Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ရှမ်း-ကရင်နီအစပ် သုံးရက်တာတိုက်ပွဲ စစ်ကောင်စီတပ် ၅၀ ထက်မနည်းသေ

ရှမ်း-ကရင်နီပြည်နယ်ဒေသအစပ် ဖယ်ခုံ၊ မိုးဗြဲ နဲ့ ပင်လောင်းမြို့နယ်တိုက်ပွဲများမှာ သုံးရက်အတွင်း စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်းသေဆုံးပြီး အရှင်နှစ်ဦးဖမ်းမိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် လက်နက် ၂၆ လက်အပါအဝင် ခဲယမ်းများစွာလည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဧပြီ ၂၄ ရက်မှစတဲ့ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများ အဆမတန်အသုံးပြုခဲ့သလို့ ဂျက်ဖိုက်တာနဲ့ လေကြောင်းမှလည်း တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း KNDF B/11 မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရပါတယ်။

(မိုးဗြဲ၊ဖယ်ခုံ နှင့် ပင်လောင်းမြို့၌ သုံးရက်တာ တိုက်ပွဲမှရရှိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(မိုးဗြဲ၊ဖယ်ခုံ နှင့် ပင်လောင်းမြို့၌ သုံးရက်တာ တိုက်ပွဲမှရရှိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNDF)

▪️စစ်ကောင်စီက ထိုင်းနိုင်ငံထုတ်ဗုံးများ အသုံးပြု တိုက်ခိုက်လာ

ကရင်ဒေသသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာမှာ အသုံးပြုတဲ့ ဗုံးပဒေသာများမှာ ထိုင်းနိုင်ငံထုတ် ဗုံးများဖြစ်တယ်လို့ ယူဆရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ ကော်ဘရာစစ်ကြောင်းမှ စစ်ဆင်ရေးမှူး ဗိုလ်ကြီးဒါဘောက သုံးသပ်ပါတယ်။ ဒီလအတွင်း စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့တဲ့ နေရာသို့ ဗိုလ်ဒါဘောသွားရောက်စဉ် အဆောက်အဦးအပျက်အစီးများကြားမှာ တွေ့ရတဲ့ ဗုံးခွံမှာ ထိုင်းစာများတွေ့ရှိရတဲ့ အခြေအနေကို ပြောခဲ့တာပါ။ အရင်က စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဗုံးများမှာ ထိုင်းစာသားများ၊ ထိုင်းနိုင်ငံပိုင် အမှတ်အသားများ မတွေ့ရဘူးလို့ သိရပါတယ်။

(ကရင်ဒေသသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာတွင် ထိုင်းနိုင်ငံထုတ်ဟု ယူဆရသော ဗုံးအပိုင်းအစများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကရင်ဒေသသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာတွင် ထိုင်းနိုင်ငံထုတ်ဟု ယူဆရသော ဗုံးအပိုင်းအစများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

▪️မန္တလေး ပြည်ကြီးတံခွန် စက်မှု ၁ ဈေးရှေ့ ရွှေဆိုင် ဓားပြတိုက်ခံရ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှု ၁ ဈေးရှေ့မှာရှိတဲ့ ထက်ဝေယံ ရွှေဆိုင်ဟာ ဒီနေ့ နေ့ခင်းက ဓားပြတိုက်ခံလိုက်ရတယ်လို့ ဒေသခံအချို့ဆီက သိရပါတယ်။ အဲဒီရွှေဆိုင်ဟာ ၆၂ လမ်း ၊ ၁၃၃ လမ်းနဲ့ ၁၃၄ လမ်းကြားမှာရှိပြီး အမျိုးသား နှစ်ဦးက သေနတ်အတိုနဲ့ ဓားပြဝင်တိုက်သွားတာလို့ ဆိုပါတယ်။ စစ်အုပ်စု ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဓားပြတိုက်သူ ၂ ဦးဟာ ဆိုင်အတွင်းနံရံ ကို သေနတ်နဲ့ ပစ်ခတ်ခြိမ်းခြောက်ပြီး ပါလာတဲ့ ဓားနဲ့ မှန်ဘောင်တွေကို ရိုက်ခွဲကာ ရွှေထည်တွေ ယူသွားတယ်လို့ အတိအကျ ဖော်ပြပါတယ်။ စစ်အုပ်စုစာရင်းအရ ရွှေဆွဲကြိုး ၁၈ ကုံး ၊ရွှေနားကပ်အရေအတွက် ၃၈၀ ၊ နားဆွဲ ၉၀ ပါသွားပြီး ကာလတန်ကြေး ကျပ်သိန်း ၂,၅၀၀ ကျော်ဖိုး ရှိတယ်လို့ဆိုပါတယ်။

ဓားပြတိုက်ခံရတဲ့ ရွှေဆိုင် (ပုံဟောင်း)
ဓားပြတိုက်ခံရတဲ့ ရွှေဆိုင် (ပုံဟောင်း)

▪️ဟားခါး-ထန်တလန်ကြား စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်မှု RPGနဲ့လက်နက်ကြီးအချို့ရရှိ

