Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုတွင် ​PDFစခန်းတစ်ခု ဖျက်ဆီးခံရ

ယနေ့ (မတ်လ ၂၂ ရက်)နံနက် ၇နာရီခွဲခန့်တွင်လည်း ရေစကြိုမြို့ပေါ်မှ အင်အား ၂၀ ခန့်ဖြင့်ထွက်လာသော စစ်ကောင်စီတပ်အား ပေကုန်းရေတံခါးအနီးအရောက်တွင် ပဒေသာမိုင်း သုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးထက်မနည်း သေဆုံးနိုင်​ကြောင်း ပကဖအဖွဲ့က ပြောသည်။

(Shwe Lal Kyun LPDF စခန်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-SLK LPDF)
(Shwe Lal Kyun LPDF စခန်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-SLK LPDF)

▪️စစ်ကြောင်းထိုး စစ်ကောင်စီတပ်ကိုလည်း ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ဒေသတွင်း PDF စခန်းတစ်ခုအား စစ်ကောင်စီတပ်က PDFဝတ်စုံများဝတ်ဆင်ကာ ဝင်ရောက်ဖျက်ဆီးမီးရှို့သွားကြောင်း Shwe Lal Kyun LPDF အဖွဲ့က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ်လ ၁၉ ရက် နံနက် ၅ နာရီခွဲခန့်က တာတိုင်ကျေးရွာတွင် အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် PDFဝတ်စုံ၊ ဘတ်တံဆိပ်များဝတ်ဆင်ကာ မြောင်မြို့နယ်၊ ငရံ့အိုကျေးရွာမှတဆင့် ရေစကြိုမြို့နယ် Shwe Lal Kyun LPDF၏ အထိုင်စခန်းရှိရာကျေးရွာသို့ အလစ်ဝင်ရောက် စီးနင်းပစ်ခတ်ခဲ့ကြောင်း Shwe Lal Kyun LPDF အဖွဲ့က ဖော်ပြသည်။

“ သူတို့အင်အားက ၆၀ကျော်လောက်ရှိမယ်။ ဆုံးရှုံးတာက ကျပ်သိန်း ၃၅၀ဝန်းကျင်လောက်ရှိမယ်။ ခုစစ်ကြောင်းက စစ်ကြောင်းတစ်လျှောက် စီးယူခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အင်္ကျီတွေ၊ ယူနီဖောင်းတွေဝတ်ပြီးတော့ စစ်ကြောင်းပတ်ထိုးနေတဲ့အတွက် မိဘပြည်သူတွေနဲ့ ရဲဘော်တွေ ဂရုစိုက်ကြဖို့ပဲ မှာချင်ပါတယ်။” ဟု Shwe Lal Kyun LPDFအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကင်းသမားရဲဘော်များနှင့် အနီးကပ်ထိပ်တိုက်တွေ့ခဲ့သော်လည်း ကျေးရွာအတွင်းရှိ ပြည်သူများနှင့်နီးကပ်ခြင်း၊ လက်နက်အင်အားမမျှခြင်း၊ စက်လက်၊ လက်နက်ကြီးငယ်များဖြင့်တရစပ်ပစ်ခတ်ဝင်ရောက်ခြင်းတို့ကြောင့် အထိုင်စခန်းကိုစွန့်၍ ဆုတ်ခွာခဲ့ရကြောင်း Shwe Lal Kyun LPDF အဖွဲ့က အသိပေးသည်။

ကျေးရွာတွင်းရှိ ပြည်သူအများစုအား ကယ်ထုတ်နိုင်ခဲ့သော်လည်း အခြားကျေးရွာများမှလာသော စစ်ဘေးရှောင်အများစုနှင့် ရွာခံပြည်သူအချို့မှာ ဘုန်းကြီးကျောင်းအတွင်း ပိတ်မိနေခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ထိုနေ့က မီးလောင်ကျွန်း ကျေးရွာရောက်ရှိနေသော စစ်ရှောင်များကို ထမင်းချက်ကျွေးနေသည့် အမျိုးသားတစ်ဦးနှင့် စိတ်ကျန်းမာရေးမကောင်းသူအမျိူးသားတစ်ဦး အား သတ်ဖြတ်သွားခဲ့သည်။

