Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဧပြီ ၁၀ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေး အတူလက်တွဲဆောင်ရွက်ဖို့ AA ခေါင်းဆောင်ကို ယာယီသမ္မတ ဖိတ်ခေါ်

ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေး အတူလက်တွဲဆောင်ရွက်ဖို့ ဆန္ဒပြုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတဒူဝါလရှီးလက ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ထံသို့ စာရေးသားပေးပို့ပါတယ်။ ဒီိနေ့ ကျရောက်တဲ့ AA ဖွဲ့စည်းတည်ထောင်မှု (၁၄)နှစ်ပြည့် အထိမ်းအမှတ်နေ့အတွက် ယာယီသမ္မတက ၎င်းရဲ့ လက်ရေးမူနဲ့ စာရေးခဲ့တာပါ။ (၁၄)နှစ်တာအတွင်း AAရဲ့ ပေးဆပ်ခဲ့မှုများနဲ့အတူ ယနေ့ ရက္ခိုင်အမျိုးသားတရပ်လုံး အားကိုးယုံကြည်ရတဲ့ ရက္ခိုင့်တပ်တော် အဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဟာ ဂုဏ်ယူစရာဖြစ်တယ်လို့ ယာယီသမ္မတက ဖော်ပြပါတယ်။ NUGကာကွယ်ရေးဝန်ကြီးဌာနကလည်း ဘုံရန်သူစစ်ကောင်စီကို အပြီးသတ်ချေမှုန်းနိုင်ဖို့ အားလုံးအတူတကွ စုစည်းညီညွတ်စွာနဲ့ ရုန်းကန်ဖောက်ထွက် ကြိုးစားကြရမယ်လို့ ရက္ခိုင့်တပ်တော်(AA)ထံ ဒီနေ့ သဝဏ်လွှာပေးပို့ပါတယ်။

▪︎ဖလမ်း-ဟားခါးလမ်းမှာ စစ်ကောင်စီတပ်ယာဉ်တန်းမှ ကားနှစ်စီးကို ချင်းပူးပေါင်းတပ် ထပ်မံသိမ်းပိုက်

ချင်းပြည်နယ် ဖလမ်း-ဟားခါးလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို ချင်းပူးပေါင်းတပ်က တိုက်ခိုက်လျက်ရှိရာ ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီယာဉ်တန်းမှ ကားနှစ်စီးကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။ ဧပြီ ၈ ရက်ကလည်း စစ်ကောင်စီယာဉ်တန်းကို ချင်းတပ်ဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ ကားနှစ်စီး ထိခိုက်ပျက်စီးပြီး ယာဉ်တန်းမှ ချန်ထားခဲ့ရာ အဲဒီယာဉ်နှစ်စီးကို ချင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပါတယ်။ မနေ့ည သန်းခေါင်ကျော်ကလည်း ယာဥ်နှစ်စီးထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး အရပ်ဘက်ယာဥ်တွေဖြစ်တယ်လို့ ဆိိုပါတယ်။

▪︎PDFနဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ ယာယီစခန်းစီးနင်းခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်အစပ်ရှိPDFတပ်ဖွဲ့နဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ ယာယီစခန်း စီးနင်းခံရပြီးလက်နက်ခဲယမ်းနှင့်ရိက္ခာများ ဆုံးရှုံးခဲ့ရတယ်လို့ ပြင်ဦးလွင်ခရိုင် ပ.က.ဖ နဂါးနီပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ စခန်းစီးနင်းခံရပေမယ့် တော်လှန်ရေးရဲဘော်များ ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။ ဧပြီ ၈ ရက် မနက်က ပြင်ဦးလွင်ခရိုင် ပ.က.ဖ နဂါးနီပြောက်ကျားတပ်ဖွဲ့နဲ့ ညီနောင်မဟာမိတ် MDY- UG မြို့ပြပြောက်ကျားတပ်ဖွဲ့များရဲ့ ယာယီစခန်းတည်နေရာသို့ တံတားဦးလေတပ်မှ Mi-35နှစ်စီးနဲဲ့ နာရီဝက်ကြာ ပစ်ခတ်ပြီးနောက် ‌ရဟတ်ယာဉ်ပေါ်မှ စစ်ကောင်စီတပ်သားများ မြေပြင်သို့ ချ၍ လာရောက်တိုက်ခိုက်ခဲ့တာလို့ နဂါးနီပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

