွဲစား ကျော်ကျော်ထွန်းပိုင် ကုမ္ပဏီထံ အဲဒီ လက်နက်ကြီးပြောင်းများကို တင်ပို့ခဲ့ခြင်းဖြစ်ပြီး ကျော်ကျော်ထွန်းနဲ့ သူ့ရဲ့ ကွန်ရက်များမှာ လက်ရှိအချိန်အထိ အရေးယူပိတ်ဆို့ခြင်း မခံရသေးပေ။

အိန္ဒိယမှ လက်နက်ကြီးထုတ်ကုန်ကြမ်းများသယ်​ဆောင်လာ​သောကား။ဓါတ်ပုံ-JFM
အိန္ဒိယမှ လက်နက်ကြီးထုတ်ကုန်ကြမ်းများသယ်​ဆောင်လာ​သောကား။ဓါတ်ပုံ-JFM

▪︎ဝက်လက်နယ်မှာစစ်ကောင်စီစစ်ကြောင်းသုံးခုနဲ့ကျေးရွာအချို့မီးရှို့ဖျက်ဆီးပြီး ပြည်သူတစ်ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်း သုံးခုနဲ့ စစ်ကြောင်းထိုးမီးရှို့နေလို့ ကျေးရွာပေါင်း၂၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်မှာ ဖေဖော်ဝါရီ ၂၆ ရက်ကစလို့ ဝက်လက်နယ် အနောက်ခြမ်း၊ ရွှေဘိုဘက်နဲ့ လှတောကျေးရွာများဘက်မှ စစ်ကြောင်းသုံးခုထိိုးနေတာလိို့ သိိရပါတယ်။ မနေ့ မနက်ပိိုင်းက ဝက်လက်အနောက်ခြမ်း စစ်ကြောင်းဟာ တည်တောရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ညနေပိုင်းမှာ မုဆိုးခြုံဘူတာရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒီနေ့ မနက်မှာတော့ ဘိုတဲကုန်းကျေးရွာနဲ့အောင်ချမ်းသာရွာတို့ကိုလက်နက်ကြီး၊ လက်နတ်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪︎မြိုင်မြို့ စစ်ကောင်စီလုံခြုံရေးဂိတ်တိုက်ခိုက်ရာသုံးဦးသေ

မကွေးတိုင်း၊ မြိုင်မြို့မြောက်ဘက်ရှိ စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးဂိတ်ကိို ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုဝင် သုံးဦးသေဆုံးတယ်လို့ မြိုင်(ပကဖ) ခေါင်းဆောင် ကိုလယျာ်က ပြောပါတယ်။ မနေ့ ညနေပိိုင်းက မြိုင်မြို့မြောက်ဘက်မှာ တပ်စွဲတဲ့ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေရဲ့ လုံခြုံရေးဂိတ်ကိို မြိုင်တပ်ရင်း (၁) တပ်ခွဲ(၃) နဲ့ နံ့သာမြေအဖွဲ့တို့ ပူးပေါင်းကာ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဝင် သုံးဦးသေဆုံးပြီး နှစ်ဦးကျည်ထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ မြိုင်(ပကဖ)အဖွဲ့က ပြောပါတယ်။

မြိုင် ပကဖတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-မြိုင်ပကဖ
မြိုင် ပကဖတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-မြိုင်ပကဖ

▪︎ယင်းမာပင်နယ် ကုန်းရွာအနီး တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကုန်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း PDFများ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကုန်းရွာကို မီးရှို့ဖျက်ဆီးနေတာကြောင့် ကျေးရွာနေပြည်သူများထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ မနေ့ ည​ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ယင်းမာပင်မြို့နယ်၊ ကုန်းရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး ဒီနေ့ မနက်ပိုင်းမှာလည်း ထပ်မံမီးရှို့ဖျက်ဆီးနေတာကြောင့် အိမ်ခြေအများအပြား ပျက်စီးဆုံးရှုံးနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်လို့ ထိခိုက်မှုအခြေအနေကို မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

You May Also Like