ထို့အပြင် နေအိမ် နှစ်လုံးနှင့် ဆိုင်ကယ်များ မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေငွေပစ္စည်းများလည်း လုယက်ခိုးယူသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် မွန်းလွဲ ၁ နာရီ ၄၅မိနစ်ခန့်တွင် အထိုင်စခန်းအားမီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ကိုးလုံးခါးချိုးသေနတ်အချို့၊ မိုင်းများ၊ ထုတ်လုပ်ရေးပစ္စည်းများ၊ ယမ်းပျော့နှင့် TNT များ၊ ကျည်များ၊ ကင်းထောက်ဒရုန်းတစ်စီး၊ ယူနီဖောင်းများ၊ မီးစက်ကြီး၊ စစ်ရှောင်များအတွက် ဆန်များ၊ ဆေးဝါးများ၊ ဆိုလာနှင့်ဘက်ထရီအိုးများ အပါအဝင် စခန်းတွင်းအသုံးအဆောင်များအားလုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း Shwe Lal Kyun LPDF အဖွဲ့က ထုတ်ပြန်သည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Shwe Lal Kyun LPDF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သည် ရေလယ်ကျွန်းကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးနေသည့်အချိန် ရေစကြိုမြို့ပေါ်ပိုင်းတွင်လည်း စစ်ကောင်စီတပ်အား ဒေသတွင်းအဖွဲ့များက တိုက်ခိုက်နေသည်။

ထို့အပြင် ယမန်နေ့ (မတ်လ ၂၁ ရက်) နံနက် ၁၁ နာရီခန့်က ရေစကြိုမြို့နယ် ဧရာဝတီမြစ်ဘေးတွင် ငါးဖမ်း ရေချိုးနေသော မင်းရွာပျူရွာမှ စစ်ကောင်စီတပ်နှင့် ပျူများအား ဒရုန်းဖြင့် ဗုံးချကာတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်များ ထိခိုက်မှုရှိနိုင်ကြောင်း ရေစကြို(ပကဖ)အဖွဲ့က ပြောသည်။

ညနေ၃နာရီခန့်တွင် ခလရ (၂၅၈)မှအင်အား၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာပြီး ကမ္ဘဲ့ကျေးရွာတွင်းသို့ ဝင်ရောက်မွှေနှောက်နေသော စစ်ကောင်စီတပ်များအား ရွာအထွက်တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် အများအပြား ဒဏ်ရာရရှိကြောင်း ရေစကြို(ပကဖ)အဖွဲ့က ဆိုသည်။

ယနေ့ (မတ်လ ၂၂ ရက်)နံနက် ၇နာရီခွဲခန့်တွင်လည်း ရေစကြိုမြို့ပေါ်မှ အင်အား ၂၀ ခန့်ဖြင့်ထွက်လာသော စစ်ကောင်စီတပ်အား ပေကုန်းရေတံခါးအနီးအရောက်တွင် ပဒေသာမိုင်း သုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးထက်မနည်း သေဆုံးနိုင်​ကြောင်း ပကဖအဖွဲ့က ပြောသည်။

“ ဒဏ်ရာရတဲ့သူတွေကို ခလရ (၂၅၈)ထဲခေါ်သွားတယ်။ လက်ရှိလည်း ရေစကြို-ပခုက္ကူလမ်းတလျှောက် စကစတပ်သားတွေ တောက်လျှောက်ချထားတယ်။” ဟု ရေစကြို(ပကဖ)အဖွဲ့တာဝန်ရှိသူက ပြောသည်။

အထိုင်စခန်း စီးနင်းဖျက်ဆီးခံခဲ့ရသော်လည်း ရဲဘော်များအားလုံး စိတ်ဓာတ်မကျဘဲ အသက်ရှင်နေ​သရွေ့ စစ်ကောင်စီတပ်အား ဆက်လက်တွန်းလှန်ကာ တော်လှန်ရေးလုပ်ငန်းစဉ်များ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Shwe Lal Kyun LPDFက အသိပေးသည်။

You May Also Like

သတင်း

ကိုင်းတောမရဲစခန်းနှင့် စက်မှု(၂)ကြားတွင် မြိုင်မှထွက်လာသော စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာတွင် ကင်းပုန်း၏ အငိုက်ဖမ်းပစ်ခက်မှုကြောင့် တပ်ရင်း၁ မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း မြိုင်(ပကဖ)ခေါင်းဆောင်က ပြောသည်။

သတင်း

မတ်လ ၁၄ရက်ကလည်း မတူပီ - ပလက်၀လမ်း ၀လံပီ နှင့် ကလားကြားတွင် စစ်ကောင်စီတပ်ကို မတူပီ CDFက မိုင်းဆွဲတိုက်ခိုက်ပြီး ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်က ၁၀ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု မတူပီ CDFက အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ် ယာဉ်တန်းလုံခြုံရေးယူရန်လာသည့်စစ်ကောင်စီတပ်များနှင့်စစ်ကောင်စီယာဉ်တန်းအား KIAနှင့်KPDFတပ်ဖွဲ့များမှ မတ်လ၂၀ရက်နှင့်၂၁ရက် တို့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

သတင်း

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူသုံးဦးနှင့် ဒဏ်ရာရသူများကို လူနာတင်ယာဥ်နှစ်စီးဖြင့် သယ်ဆောင်သွားပြီး တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက အသိပေးသည်။