ချင်းပြည်နယ် ဟားခါး-ထန်တလန်မြို့အကြားရှိ စစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ စခန်းမှ ဆုတ်ခွာသွားပြီး လက်နက်ကြီးအချို့နဲ့ RPG တစ်လက်၊ ကျည်၊ ခဲယမ်းများ ရရှိခဲ့တယ်လို့ ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ အဲဒီဒေသမှာ စစ်ကောင်စီတပ်စခန်း သုံးခုရှိရာ ဧပြီ ၂၆ ရက်မှာ တပ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒုတိယစခန်း ဝင်စီးဖို့ ပြငဆင်နေတုန်းမှာ စစ်ကောင်စီဘက်က ဖိုက်တာနှစ်စီး ဗုံးလာကြဲလို့ ပြန်ဆုတ်ပေးခဲ့တာလိို့ ဆလိုင်းထက်နီက ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း ချင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။

(ဧပြီ ၂၇ရက် ညနေပိုင်းတွင် ထန်တလန်မြို့နယ် တလန်လိုရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် အရပ်သား နှစ်ဦးအား ညတွင်းချင်း သဂြိုလ်နေစဉ်။ ဓာတ်ပုံ - The Chin Journal)
(ဧပြီ ၂၇ရက် ညနေပိုင်းတွင် ထန်တလန်မြို့နယ် တလန်လိုရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် အရပ်သား နှစ်ဦးအား ညတွင်းချင်း သဂြိုလ်နေစဉ်။ ဓာတ်ပုံ – The Chin Journal)

▪️မင်းလှမြို့နယ်ရှိ ချင်းရွာကို စစ်ကောင်စီတပ် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ အိမ်ခြေ ၂၅ လုံးသာရှိတဲ့ ချင်းရွာတစ်ရွာကို စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးပြီး အဲဒီရွာမှ ဒေသခံများကို လက်မခံကြဖို့ အနီးပတ်ဝန်းကျင် ကျေးရွာများကို ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။ မင်းလှမြို့နဲ့ မိုင် (၅၀)ကျော်ဝေးပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ရေယဉ်ကျေးရွာကို စစ်ကောင်စီတပ်က ဧပြီ ၂၂ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တာပါ။ ရေယဉ်ရွာ အိမ်ခြေ ၂၅ လုံးသာရှိပြီး အိမ်ခြေ ၂၄ လုံး မီးလောင်ပြာကျခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

(မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရသော ရေယဉ်ရွာ။ ဓာတ်ပုံ - CJ)
(မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရသော ရေယဉ်ရွာ။ ဓာတ်ပုံ – CJ)

▪️ကင်မွန်းချောင်းရဲစခန်း ဒရုန်းနဲ့ပစ်ခတ်ခံရပြီး စခန်းမီးလောင်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းရဲစခန်း ဒရုန်းနဲ့ပစ်ခတ်ခံရပြီး စခန်းမီးလောင် ပျက်စီးခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)က ဒီနေ့ ထုတ်ပြန်ပါတယ်။ မွန်း‌ချောင်းနယ်မြေရဲစခန်းကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ကာ KNLA၊ PDF ၊PPDF-KD၊KRF၊ TPDF ၊ ဘီးလင်း (ပကဖ)နဲ့ ကျိုက်ထို (ပကဖ)တို့ ပူးပေါင်းကာ မနေ့က တိုက်ခိုက်ခဲ့တာလိို့ ဆိုပါတယ်။ စစ်ကောင်စီဘက်မှ သေဆုံးသူ ရှိ၊မရှိကို အတိအကျမပြောနိုင်သေးဘူးလို့ KRF တာဝန်ရှိသူက ပြောပါတယ်။

(ယမန်နေ့က တိုက်ခိုက်ခံရသော ကင်မွန်းချောင်းရဲစခန်းဝင်းအတွင်း မီးလောင်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - KIT)
(ယမန်နေ့က တိုက်ခိုက်ခံရသော ကင်မွန်းချောင်းရဲစခန်းဝင်းအတွင်း မီးလောင်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – KIT)

▪️မုံရွာမြို့ စီးပွားရေးဘဏ်အနီး ကင်းစောင့်နေတဲ့ စစ်ကောင်စီတ​ပ်သားများကို ပါဆယ်ဗုံးနဲ့ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စီးပွားရေးဘဏ်အနီး ကင်းပုန်းဝတ်နေတဲ့ စစ်ကောင်စီတပ်သားများကို ပါဆယ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒဿ Monywa PDF ပြောက်ကြားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဒဿ ပြောပါတယ်။ ဧပြီ ၂၆ ရက် ညနေပိုင်းက မုံရွာမြို့၊ မြန်မာ့စီးပွားရေးဘဏ်အနီးမှာ ကင်းလာစောင့်တဲ့ စစ်ကောင်စီတပ်သား သုံးဦးကို ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကို ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ ၊ ၅/ဘခက် Monywa UG ပြောက်ကျားနဲ့ Monywa UG တပ်ပေါင်းစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။