Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စုနှင့်လက်တွဲနေသည့် နိုင်ငံတကာကုမ္ပဏီ ငါး ခုမှ ရင်းနှီးမြှပ်နှံမှုများ ပြန်ရုတ်သိမ်းခဲ့ဟု နော်ဝေးဗဟိုဘဏ်ထုတ်ပြန်

မြန်မာနိုင်ငံတွင်ပဋိပက္ခနှင့်လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ထိုကုမ္ပဏီများကို ရင်းနှီးမြှပ်နှံမှုစာရင်းမှဖယ်ထုတ်ထားခြင်းဖြစ်သည်ဟု Norges Bank ကဆိုသည်။

(နော်ဝေးဗဟိုဘဏ်၊ ငွေကြေးရင်းနှီးမြှပ်နှံရန်ပုံငွေအဖွဲ့ -Norges Bank။ဓါတ်ပုံ-ရိုက်တာ)
(နော်ဝေးဗဟိုဘဏ်၊ ငွေကြေးရင်းနှီးမြှပ်နှံရန်ပုံငွေအဖွဲ့ -Norges Bank။ဓါတ်ပုံ-ရိုက်တာ)

အာဏာသိမ်းစစ်ကောင်စီနှင့်လက်တွဲဆောင်ရွက်နေသည့် နိုင်ငံတကာမှစီးပွားရေးလုပ်ငန်းကြီး ၅ ခုကျော်ကို အမည်ပျက်စာရင်းသွင်းပြီး ငွေကြေးရင်းနှီးမြှပ်နှံမှုများ ရပ်တန့်ခဲ့​ကြောင်း နော်ဝေး ဗဟိုဘဏ်၊ ငွေကြေးရင်းနှီးမြှပ်နှံရန်ပုံငွေအဖွဲ့ (Norges Bank)က ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင်ပဋိပက္ခနှင့်လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ထိုကုမ္ပဏီများကို ရင်းနှီးမြှပ်နှံမှုစာရင်းမှဖယ်ထုတ်ထားခြင်းဖြစ်သည်ဟု Norges Bank ကဆိုသည်။

နော်ဝေးငွေကြေးရင်းနှီးမြှပ်နှံရန်ပုံငွေအဖွဲ့သည် နော်ဝေးဗဟိုဘဏ်လက်အောက်တွင်ရှိပြီး ပိုင်ဆိုင်မှုဒေါ်လာ ၁ ဒဿမ ၄ ထီလီယံ ရှိပြီးကမ္ဘာ့အကြီးဆုံး ပင်စင်ရန်ပုံငွေအဖွဲ့ကြီးတစ်ခုဖြစ်သည်။ ထိုရန်ပုံငွေမှ နော်ဝေးဗဟိုဘဏ် Norges Bank သည်ကမ္ဘာတဝန်းရှိ ကုမ္ပဏီပေါင်း ၉၂၀၀ ကျော်တွင် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၄ ထရီလီယံရင်းနှီးမြှပ်နှံထားသည်။

Norges Bankက ဖယ်ထုတ်ခဲ့သည့် ကုမ္ပဏီများထဲတွင် အိန္ဒိယအစိုးရပိုင် ရေနံကုမ္ပဏီ GAIL India ၊ ကိုရီယားရေနံကုမ္ပဏီ KOGAS၊ တရုတ် လေယာဉ်နှင့် အပိုပစ္စည်းများထုတ်လုပ်သည့်AviChina Industry & Technology ကုမ္ပဏီ၊ အိန္ဒိယအစိုးရပိုင် လေယာဉ်နှင့်ကာကွယ်ရေး အီလက်ထရောနစ်ပစ္စည်းများထုတ်လုပ်သည့် Bharat Electronics ကုမ္ပဏီနှင့် ထိုင်းအစိုးရပိုင် PTTနှင့် ယင်းလက်အောက်ခံကုမ္ပဏီ ၂ ခုတို့ပါဝင်သည်။

ဂျပန်အဖျော်ယမကာကုမ္ပဏီ Kirinကို စောင့်ကြည့်စာရင်းထဲထည့်သွင်းခဲ့ပြီး ၂၀၂၁ခုနှစ် မတ် ၂၂ ရက်တွင် မြန်မာ့စစ်အုပ်စုနှင့်အပြီးသတ်လမ်းခွဲပြီးမှသာ အမည်ပျက်စာရင်းမှ Norges Bank က ပြန်လည်ဖယ်ထုတ်ပေးခဲ့သည်။