▪︎ဘုတလင်နယ် ကျေးရွာသုံးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ သုံးဦးသေ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ကျေးရွာ သုံးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးတယ်လို့ ကျောင်းသားလက်ရုံးတပ်တော် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဧပြီ ၈ ရက်က ဘုတလင်မြို့နယ် ယုန်လှေးကုန်းကျေးရွာတပ်စွဲပြီး ယုန်လှေးကုန်း၊ တရော်တော၊ကုက္ကိုစုကျေးရွာများကို မီးရှို့ဖျက်ဆီးလာတဲ့ အင်အား ၅၀ နဲ့ ၇၀ ကြားရှိ စစ်ကောင်စီစစ်ကြောင်းကိို (မုံရွာခရိုင်တပ်ရင်း ၁၆) Monywa People Defense force၊ ဒေသခံရပ်ကျေး (ပကဖ) မဟာမိတ်တပ်များပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ပူးပေါင်းတပ်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်က အသိပေးပါတယ်။

(ကျောင်းသားလက်ရုံးတပ်တော်ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-ကျောင်းသားလက်ရုံးတပ်တော်)
(ကျောင်းသားလက်ရုံးတပ်တော်ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-ကျောင်းသားလက်ရုံးတပ်တော်)

▪︎စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီတပ်က နေအိမ် ၁၀ လုံးခန့်ဖျက်ဆီး၊ ဒေသခံတစ်ဦးကို ပစ်ခတ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကန်ကြီးကုန်းကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၀ လုံးခန့်ဖျက်ဆီးကာ ဒေသခံပြည်သူတစ်ဦးကို ပစ်ခတ်သွားတယ်လို့ ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ဧပြီ ၈ ရက်က စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်အစပ်သို့ Mi-35 နှစ်စီးနဲ့ ပစ်ခတ်ခဲ့ပြီး Mi-17 နှစ်စီးနဲ့ အင်အားပို့ဆောင်ခဲ့တဲ့ စစ်ကောင်စီတ​ပ်ဟာ စစ်ကိုင်းမြို့နယ်၊ အုတ်ဖိုရွာနဲ့ တလိုင်းကျေးရွာများကို ပစ်ခတ်ဖျက်ဆီးမှုများပြုလုပ်ခဲ့တယ်လို့ ဆိုပါတ​ယ်။ အဲဒီနောက် ဒီနေ့ မနက်ပိုင်းမှာ ကန်ကြီး‌ကုန်းရွာကို ရောက်ရှိလာပြီး ဒေသခံပြည်သူ တစ်ဦးကို ဖမ်းဆီးကာ နေအိမ် ၁၀ လုံးခန့်ကိုဖျက်စီးခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။

▪︎မြိုင်မှာ စစ်ကောင်စီတ​​ပ်က ကျေးရွာသုံးရွာကို မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာ သုံးရွာကိို မီးရှို့ဖျက်ဆီးပြီး စိတ်ကျန်းမာရေးမကောင်းသူ စစ်မှုထမ်းဟောင်းတစ်ဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံများက ပြောပါတယ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှကူးလာတဲ့ စစ်ကောင်စီတပ်ဟာ ဧပြီ ၈ ရက် ညနေပိုင်းမှာ အိုင့်မရွာ၊ မနေ့က ပခုက္ကူမြို့နယ် ကိုင်းရွာတို့ကိို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မနေ့က စစ်ကောင်စီတပ်ဟာ မြိုင်မြို့နယ်အရှေ့တောင်ပိုင်း ညောင်အုပ်ရွာကိို နှစ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။

▪︎အမြန်လမ်းမှာ ကားမီးလောင်ပြီး အမျိုးသားသုံးဦး သေဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ဒီနေ့မနက်ပိုင်းက အိမ်စီးကားမီးလောင်မှုဖြစ်ပွားရာ ကားပေါ်မှာလိုက်ပါလာသူ အမျိုးသားသုံးဦး သေဆုံးသွားတယ်လို့ မီးသတ်ကထုတ်ပြန်ပါတယ်။ ဒီနေ့ မနက်က အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၂၅ အနီး မှာ Honda Civic ကားဟာ လမ်းလယ် ကွန်ကရစ်တုံးကို ဝင်တိုက်မိပြီး မီးလောင်ကာ ကားပေါ်မှာပါလာသူ အမျိုးသား ၃ ဦး သေဆုံးသွားတာလို့သိရပါတယ်။ ကားမီးလောင်တာကို ၁၀ မိနစ်ကြာ ငြိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်က ဆိုပါတယ်။