Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာခရီးစဉ်မှနှစ်နိုင်ငံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုတွေ ဆွေးနွေးခဲ့တယ်လို့ တရုတ်အစိုးရမီဒီယာတွေဖော်ပြ

ချင်ဟာ နေပြည်တော်ကို ရောက်ရှိနေချိန် အတောအတွင်း စစ်ကောင်စီက ခန့်အပ်တဲ့ နိုင်ငံခြားရေး ဝန်ကြီး၊ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးတွေနဲ့ပါ တွေ့ဆုံခဲ့ပါသေးတယ်။

တရုတ်နိုင်ငံခြား​ရေးဝန်ကြီးနဲ့ မြန်မာ အာဏာသိမ်း​ခေါင်း​ဆောင် ဓါတ်ပုံ- CGTN
တရုတ်နိုင်ငံခြား​ရေးဝန်ကြီးနဲ့ မြန်မာ အာဏာသိမ်း​ခေါင်း​ဆောင် ဓါတ်ပုံ- CGTN

▪︎စစ်အာဏာရှင်​ဟောင်းဦးသန်း​​ရွှေနဲ့လည်း​တွေ့ဆုံ ၊ ဦးသန်း​ရွှေကမြန်မာဟာ တရုတ်ရဲ့ One-China မူဝါဒနဲ့ အကျိုးစီးပွားမူဝါဒတွေကို ခိုင်ခိုင်မာမာ အားပေး ထောက်ခံ ရပ်တည်နေမယ်လို့ဆို

နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုတွေကို အနာဂတ်မှာ ပိုမို မြှင့်တင်သွားဖို့ သဘောတူညီမှုတွေ တည်ဆောက်နိုင်ခဲ့ကြောင်း တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

မေလ ၂ ရက်က တရုတ် နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန်ဟာ နေပြည်တော်ကို ရောက်ရှိခဲ့ပြီး အာဏာသိမ်း စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ တွေ့ဆုံမှုအတွင်း ချင်က တရုတ်နဲ့ မြန်မာကြား တည်ဆောက်ထားတဲ့ ပေါက်ဖော် ဆက်ဆံရေးရဲ့ အရေးပါမှုတွေကို အလေးအနက် ပြောဆိုခဲ့ကြောင်း တရုတ်အစိုးရ အာဘော် မီဒီယာတွေက ဆိုပါတယ်။

ချင်က နိုင်ငံတကာ ဖွံ့ဖြိုးရေး၊ လုံခြုံရေးနဲ့ လူ့အဖွဲ့အစည်း တိုးတက်ရေးဆိုင်ရာ ခြေလှမ်းသစ်တွေမှာ မြန်မာနဲ့အတူ လက်တွဲ ဆောင်ရွက် တည်ဆောက်သွားဖို့ အသင့်ဖြစ်နေတယ်လို့လည်း ချင်က အာဏာသိမ်း​ခေါင်း​ဆောင်မင်းအောင်လှိုင်ကို ပြောခဲ့ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံ အနေနဲ့ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိလာစေဖို့ တရုတ်က အလေးအနက် မျှော်လင့် လိုလားကြောင်းလည်း သူက ဆိုပါတယ်။

နောက်ပြီး နိုင်ငံရေး စပ်ကူးမတ်ကူး လုပ်ငန်းစဉ်တွေ တိုးတက်ရေးအတွက် တရုတ်က မြန်မာကို ပံ့ပိုး ကူညီမှာ ဖြစ်သလို မြန်မာ့ နိုင်ငံရေးက ပတ်သက်ဆက်နွှယ်တဲ့ အဖွဲ့အစည်း အသီးသီးဟာ အမြင်ကွဲပြားမှုတွေနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ ဆွေးနွေးမှုတွေ ဖော်ဆောင်နိုင်ဖို့၊ အမျိုးသား ရင်ကြားစေ့ရေးကို အကောင်အထည် ဖော်ဖို့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ တရားဥပဒေ မူဘောင်တွေနဲ့အညီ ဆောင်ရွက်နိုင်ရေး တရုတ်က အားပေးသွားမယ်လို့လည်း ချင်က ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အားထုတ် ကြိုးပမ်းမှုတွေအပြင် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်ကိစ္စ၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ မြန်မာပြည်သူတွေ အကျိုးကျေးဇူး ခံစားရမယ့် တခြား အရေးပါတဲ့ ကဏ္ဍတွေ ဖွံ့ဖြိုး တိုးတက်ရေးတွေမှာပါ တရုတ်က အစွမ်းကုန် ပံ့ပိုးနေဦးမယ်လို့လည်းသူက ဆိုပါတယ်။

မင်းအောင်လှိုင်ကလည်း မြန်မာနဲ့ တရုတ်တို့ဟာ သံတမန် ဆက်ဆံရေး နှစ်ပေါင်း ၇၀ နီးပါးလောက် တည်မြဲခဲ့သလို နှစ်နိုင်ငံခြား ဖွံ့ဖြိုးမှု အရှိန်အဟုန်တွေရဲ့ အသီးအပွင့်တွေကို ခံစားခွင့် ရခဲ့ကြတယ်လို့ ချင်ကို ပြောပါတယ်။ နောက်ပြီး အနာဂတ်အတွက် တရုတ်-မြန်မာ ခင်မင်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကို တက်တက်ကြွကြွ မြှင့်တင် တည်ဆောက်သွားလိုတယ်လို့ မင်းအောင်လှိုင်က ဆက်ပြောခဲ့ပါတယ်။

ထူးခြားချက် တစ်ခုအဖြစ် တရုတ်နိုင်ငံခြား​​ရေးဝန်ကြီးဟာ စစ်အာဏာရှင်ဟောင်း သန်းရွှေနဲ့ပါ တွေ့ဆုံခဲ့ခြင်း ဖြစ်ပါတယ်။ ချင်က သန်းရွှေနဲ့ တွေ့ဆုံချိန်မှာ တရုတ်ဟာ မြန်မာအတွက် ယုံကြည်အားကိုးရမယ့် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ လက်တွဲဖော်ကောင်းအဖြစ် အမြဲတမ်း ရှိနေမယ်လို့ ပြောဆိုခဲ့တယ်လို့ပါတယ်။ အာဏာရှင် စစ်ဗိုလ်ချုပ်မှူးကြီးဟောင်းကလည်း မြန်မာဟာ တရုတ်ရဲ့ One-China မူဝါဒနဲ့ အကျိုးစီးပွားမူဝါဒတွေကို ခိုင်ခိုင်မာမာ အားပေး ထောက်ခံ ရပ်တည်နေမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

စစ်အာဏာရှင်​ဟောင်းဦးသန်း​ရွှေ ၂၀၀၉ ခုနှစ် အိန္ဒိယခရီးစဥ်တွင်​တွေ့ရပုံ။ဓါတ်ပုံ-Getty Images
စစ်အာဏာရှင်​ဟောင်းဦးသန်း​ရွှေ ၂၀၀၉ ခုနှစ် အိန္ဒိယခရီးစဥ်တွင်​တွေ့ရပုံ။ဓါတ်ပုံ-Getty Images

ချင်ဟာ နေပြည်တော်ကို ရောက်ရှိနေချိန် အတောအတွင်း စစ်ကောင်စီက ခန့်အပ်တဲ့ နိုင်ငံခြားရေး ဝန်ကြီး၊ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးတွေနဲ့ပါ တွေ့ဆုံခဲ့ပါသေးတယ်။

ကိုးကား-CGTN