အိန္ဒိယရေနံကုမ္ပဏီ GAILနှင့်ကိုရီးယားရေနံကုမ္ပဏီ KOGASတို့ ၂၀၂၃ ဧပြီ ၂၇ ရက် ငွေကြေးရင်းနှီးမြှပ်နှံမည့် စာရင်းမှ ဖယ်ထုတ်လိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်ကောင်စီက လူအခွင့်အရေးချိုးဖောက်မှုများကို ကုမ္ပဏီများက ထောက်ပံ့ပေးနေခြင်းကို လက်ခံနိုင်ဖွယ်မရှိခြင်းကြောင့် ယခုလို ဖယ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု နော်ဝေးရင်းနှီးမြှပ်နှံမှုရန်ပုံငွေအဖွဲ့က ​ကြေညာသည်။

အလားတူမြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းပြီးနောက် တောင်ကိုရီးယားနိုင်ငံမှ POSCO ကုမ္ပဏီက စစ်ကောင်စီအတွက်အကျိုးအမြတ်ရရှိစေမည့်ရခိုင်ကမ်းလွန်ရှိရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ဆက်လက်လုပ်ကိုင်လျက်ရှိသည်။ထိုထဲတွင် GAILနှင့် KOGASတို့ကပါဝင်နေခြင်းဖြစ်သည်။

ထိုအပြင် AviChina နှင့် Bharat Electronicsကုမ္ပဏီတို့ကိုလည်း၂၀၂၃ ဇန်နဝါရီ ၂၄ ရက်တွင်လည်း ရင်းနှီးမြှပ်နှံမည့်စာရင်းမှ ဖယ်ထုတ်ခဲ့ပြီး ၎င်းကုမ္ပဏီများသည့် လူ့အခွင့်အရေးချိုးဖောက်နေသည့်စစ်ကောင်စီကို လေယာဉ်နှင့်အပိုပစ္စည်းများရောင်းချနေခြင်းကြောင့်ဖြစ်သည်ဟု နော်ဝေးရန်ပုံငွေအဖွဲ့ကဆိုထားသည်။

ထိုအပြင်ကျင့်ဝတ်ဆိုင်ရာ နော်ဝေးကောင်စီက ထောက်ပြမှုကြောင့် ထိုင်းအစိုးရပိုင် ရေနံကုမ္ပဏီ PTTနှင့် ယင်းလက်အောက်ခံကုမ္ပဏီ နှစ်ခုကို ၂၀၂၂ ဒီဇင်ဘာတွင် ငွေကြေးရင်းနှီးမြှပ်နှံမှုစာရင်းမှ ဖယ်ထုတ်ခဲ့သည်။

မြန်မာစစ်အုပ်စုနှင့် လက်တွဲပြီးဆောင်ရွက်နေသည့် အိန္ဒိယ Adani ကုမ္ပဏီအုပ်စုမှ ရင်းနှီးမြှပ်နှံမှုများ ရုတ်သိမ်းကြောင်းလည်း ၂၀၂၃ ဖေဖော်ဝါရီလတွင် Norges Bank ထုတ်ပြန်ခဲ့သည်။ ထိုသို့ရုတ်သိမ်းရခြင်းမှာ မြန်မာနိုင်ငံနှင့်တိုက်ရိုက်သက်ဆိုင်ခြင်းမရှိဘဲAdaniလုပ်ငန်းများသည့် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းလိုက်နာမှုမရှိခြင်းကြောင့်ဖြစ်သည်ဟုနော်ဝေးဗဟိုဘဏ်ကဆိုထားသည်။

နော်ဝေးဗဟိုဘဏ်သည် ၂၀၂၂ ခုနှစ်အတွင်းကျင့်ဝတ်စည်းကမ်းမလိုက်နာသည့် ကုမ္ပဏီလုပ်ငန်းစု ၇၄ ခုမှ ရှယ်ယာများပြန်လည်ရုတ်သိမ်းခဲ့သည်။