Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ် မီးရှို့၍ ဖေဖော်ဝါရီအတွင်း နေအိမ် ၇,၀၀၀ကျော် မီးလောင်ပျက်စီး

မီးရှို့ခံရသည့် ဒေသများမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း နှင့် ချင်းပြည်နယ်တို့ဖြစ်ပြီး စစ်ကိုင်းတိုင်းမှ အိမ်ခြေ ၆,၆၀၀ ကျော်ဖြင့် အများဆုံးဖြစ်သည်။

(စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ မြေမွန်ကျေးရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)
(စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ မြေမွန်ကျေးရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

▪️ပြည်သူ ၂၀ကျော်သတ်ဖြတ်ခံရဟု NUG ပြည်ထဲရေးထုတ်ပြန်

▪️စစ်ကိုင်းတိုင်းမှ နေအိမ် ၆,၆၀၀ ကျော်ပါဝင်၊ နိုင်ငံတဝန်း စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် ပြည်သူလူထုနေအိမ် ခြောက်သောင်းကျော်ရှိလာ

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်လက် လုပ်ဆောင်ခဲ့ရာ ဖေဖော်ဝါရီအတွင်း ပြည်သူလူထု နေအိမ် ၇,၁၀၀ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

မီးရှို့ခံရသည့် ဒေသများမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း နှင့် ချင်းပြည်နယ်တို့ဖြစ်ပြီး စစ်ကိုင်းတိုင်းမှ အိမ်ခြေ ၆,၆၀၀ ကျော်ဖြင့် အများဆုံးဖြစ်သည်။

ထို့ပြင် ပြည်သူလူထုများကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ရာ ပြည်သူ ၂၀ကျော် သေဆုံးခဲ့ပြီး မြေပြင်၌ ယခုထက် ပိုများနိုင်သည်ဟုလည်း အသိပေးထားသည်။

စစ်ကိုင်းတိုင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဆက်လက်မီးရှို့ခဲ့ရာ အကြိမ်ပေါင်း ၇၃ ကြိမ်ရှိခဲ့ပြီး မီးလောင်ပျက်စီးသည့် နေအိမ် ၆,၆၆၂ လုံးရှိကြောင်း၊ မီးရှို့သတ်ဖြတ်ခံရသူ ၁၉ဦး ရှိကြောင်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ဘာသာရေးအဆောက်အဦး လေးခု၊ စာသင်ကျောင်း ၁၀ကျောင်း၊ ဆေးရုံ နှစ်ရုံနှင့် ကျေးလက်ဆေးပေးခန်းများလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဆိုသည်။

“ သူတို့ကတော့ PDF တွေကို ရွာတွေက ထောက်ပံ့နေတာ။ ဒီ PDFတွေ သွားလာလှုပ်ရှားနေတာ ရွာတွေထဲမှာပဲဆိုတော့ ဒီပြည်သူတွေ ဒုက္ခရောက်လို့ရှိရင် PDF တွေကို မထောက်ပံ့နိုင်တော့ဘူး။ အဲဒီလို ရည်ရွယ်ချက်နဲ့ ရွာတွေကို အဓိကတိုက်ခိုက်တာပေါ့” ဟု စစ်ကိုင်းတိုင်းဒေသခံက ပြောသည်။

ယင်းသို့ လုပ်ဆောင်ခြင်းကြောင့် ပြည်သူလူထုက ပိုပြီး စစ်ကောင်စီတပ်အပေါ် စိတ်နာစေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ ပြည်သူတွေက ပြောကြတာပေါ့။ တိုက်ပွဲတွေဖြစ်လို့ ရွာမီးရှို့ခံရရင်တောင် ရွာမီးရှို့တာကို ဂရုမစိုက်ဘူး။ ခွေးဘယ်နှစ်ကောင်သေလဲပဲ မေးတယ်။ အဲဒီလိုမျိုး ရွာသားတွေရဲ့ စိတ်ဓာတ်ကတော့”ဟု စစ်ကိုင်းတိုင်းဒေသခံက ပြောသည်။

