Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဧပြီ ၉ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️KBC ခေါင်းဆောင်ကို စစ်ကောင်စီ ထောင်ဒဏ် ချမှတ်ခြင်းအပေါ် ကချင်မဟာမိတ်အဖွဲ့ ရှုံ့ချ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ထောင်ဒဏ်ချမှတ်လိုက်အပေါ် အထူးရှုံ့ချလိုက်ကြောင်း ကချင်မဟာမိတ်အဖွဲ့(Kachin Alliance)က ဒီနေ့ ထုတ်ပြန်ပါတယ်။ သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီရဲ့ မြစ်ကြီးနား တရားရုံးက ဧပြီ ၇ ရက်မှာ ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့ပါတယ်။ စစ်ကောင်စီက ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၂(က)တို့နဲဲ့ တရားစွဲဆိိုပြီး မတရားထောင်ဒဏ်ချမှတ်ခဲ့တာပါ။ ဒေါက်တာခလမ်ဆမ်ဆွန်ရဲဲ့ အမှုကို ရုပ်သိမ်းပြီး ခြွင်းချက်မရှိ အမြန်ပြန်လွှတ်ပေးဖို့ အလေးအနက် တောင်းဆိုကြောင်း ကချင်မဟာမိတ်အဖွဲဲ့က ဖော်ပြပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌ ဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌ ဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်

▪️စစ်ကောင်စီတပ်ယာဉ်တန်းမှ ယာဉ်နှစ်စီးကို ချင်းတပ်ဖွဲ့ သိမ်းပိုက်

ချင်းပြည်နယ် ဟားခါးစစ်ဗျူဟာသို့ လက်နက်ရိက္ခာ၊ခဲယမ်းပို့လာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းကို မနေ့က ချင်းပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ယာဉ်နှစ်စီး ပျက်စီးပြီး လမ်းမှာပဲ ချန်ထားခဲ့ရတယ်လို့ ချင်းအမျိုးသားတပ်မတော်(CNA)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ စစ်ကိုင်းတိုင်း ကလေးမြို့မှ ဟားခါးမြို့သို့ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ချင်းတပ်ဖွဲ့များက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ မနေ့က ဟားခါးနဲ့ ဖလမ်းနယ်စပ်မှာ ထပ်မံ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ချင်းတပ်များက ဒရုန်းနဲ့ပါ တိုက်ခိုက်ခဲဲ့ပြီး ဒီနေ့လည်း စစ်ကောင်စီတပ်ကိို ဆက်လက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုရှိတယ်လို့ သိရပါတယ်။

▪️ရန်ကုန် ပြည်သူ့ရင်ပြင် စစ်ကောင်စီသင်္ကြန်မဏ္ဍပ်အနီး ဒီနေ့ ဗုံးပေါက်ကွဲမှုထပ်ဖြစ်

စစ်ကောင်စီက ဦးစီးကျင်းပမယ့် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ သင်္ကြန်မဏ္ဍပ်အနီးမှာ ဒီနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ မနေ့ညပိုင်းက ပြည်သူ့ရင်ပြင်ဗဟိုမဏ္ဍပ်နဲ့ စမ်းချောင်းရဲစခန်းရှေ့မဏ္ဍပ်တို့ကိို အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရသေးတယ်။ စစ်ကောင်စီကကျင်းပတဲ့ သင်္ကြန်ပွဲကို လက်မခံကြောင်းနဲ့ စစ်ကောင်စီအားပေးထောက်ခံတဲ့ သင်္ကြန်ပွဲဖြစ်မြောက်စေဖို့ ပူးပေါင်းပါဝင်နေသူများကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ မြို့ပြတော်လှန်ရေးအင်အားစုများက သတိပေးထားပါတယ်။

