Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းအောင်လှိုင်က အမြစ်ပြတ်ချေမှုန်းမည်ဟု ပြောဆိုခြင်းမှာ စစ်အုပ်စု၏ ကြောက်စိတ်ကို ဖော်ပြနေခြင်းဖြစ်ဟု ယာယီသမ္မတ ပြော

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် တိုင်းရင်းသားအဖွဲ့အစည်းအချို့နှင့် တွေ့ဆုံပြီး အတုအယောင် ငြိမ်းချမ်းရေးညီလာခံကို ဖန်တီးရန် လုပ်ဆောင်နေသည်ကို မြင်တွေ့ရကြောင်း ယာယီသမ္မတက ပြောသည်။

(ရှေ့တန်း PDF စခန်းတစ်နေရာတွင် တွေ့ရသော NUG ယာယီသမ္မတ။ဓာတ်ပုံ - NUG)
(ရှေ့တန်း PDF စခန်းတစ်နေရာတွင် တွေ့ရသော NUG ယာယီသမ္မတ။ဓာတ်ပုံ - NUG)

▪️စစ်ကောင်စီထံ မှတ်ပုံမတင်သည့် နိုင်ငံရေးပါတီများအားလေးစားကြောင်း သတင်းစကားပါး

အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ၎င်း၏ လက်ဝေခံ လက်နက်ကိုင်အဖွဲ့ကို ကောင်းစွာ ထိန်းချုပ်နိုင်ခြင်းမရှိသည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ ၏ နယ်မြေစိုးမိုးထားနိုင်မှုကို ထိတ်လန့် ကြောက်ရွံ့လျက်ရှိကြောင်းတွေ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီး ယမန်နေ့(မတ်လ ၂၇ရက်)စစ်ကောင်စီ၏ တပ်မတော်နေ့အခမ်းအနား၌ မင်းအောင်လှိုင် ပြောဆိုခဲ့သည့် NUG၊ PDFနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား အမြစ်ပြတ်ချေမှုန်းမည်ဆိုသည့် စကားအပေါ်လည်း ယာယီသမ္မတက တုံ့ပြန်ခဲ့သည်။

“ ဖက်ဆစ်တော်လှန်ရေးနေ့ကို ပုံဖျက်ထားတဲ့နေ့မှာ တော်လှန်ရေးအင်အားစုတွေကို အမြစ်ဖြတ်ချေမှုန်းမယ်ဆိုတဲ့ စကားဟာစစ်အုပ်စုရဲ့ ကြောက်စိတ် ကို ဖော်ပြနေတယ်ဆိုတာထင်ရှားပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် တိုင်းရင်းသားအဖွဲ့အစည်းအချို့နှင့် တွေ့ဆုံပြီး အတုအယောင် ငြိမ်းချမ်းရေးညီလာခံကို ဖန်တီးရန် လုပ်ဆောင်နေသည်ကို မြင်တွေ့ရကြောင်း ယာယီသမ္မတက ပြောသည်။

“ ဖက်ဆစ်စစ်တပ်ဟာ သူတို့ရဲ့ ပြုမူနေကြ အလေ့အထအတိုင်းပဲ တိုင်းရင်းသားတွေအကြားမှာ နည်းမျိုးစုံနဲ့ သွေးခွဲ သပ်လျှိုဖို့ ကြိုးစားနေတယ်ဆိုတာကို လယ်ပြင်မှာ ဆင်သွားသလို အထင်အရှားပဲ တွေ့မြင်နေရပါတယ်။ ဒါကြောင့် ကျနော်တို့အားလုံး စစ်တပ်ရဲ့ ထောင်ချောက်ကို သတိကြီးကြီးနဲ့ စောင့်ကြည့်နေရမဲ့ အချိန်လည်းဖြစ်ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးကိုလည်း အကြမ်းဖက် စစ်တပ်ရဲ့ လုပ်ရပ်တွေကို သတိကြီးစွာထားကြဖို့အတွက် အလေးအနက်တိုက်တွန်း လိုပါတယ်”ဟုလည်း ယာယီသမ္မတက ပြောသည်။

အကြမ်းဖက်စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ၌ ပါတီကို မှတ်ပုံမတင်ကြ၊ ရွေးကောက်ပွဲကို အသိအမှတ် မပြုကြသည့် နိုင်ငံရေးပါတီများအားလုံးကိုလည်း လေးစားဂုဏ်ပြုကြောင်း ယာယီသမ္မတက ပြောကြားသည်။

ယာယီသမ္မတ၏ မိန့်ခွန်း၌စစ်ကောင်စီက ရိုဟင်ဂျာလူမျိုးများကို လက်ခံရန် ကြိုးစားပြီး နိုင်ငံတကာ မျက်နှာစာ၌ ပြန်ဝင်ဆံ့ရန် လုပ်ဆောင်နေကြောင်း ပြောကြားသည်။

“ စစ်ကောင်စီဟာ နေ့စဉ်နေ့တိုင်း လူမျိုးပေါင်းစုံကို အကြမ်းဖက် သတ်ဖြတ် နေပြီး၊ လူ့အခွင့်အရေးတွေကို နည်းမျိုးစုံနဲ့ ချိုးဖောက်ဖျက်ဆီးနေတာကို အားလုံးသိကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တဖက်မှာတော့ နိုင်ငံတကာ စာမျက်နှာမှာ ပြန်လည်ဝင်ဆံ့လာဖို့နဲ့ သူတို့ လုပ်မယ့် ဟန်ပြရွေးကောက်ပွဲကို အထောက်အပံ့ရစေဖို့အတွက် ရိုဟင်ဂျာ လူမျိုးတွေကို ပြန်လည် လက်ခံဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ရိုဟင်ဂျာမျိုးနွယ်များအပေါ် ထားသည့် သဘောထားကို ၂၀၂၁ကတည်းက ထုတ်ပြန်ထားခဲ့သည့် မူဝါဒသဘောထား အတိုင်းဖြစ်၍ ရိုဟင်ဂျာ ပြည်သူတွေ အနေဖြင့် မိမိတို့နေရပ်သို့ မိမိတို့ ကိုယ်ပိုင်ဆန္ဒသဘောဖြင့် ဂုဏ်သိက္ခာရှိရှိ ပြန်လည် အခြေချနေထိုင်ရေး လုပ်ဆောင်ပေးနိုင်သည့် အခြေအနေတစ်ခုရောက်သည်နှင့်တစ်ပြိုင်တည်း အစိုးရက ကူညီလုပ်ဆောင်ပေးသွားမည်ဟု ပြောကြားခဲ့သည်။