မကွေးတိုင်းတွင်လည်း ခုနစ်ကြိမ် မီးရှို့ခံခဲ့ရပြီး နေအိမ် ၃၄၅လုံး မီးလောင်ပျက်စီးခဲ့သည်ဟုဆိုသည်။ ထို့ပြင် မီးရှို့သတ်ဖြတ်ခံရသူ တစ်ဦးရှိကြောင်း အသိပေးထားသည်။

ထို့အပြင် ကရင်ပြည်နယ်တွင် နေအိမ် ၁၀လုံး၊ တနင်္သာရီတိုင်း၌ နေအိမ် ၁၁၆လုံး ချင်းပြည်နယ်၌ နေအိမ် ၁၆လုံး၊ ပဲခူးတိုင်း၌ နေအိမ် ၉လုံး မီးရှို့ခံရပြီး ဘာသာရေးအဆောက်အအုံနှင့် စာသင်ကျောင်းများလည်း မီးရှို့ခံခဲ့ရသည်ဟု ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ယခုထုတ်ပြန်ချက်ပါ အချက်အလက်များသည် လွတ်လပ်သောမီဒီယာများ ၊ အရပ်ဖက်အဖွဲ့စည်းများ၏ထုတ်ပြန်ချက်များနှင့် မြေပြင်မှပြည်သူလူထုပေးပို့သော သတင်းအချက်အလတ်များကို စီစစ်ဖော်ပြခြင်းဖြစ်ပြီး ယခုဖော်ပြသောအချက်အလတ်များထက် မြေပြင်တွင် အကြမ်းဖက်စစ်ကောင်စီ ၏အကြမ်းဖက်မှုမှာ ပို၍များပြားနိုင်သည်ဟု ဖော်ပြထားသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းနှင့် မကွေးအပါအဝင် နိုင်ငံတဝန်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး နေအိမ်မီးရှို့မှုများလုပ်ဆောင်ခဲ့ရာ ၂၀၂၃ ဇန်နဝါရီလကုန်ပိုင်းအထိ ပြည်သူလူထု နေအိမ်ပေါင်း ၅၅,၀၀၀ကျော် စစ်ကောင်စီတပ် လက်ချက်ကြောင့် မီးလောင်ပျက်စီးခဲ့ရသည်ဟု Data for Myanmar က ထုတ်ပြန်ထားသည်။ ထို့ကြောင့် ဖေဖော်ဝါရီအတွင်း မီးရှို့ခံရသည့် နေအိမ်များအပါအဝင် ပြည်သူလူထုနေအိမ် ခြောက်သောင်းကျော် မီးလောင်ပျက်စီးခဲ့ရသည်။

You May Also Like

သတင်း

တိုက်ပွဲနှင့်ပတ်သပ်၍​မေးမြန်းရန် KIA သတင်းပြန်ကြား​ရေးတာဝန်ခံ ဗိုလ်မှူး​ကြီးနော်ဘူကိုဆက်သွယ်ကြိုးစား​သော်လည်းဆက်သွယ်မရ​သေးပါ။

သတင်း

ဒိုက်ဦးမြို့အနီး ခမရ (၄၄၀)တပ်ဂိတ်နှင့် ဒိုက်ဦးမှ အမြန်လမ်းမကြီးသို့သွားရာလမ်းတွင်ရှိသည့် (၇၂)မိုင် စစ်ဆေးရေးဂိတ်များကို ဖေဖော်ဝါရီ ၂၆ ရက် ည ၈နာရီက မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

သတင်း

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း သုံးခုဖြင့် ဖေဖော်ဝါရီ ၂၆ရက်မှစတင်ကာ ဝက်လက်နယ် အနောက်ခြမ်း၊ ရွှေဘိုဘက်နှင့် လှတောကျေးရွာများဘက်မှ စစ်ကြောင်းထိုးနေသည်။

သတင်း

ထားဝယ်မြို့နယ်တွင်း တိုက်ပွဲများတွင် ပကာရီရဲကင်းတိုက်ခိုက်မှု၌ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေကို မသိရဘဲ ယင်းတိုက်ပွဲတွင် တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် PDF တပ်ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။