Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မေလ ၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်ကောင်စီဗျူဟာမှူး ဗိုလ်မှူးကြီးစိုးမင်းလတ် အပါအဝင်သုံးဦး ရှင်းလင်းနိုင်ခဲ့ဟု မတူပီ CDF အသိပေး

ချင်းပြည်နယ် မတူပီမြို့နယ် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)ရဲ့ အထူးစစ်ဆင်ရေးတစ်ရပ်အတွင်း စစ်ကောင်စီဘက်မှ စစ်ဗျူဟာမှူး အပါအဝင် သုံးဦးကို ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်တစ်လက် ရရှိခဲ့တယ်လို့ မတူပီ CDFက ဒီနေ့ ထုတ်ပြန်ပါတယ်။ မနေ့က မတူပီ-ဟားခါးလမ်းမပေါ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီ စစ်ဗျူဟာ ဌာနချုပ်စခန်းကို မတူပီ CDFက အထူးစစ်ဆင်ရေးအဖြစ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆင်ရေးမှာ စစ်ကောင်စီဘက်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးမင်းလတ်နဲ့ ဗိုလ်မှူးတစ်ဦး၊ စစ်ဗျူဟာမှူး​ရဲ့ယာဉ်မောင်းတပ်သားတစ်ဦး စုစုပေါင်း သုံးဦး ရှင်းလင်းနိုင်ခဲ့ပြီး MA 3 တစ်လက် ရရှိခဲ့တယ်လို့ အသိပေးပါတယ်။

(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိခဲ့​သော​သေနတ်။ ဓာတ်ပုံ - CDF မတူပီ)
(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိခဲ့​သော​သေနတ်။ ဓာတ်ပုံ – CDF မတူပီ)

▪️ဖယ်ခုံမြို့နယ် လန်းကောရွာကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ

ရှမ်း-ကရင်နီဒေသအစပ် ဖယ်ခုံမြို့နယ်၊ လန်းကောကျေးရွာကို စစ်ကောင်စီက ဒီနေ့ မနက်မှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုရားကျောင်းနဲ့ နေအိမ်အချို့ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုကြောင့် လူနေအိမ် နှစ်လုံးနဲ့ဘုရားကျောင်းနံရံနဲ့ အမိုးတွေ ပျက်စီးသွားတယ်လို့ ဖယ်ခုံအခြေစိုက်စစ်ဘေးရှောင်အရေးကူညီနေသူက ပြောပါတယ်။ ဒေသခံပြည်သူ ထိခိုက်မှုရှိ၊ မရှိကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။ မနေ့ကလည်း ဖယ်ခုံမြို့နယ် အနောက်ကယန်းဒေသမှာ စစ်ကောင်စီက လေယာဉ်နဲ့ စုစုပေါင်း(၇)ကြိမ် ဗုံးကြဲခဲ့ပါတယ်။

(ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် အဆောက်အဦးများ။ ဓာတ်ပုံ - CJ)
(ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် အဆောက်အဦးများ။ ဓာတ်ပုံ – CJ)

▪️မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ဆက်လုပ်မယ်လို့ KNU (၁၇)ကြိမ်မြောက်ကွန်ကရက် သန္နိဋ္ဌာန်ပြု

မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေး၊ ကရင်အမျိုးသားများ ရသင့်ရထိုက်တဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ ရရှိရေးအတွက် ချမှတ်ထားတဲ့ အခြေခံလမ်းစဉ်၊လုပ်ငန်းစဉ်နဲ့ ရှေ့လုပ်ငန်းစဉ်များအတိုင်း ကရင်တမျိုးသားလုံးနှင့်အတူတကွ ရပ်တည်လုပ်ဆောင်သွားဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ (၁၇)ကြိမ်မြောက် ကွန်ကရက်က သန္နိဋ္ဌာန်ပြုခဲ့တယ်လို့ KNU ဗဟိုဌာနချုပ်က ထုတ်ပြန်ကြေညာပါတယ်။ KNUဟာ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ ဒီမိုကရေစီ အင်အားစုများ၊ လူထုလူတန်းစားအသီးသီး လက်တွဲညီစွာ ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်သွားကြမယ်လို့ အသိပေးပါတယ်။

(၂၀၁၉က ထိုင်း - မြန်မာနယ်စပ်တစ်နေရာတွင် ကျင်းပသည့် နှစ်(၇၀)ပြည့် ကရင့်လွတ်လပ်ရေးနေ့ အခမ်းအနားတွင် မြင်တွေ့ရသော KNU တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - အေအက်ပီ)
(၂၀၁၉က ထိုင်း – မြန်မာနယ်စပ်တစ်နေရာတွင် ကျင်းပသည့် နှစ်(၇၀)ပြည့် ကရင့်လွတ်လပ်ရေးနေ့ အခမ်းအနားတွင် မြင်တွေ့ရသော KNU တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ – အေအက်ပီ)