▪️မြင်းခြံနယ် တစ်နာရီကျော်ကြာတိုက်ပွဲ စစ်ကောင်စီတပ် ၁၄ ဦးထက်မနည်းသေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ယုန်တိုးတောင်အနီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်သား ၁၄ ဦးထက်မနည်း သေဆုံးပြီး လက်နက်နှစ်လက်ရရှိတယ်လို့ မြင်းခြံရိုင်အမှတ် (၄)တပ်ရင်း Natogyi People Defence Force အဖွဲ့က ပြောပါတယ်။ အဲဒီတိုက်ပွဲမှာ PDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ အသိပေးပါတယ်။ မနေ့ မနက်ပိုင်းက စစ်ကောင်စီဘက်က အထိအခိုက်များလို့ စစ်ကူယာဥ်တန်းတက်လာရာ အဲဒီယာဥ်တန်းကိုပါ မိုင်းဆွဲကာ ငါးမိနစ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

▪️ဒီပဲယင်းနယ် ဘူဒိုဇာနဲ့ စစ်ကြောင်းပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ငါးရက်ကြာ ရပ်နားပြီးနောက် ဘူဒိုဇာနဲ့ စစ်ကြောင်းပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခြောက်ဦးထက်မနည်း ထိခိုက်မှုရှိတယ်လို့ အဖြူရောင် DPYအဖွဲ့က ပြောပါတယ်။ ဒီပဲယင်းမြို့ပေါ်စခန်းမှာ ငါးရက်ကြာ နားနေတဲ့ စစ်ကောင်စီတပ်ဟာ မနေ့က မနက်ပိုင်းက ရေဦး-ဒီပဲယင်းလမ်းပေါ်မှာ ဘူဒိုဇာတစ်စီးနဲ့အတူ ရေဦးမြို့ဘက်သို့ အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထွက်လာခဲ့တယ်လိို့ ဆိုပါတယ်။ စစ်ကောင်စီစစ်ကြောင်းကို ယူကလစ်ပင်တန်းအကျော်မှာ ပဒေသာမိုင်းများ၊ ရှေ့ထွက် မိုင်းများနဲ့ တိုက်ခိုက်ခဲ့ရာ ခြောက်ဦးထိခိုက်ပြီး ဒဏ်ရာရရှိသူများပြားတယ်လိို့ DPY က ဖော်ပြပါတယ်။

▪️ဘုတလင်နယ် စစ်ကောင်စီတပ်မီးရှို့လို့ကျေးရွာ သုံးရွာမှ နေအိမ် ၈၀ ထက်မနည်း ပြာကျ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ ကျေးရွာ သုံးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၈၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတ​ယ်။ မနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဟာ ယုန်လှေးကုန်းရွာသစ်၊ တရော်တောရွာနဲ့ ကုက္ကိုစုရွာများကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံ ၁၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ကျေးရွာများကို မီးရှို့ပြီးနောက် စစ်ကောင်စီတပ်ဟာ ဘုတလင်နယ်တောင်ဘက်ပိုင်းသို့ ဦးတည်ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။၊

▪️ဗန်းမောက်နယ်ကို စစ်ကောင်စီတပ် ညသန်းခေါင် လေကြောင်းမှ ဗုံးကြဲ

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာအနီးကို စစ်ကောင်စီတပ်က မနေ့ညသန်းခေါင်မှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Banmauk Revolutionက အသိပေးပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေကြောင်တိုက်ခိုက်မှုကြောင့် ထိိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးပါဘူး။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း ကြောင်လည်ရွာရှိ ဆေးရုံကို စစ်ကောင်စီတပ် လေကြောင်းမှ တတိုက်ခိုက်ခဲ့တာကြောင့် ထိိခိိုက်ပျက်စီးမှုရှိခဲ့ပါတယ်။

▪️တနင်္သာရီမြို့မှ ထွက်လာတ့ စစ်ကောင်စီတပ်ယာဥ်တစ်စီးကို PDF ကြားဖြတ်တိုက်ခိုက်

တနင်္သာရီမြို့မှ ထွက်လာတဲ့ စစ်ကောင်စီတပ် ယာဥ်တစ်စီးကို မဟာမိတ်တပ်များနဲ့အတူ ဒီနေ့မနက်အစောပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် PDF တပ်ရင်း (၂)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီနေ့မနက် အစောပိုင်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ ယာဥ်ပေါ်မှာ အင်အား ၆၀ ခန့်လိုက်ပါလာပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လိို့ မြိတ်ခရိုင် တပ်ရင်း (၂)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။