Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မီဇိုရမ်ပြည်နယ်သား သုံးဦးသတ်ဖြတ်ခဲ့သူများကို သက်သေနှင့်အတူဖမ်းမိပြီဟု မင်းတပ် CDF အသိပေး

မတ်လ ၁၉ရက်က မြန်မာ – အိန္ဒိယနယ်စပ် မြန်မာဘက်အခြမ်း ချင်းပြည်နယ်အတွင်း၌ မီဇိုရမ် ပြည်နယ်သား သုံးဦး သတ်ဖြတ်ခံရမှု ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

(မီဇိုရမ်ပြည်နယ်သား သုံးဦးသတ်ဖြတ်ခံရပြီးနောက် ချင်းပြည်နယ် မတူပီမြို့နယ်နှင့် ထိစပ်လျက်ရှိသောနေရာများတွင် အိန္ဒိယဘက်ခြမ်းမှ ခြံစည်းရိုးကာပြီး သောခတ်ထားစဥ်။ ဓာတ်ပုံ - CJ)
(မီဇိုရမ်ပြည်နယ်သား သုံးဦးသတ်ဖြတ်ခံရပြီးနောက် ချင်းပြည်နယ် မတူပီမြို့နယ်နှင့် ထိစပ်လျက်ရှိသောနေရာများတွင် အိန္ဒိယဘက်ခြမ်းမှ ခြံစည်းရိုးကာပြီး သောခတ်ထားစဥ်။ ဓာတ်ပုံ - CJ)

▪️တရားစီရင်နိုင်ရေး သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ထုတ်ပြန်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သား သုံးဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူများကို သက်သေအထောက်အထားများနှင့်တကွ ဖမ်းဆီးရမိပြီဖြစ်ကြောင်း မင်းတပ်ချင်းကာကွယ် ရေးတပ်(CDF)က ယနေ့ ထုတ်ပြန်လိုက်သည်။

မတ်လ ၁၉ရက်က မြန်မာ – အိန္ဒိယနယ်စပ် မြန်မာဘက်အခြမ်း ချင်းပြည်နယ်အတွင်း၌ မီဇိုရမ် ပြည်နယ်သား သုံးဦး သတ်ဖြတ်ခံရမှု ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် မင်းတပ် CDFအနေဖြင့် ပါဝင်ပတ်သက်မှုမရှိကြောင်းနှင့် အမှုမှန်ပေါ်ပေါက်ရေး ကူညီရန်အသင့်ရှိကြောင်း မင်းတပ် CDFက မတ်လ ၂၉ရက်တွင် ကြေညာချက် ထုတ်ပြန်ပြီးနောက် ယနေ့တွင် ကျူးလွန်သူများကို ဖမ်းမိပြီဖြစ်ကြောင်း အသိပေးခဲ့ခြင်းဖြစ်သည်။

ပြစ်မှု ကျူးလွန်သူများကို တရားဥပဒေနှင့်အညီ တရားစီရင်နိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း မင်းတပ် CDFက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သား သုံးဦး သတ်ဖြတ်ခံရမှုကြောင့် မြန်မာဘက်မှ မီဇိုရမ်ဘက်သို့ တိမ်းရှောင်နေကြသည့် စစ်ဘေးရှောင် ပြည်သူများ ပိုမိုအကြပ်အတည်း ကြုံနေရသည်ဟု ကြားသိရ၍ များစွာ စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ရန်ကြောင့် ချင်းပြည်နယ်ရှိ ပြည်သူများစွာ မီဇိုရမ် ပြည်နယ်ဘက်သို့ တိမ်းရှောင်ခဲ့ရာ မီဇိုရမ် ပြည်နယ်အစိုးရနှင့် ပြည်သူများက ခိုလှုံခွင့်ပေးခဲ့ပြီး ကာကွယ်စောင့်ရှောက်မှုများ ပေးခဲ့သည်။

မီဇိုရမ်ပြည်နယ်သား သုံးဦး သတ်ဖြတ်ခံရမှုမှာ မကွေးတိုင်း မြိုင်ရှိ စစ်ရှောင်များ လိုအပ်သည့် ပစ္စည်းများ ဝယ်ယူရန်လှူဒါန်းသည့် ငွေကြေးများနှင့်ပတ်သက်ကြောင်း၊ လှူဒါန်းငွေကို မီဇိုရမ် ပြည်နယ်ရှိ ပြည်သူတစ်ဦးထံ မြိုင်နယ်မှ ကိုဂျက်ဆိုသူ နှင့် မင်းတပ်နယ်မှ ဆလိုင်းအောင်လိန်းတို့က ယုံကြည်စွာအပ်နှံခဲ့ရာ အပ်နှံငွေများ ပြန်လည်တောင်းခံစဉ် လူသတ်မှုဖြစ်ခဲ့သည်ဟုဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း မတ်လ ၂၉ရက်တွင် ထုတ်ပြန်ခဲ့ရာ ဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံသားအချို့အား စွပ်စွဲပြောဆိုမှုများ ထွက်ပေါ်နေခြင်းအား စိုးရိမ်မကင်းဖြစ်ရကြောင်း ၊ အမှုမှန်ပေါ်ပေါက်ပြီး ကျူးလွန်သူများအား ဖမ်းဆီးရရှိနိုင်ရေး သက်ဆိုင်ရာ ဒေသန္တရအစိုးရ နှင့် တရားဥပဒေစိုးမိုးရေးဘက်ဆိုင်ရာ တာဝန်ရှိသူများ၏ တရားနည်းလမ်းကျသော ကြိုးပမ်းအားထုတ် ဆောင်ရွက်မှုများကို အလေးအနက်ထောက်ခံကြောင်း အသိပေးခဲ့သည်။

ထို့ပြင် အိန္ဒိယ၌ ခိုလှုံနေသည့် မြန်မာနိုင်ငံသား စစ်ဘေးရှောင်ပြည်သူများ အနေဖြင့် သက်ဆိုင်ရာ ဒေသခံပြည်သူများနှင့် အပြန်အလှန် လေးစားတန်ဖိုးထားမှုရှိသော ဆက်ဆံရေးများကို တည်ဆောက်ပြီး ဒေသတွင်းလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ထိန်းသိမ်းဆောင်ရွက်မှုများတွင် ပူးပေါင်းကူညီပေးရန်လည်း NUGက တိုက်တွန်းခဲ့သည်။