Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဆလိုဗက်ကီးယားရဲ့ တိုက်လေယာဉ်တွေ ယူကရိန်းဆီ မပို့ခင် ရုရှားအင်ဂျင်နီယာတွေ ဖျက်ဆီးမှုကို ခံထားခဲ့ရဖွယ်ရှိ

ဆလိုဗက်ကီးယား လေတပ်ဗိုလ်ချုပ် လူဘွန်မာ ဆဗိုဘိုဒါကလည်း MiG-29 ဂျက်တိုက်လေယာဉ်တွေဟာ ရုရှား အင်ဂျင်နီယာတွေရဲ့ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမှုကို ခံခဲ့ရတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဆလိုဗက်ကီးယားရဲ့ တိုက်လေယာဉ်တွေ ယူကရိန်းဆီ မပို့ခင် ရုရှားအင်ဂျင်နီယာတွေ ဖျက်ဆီးမှုကို ခံထားခဲ့ရဖွယ်ရှိ
ဆလိုဗက်ကီးယားရဲ့ တိုက်လေယာဉ်တွေ ယူကရိန်းဆီ မပို့ခင် ရုရှားအင်ဂျင်နီယာတွေ ဖျက်ဆီးမှုကို ခံထားခဲ့ရဖွယ်ရှိ

ယူကရိန်းဆီ မပေးပို့ခင် MiG-29 တိုက်လေယာဉ်တွေဟာ ရုရှား အင်ဂျင်နီယာတွေရဲ့ နှောင့်ယှက် ဖျက်ဆီးမှုကို ခံခဲ့ရဖွယ် ရှိတယ်လို့ ဆလိုဗက်ကီးယားက ပြောကြားခဲ့ပါတယ်။

ဆလိုဗက်ကီးယားဟာ အပိုပစ္စည်း ရှားပါးမှုကြောင့် လေတပ်က အနားပေးထားတဲ့ MiG-29 တိုက်လေယာဉ်တွေကို ယူကရိန်းဆီ ပေးပို့ခဲ့ပါတယ်။ ဒါကြောင့် ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ကာလအတွင်း ဆလိုဗက်ကီးယားဟာ ယူကရိန်းကို တိုက်လေယာဉ်တွေ ထောက်ပံ့တဲ့ ပထမဆုံး NATO အဖွဲ့ဝင် နိုင်ငံအနေနဲ့ မှတ်တမ်းဝင်လာပါတယ်။

အခုအခါမှာတော့ ဆလိုဗက်ကီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ယူကရိန်းဆီ ပေးပို့ခဲ့တဲ့ MiG-29တွေဟာ ပျံသန်းလို့ ရပေမယ့် တိုက်ပွဲဝင်နိုင်တဲ့ ကြံ့ခိုင်မှုမျိုး မရှိတဲ့ ပြဿနာမျိုး ရှိနေတယ်လို့ ဝန်ခံခဲ့ပါတယ်။ တိုက်လေယာဉ်တွေ ပျံသန်းနိုင်တယ် ဆိုရုံနဲ့ တိုက်ပွဲဝင်နိုင်တယ်လို့ သတ်မှတ်လို့ မရကြောင်း၊ ယူကရိန်း ပညာရှင်တွေက လေယာဉ်တွေ လက်ခံ မယူခင် တစ်ပတ်အလိုမှာ ဆလိုဗက်ကီးယားကို လာရောက်ပြီး လေယာဉ်တွေကို စစ်ဆေးခဲ့ကြောင်း ဆလိုဗက်ကီးယားက ကာကွယ်ရေး ဝန်ကြီး ဂျာရိုဆလက်ဗ် နက်ဒ်က ဆိုပါတယ်။

MiG-29တွေကို ယူကရိန်းဆီ လွှဲပေးဖို့ မဆုံးဖြတ်ခင် ၂၀၂၂ ခုနှစ် နှောင်းပိုင်းလောက်တုန်းက ရုရှား အင်ဂျင်နီယာတွေဟာ ဆလိုဗက်ကီးယားရဲ့ ဆလီယက် လေတပ်စခန်းမှာ ရှိနေခဲ့ကြောင်း၊ အဲဒီ အတောအတွင်း MiG-29တွေကို ကြိုတင် ဖျက်ဆီးခဲ့တာ ဖြစ်နိုင်ကြောင်း နက်ဒ်က စွပ်စွဲခဲ့ပါတယ်။

အခု စစ်ဆေးတွေ့ရှိမှုအရ ချွတ်ယွင်းချက် ရှိနေတဲ့ လေယာဉ် အစိတ်အပိုင်းတိုင်းဟာ ရုရှား အင်ဂျင်နီယာတွေ ကိုင်တွယ်ခွင့် ရခဲ့တဲ့ ပစ္စည်းတွေ ဆိုတာကိုလည်း အတည်ပြုနိုင်ကြောင်း သူက ဆက်ပြောပါတယ်။

MiG-29တွေဟာ ဆိုဗီယက်ခေတ် ရုရှား နည်းပညာနဲ့ တည်ဆောက်ခဲ့တဲ့ လေယာဉ်တွေ ဖြစ်တာကြောင့် ပြုပြင်ထိန်းသိမ်းမှု ကဏ္ဍမှာ ရုရှား နည်းပညာရှင်တွေ၊ အင်ဂျင်နီယာတွေရဲ့ အကူအညီကို ယူခဲ့ရကြောင်း၊ ဆလိုဗက်ကီးယား ထောက်လှမ်းရေး အနေနဲ့ အဲဒီ အင်ဂျင်နီယာတွေက MiG-29တွေကို ဖျက်ဆီးခဲ့တယ်လို့ အကြီးအကျယ် သံသယ ရှိပေမယ့် လက်ဆုပ်လက်ကိုင် သက်သေ မပြနိုင်သေးကြောင်းလည်း ဝန်ကြီးက ဝန်ခံခဲ့ပါတယ်။

ဆလိုဗက်ကီးယား လေတပ်ဗိုလ်ချုပ် လူဘွန်မာ ဆဗိုဘိုဒါကလည်း MiG-29 ဂျက်တိုက်လေယာဉ်တွေဟာ ရုရှား အင်ဂျင်နီယာတွေရဲ့ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမှုကို ခံခဲ့ရတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဆလိုဗက်ကီးယားအပြင် အိမ်နီးချင်း ပိုလန်နိုင်ငံကလည်း ယူကရိန်းဆီ MiG-29 တိုက်လေယာဉ်တွေ ပေးပို့ထားပေမယ့် အဲဒီ တိုက်လေယာဉ်တွေနဲ့ ပတ်သက်လို့တော့ ပြဿနာ တစ်ခုခု ရှိတယ်ဆိုတဲ့ သတင်းမျိုးတော့ လောလောဆယ် မကြားရသေးပါဘူး။ ဆလိုဗက်ကီးယားဟာ ယူကရိန်းဆီ MiG-29 ၁၃ စီးထိ ပေးပို့ဖို့ လျာထားပြီး ၄ စီးက ယူကရိန်းဆီ ရောက်ရှိနေပြီ ဖြစ်ပါတယ်။