Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေတိုကို မကြည့်ဘဲ ရေရှည်အကျိုးစီးပွားမျှော်ကြည့်မှသာ အိမ်နီးချင်းကောင်းပြီသမည်ဟု တရုတ်ကို NUG ပြောရေးဆိုခွင့်ရှိသူ သတိပေး

အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဥ် ရည်ရွယ်ချက်နှင့် လုပ်ဆောင်မှုများကို စောင့်ကြည့်လေ့လာနေပြီး ချင်ဂန်၏ ခရီးစဥ်က မြန်မာပြည်သူလူထု၏ အကျိုးစီးပွားကို အကျိုးဖြစ်စေမည့် ရည်ရွယ်ချက်လည်း ပါရှိမည်ဟု မျှော်လင့်နေသည်ဟု ဆိုသည်။

(တရုတ်နိုင်ငံခြား​ရေးဝန်ကြီးနှင့် အာဏာသိမ်းစစ်​ခေါင်း​ဆောင် ။ဓါတ်ပုံ-စစ်​ကောင်စီ)
(တရုတ်နိုင်ငံခြား​ရေးဝန်ကြီးနှင့် အာဏာသိမ်းစစ်​ခေါင်း​ဆောင် ။ဓါတ်ပုံ-စစ်​ကောင်စီ)

▪︎တရားမဝင်သည့် စစ်အုပ်စုနှင့် ချုပ်ဆိုဆောင်ရွက်မည့် လုပ်ငန်းများ တရားမဝင်ကြောင်း ကြိုတင်သတင်းပါး

တရုတ်သည် ရေတိုကို မကြည့်ဘဲ ရေရှည်အကျိုးစီးပွားမျှော်ကြည့်မှသာ အိမ်နီးချင်းကောင်းပြီသပြီး တရုတ်နှင့် မြန်မာ တိုင်းပြည်နှစ်ခုစလုံး၊ ပြည်သူလူထုနှစ်ဖက်စလုံးအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန် ၏ နေပြည်တော်ခရီးစဥ်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲဲ့ပြီး စစ်ကောင်စီက မြန်မာနိုင်ငံတွင်းသာမက ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကို လုပ်ဆောင်ပေးနိုင်မည်မဟုတ်ဘဲ အကြမ်းဖက်မှုများကိုသာ ဆက်လက်ကျူးလွန်နေမည်ဖြစ်ကြောင်း အမျိုးသားရေးညီညွတ်ရေးအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောက သတိပေးသည်။

“စစ်ကောင်စီကတော့ မြန်မာပြည်ရဲ့ ပြည်သူလူထုကို ကိုယ်စားပြုတာလည်း မဟုတ်ဘူး။ စစ်ကောင်စီက အကြမ်းဖက်သမားတွေ သက်သက်သာဖြစ်တယ်။ ရာဇဝတ်သားတွေသာ ဖြစ်တယ်ဆိုတော့ စစ်ကောင်စီရဲ့ အကျိုးစီးပွားဟာ မြန်မာပြည်သူလူထုရဲ့ အကျိုးစီးပွားမဟုတ်ဘူး။ နောက်ပြီး တရုတ်ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီအောင် သူတို့အနေနဲ့ ရေရှည်အတွက် ဆောင်ရွက်ပေးနိုင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံမှာ မတည်မငြိမ်မှုတွေပဲ ဖြစ်စေတယ်၊​အကြမ်းဖက်မှုတွေပဲ လုပ်ကိုင်နေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာ မတည်မငြိမ်မှုဖြစ်တဲ့အခါကျရင် နယ်စပ်ချင်းစပ်နေတဲ့ တရုတ်နိုင်ငံအတွက်လည်း၊ ဒေသတွင်းအတွက်လည်း မတည်မငြိမ်မှု ဖြစ်စေဖို့အတွက် အကျိုးသက်ရောက်စေနိုင်တယ်” ဟု ၎င်းက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဥ် ရည်ရွယ်ချက်နှင့် လုပ်ဆောင်မှုများကို စောင့်ကြည့်လေ့လာနေပြီး ချင်ဂန်၏ ခရီးစဥ်က မြန်မာပြည်သူလူထု၏ အကျိုးစီးပွားကို အကျိုးဖြစ်စေမည့် ရည်ရွယ်ချက်လည်း ပါရှိမည်ဟု မျှော်လင့်နေသည်ဟု ဆိုသည်။

“မြန်မာပြည်သူလူထုရဲ့ ဆန္ဒအစစ်အမှန်ကို နားလည်အောင် ကြိုးစားကြည့်ပြီးတော့ မြန်မာပြည်သူလူထုရဲ့ အကျိုးစီးပွား၊ တရုတ်ပြည်သူလူထုရဲ့ အကျိုးစီးပွား နှစ်နိုင်ငံ အကျိုးစီးပွားအတွက် အကျိုးဖြစ်စေမယ့် ရည်ရွယ်ချက်တွေ ရှိမယ်လို့ မျှော်လင့်ပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။

မြန်မာပြည်သူလူထု၏ နွေဦးတော်လှန်ရေး အောင်မြင်ပြီး မြန်မာနိုင်ငံတွင် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ခြင်းအားဖြင့် တည်ငြိမ်ပြီး ငြိမ်းချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ကြီးကို တည်ထောင်ကာ ရေရှည်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြန်မာနိုင်ငံ ပြည်သူလူထုနှစ်ရပ်စလုံးအတွက် အကျိုးစီးပွားရှိမည့် အာမခံချက်ပေးနိုင်မည်ဟု အထက်ပါ NUG ပြောရေးဆိုခွင့်ရှိသူက People’s Spring သို့ ပြောသည်။

NUG သည် ရေရှည်တည်တံ့ခိုင်မြဲသည့် နိုင်ငံရေးအဖြေရရှိရန် အစဥ်တစိုက်ကြိုးစားနေပြီး ယခင် တရားဝင်အစိုးရများ ချုပ်ဆိုခဲ့သော စာချုပ်များ၊ သဘောတူညီချက်များ၊ ရင်းနှီးမြှုပ်နှံမှုများကို အသိအမှတ်ပြု ကာကွယ်စောင့်ရှောက်မည်ဖြစ်ကာ တရားမဝင်သည့် စစ်အုပ်စုနှင့် ချုပ်ဆိုဆောင်ရွက်မည့် လုပ်ငန်းများမှာ တရားမဝင်ကြောင်း ကြိုတင်သတင်းပါးလိုကြောင်း ဦးကျော်ဇောက ဆိုသည်။

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံစဥ် နိုင်ငံရေး၊ နိုင်ငံခြားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောက်ရွက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်းစာများတွင် ဖော်ပြပြီး တရုတ်အစိုးရပိုင် CGTN ကမူ နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး သဘောတူညီခဲ့ကြောင်း ဖော်ပြသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်၏ နေပြည်တော်ခရီးစဥ်အတွင်း ယခင်စစ်အာဏာရှင်ခေါင်းဆောင် သန်းရွှေနှင့်လည်း တွေ့ဆုံခဲဲ့ပြီး တရုတ်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားကြောင်း၊ မြန်မာနိုင်ငံ၏ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ထိန်းသိမ်းနိုင်ရေး၊ နိုင်ငံရေးတည်ငြိမ်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက် တရုတ်က ခိုင်မာစွာ ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။