▪️PDF တပ်မတော်အပေါ်ပြည်သူလူထုရဲ့ ကျေးဇူးအထူးကြီးမားသည်ကို မမေ့ဖို့ ကာကွယ်ရေးဝန်ကြီးပြော

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အပေါ် ပြည်သူလူထုရဲ့ ကျေးဇူးအထူးကြီးမားသည်ကို မမေ့ဖို့ မေလ ၅ ရက်မှာ ကျရောက်တဲ့ PDF ဖွဲ့စည်းမှု ၂နှစ်ပြည့်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ PDF ရဲဘော်များသို့ ပြောကြားတဲ့ ရေဒီယို NUG အသံလွှင့်အစီအစဉ်မှာ ဝန်ကြီးက မြန်မာတိုင်းရင်သားပြည်သူအားလုံး စစ်ကျွန်ဘဝက အပြီးတိုင်လွှတ်မြောက်ရေး တိုက်ပွဲဝင်ဖို့ လက်နက်ကိုင်တာလို့ ဆိုပါတယ်။ နိုင်ငံအပေါ် နှစ်ပေါင်း (၆၀) ကျော် ဗိုလ်ကျလွှမ်းမိုးခဲ့တဲ့ စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြတ်ရန်လူငယ်များဟာ လက်နက်ကိုင်ခုခံတွန်းလှန်စစ်ကို နောက်ဆုံးနည်းလမ်းအဖြစ်ရွေးချယ်ခဲ့ကြတယ်လို့ ဝန်ကြီးက ပြောပါတယ်။

▪️သပိတ်ကျင်းနယ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် သေဆုံးမှုရှိဟု တော်လှန်ရေးတပ်ဖွဲ့များပြော

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့များက ပြောပါတယ်။ သပိတ်ကျင်းနယ်အတွင်း ပြည်သူလူထုပိုင် ပစ္စည်းများ ယူဆောင်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း လုပ်ဆောင်နေတဲ့ အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်ကို သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားများ အလစ်အငိုက် တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်များပြားခဲ့တယ်လို့ သပိတ်ကျင်း ပကဖက မနေ့က သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် မေလ ၂ မှ ၄ ရက်အထိ သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၃၇ ဦး သေဆုံးခဲ့တယ်လို့ ဗိုလ်လင်းယုန်တပ်ဖွဲ့က ကြေညာပါတယ်။

(သပိတ်ကျင်းမြို့နယ်(ပ.က.ဖ)မှ တော်လှန်ရေးရဲဘော်များအား တွေ့ရစဉ်)
(သပိတ်ကျင်းမြို့နယ်(ပ.က.ဖ)မှ တော်လှန်ရေးရဲဘော်များအား တွေ့ရစဉ်)

▪️အရာတော်နယ် စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ စပါးတွင်းပျူစောထီးကျေးရွာရှိ စစ်ကောင်စီတပ် အင်အားတိုးချဲ့ချိန် ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းဖြူရှင်ပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မနေ့ညနေပိုင်းက အရာတော်တပ်မှတဆင့် စပါးတွင်းပျူရွာကို တပ်သားများ အင်အားထပ်တိုးထားချိန် ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်မှုရှိနိုင်တယ်လို့ မြင်းဖြူရှင်ပြောက်ကျားအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ အလားတူ အရာတော်နယ်ရဲ့ အရှေ့ဘက်ရှိ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကိုလည်း လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

▪️အောင်လအန်ဆန်က တရုတ်ဖိုက်တာကို ချုပ်ကွက်နဲ့အနိုင်ယူ

အမေရိကန်မှာ ဒီနေ့ ကျင်းပခဲ့တဲ့ One Championship MMA ပြိုင်ပွဲမှာ ကချင်တိုင်းရင်းသား အောင်လအန်ဆန်က တရုတ်ဖိုက်တာ ဖန်ယောင်းကို ဒုတိယအချီအတွင်း ချုပ်ကွက်နဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲစဥ် ပထမအချီမှာ အောင်လနဲ့ ဖန်ယောင်းတို့ဟာ လက်သီးချက်၊ ခြေကန်ချက်များကိုသာ အားပြုတိုက်ခိုက်ခဲ့ပြီး ပွဲအစ ၂ မိနစ်ကျော်မှာ အောင်လရဲ့ ညာဝိုက်လက်သီးချက်ကြောင့် ဖန်ယောင်း မျက်ခုံးကွဲ ဒဏ်ရာရခဲ့ပါတယ်။ ဒုတိယအချီမှာ ဖန်ယောင်းက အောင်လကို လှဲချပြီးချုပ်ကွက်နဲ့ အနိုင်ယူဖို့ ကြိုးစားစဥ် အောင်လက လဲကျ​နေတဲ့ အ​နေအထားမှ ​ဖန်​ယောင်းရဲ့ လည်ပင်းကိုချုပ်ကာ အနိုင်ယူလိုက်တာပါ။