Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထန်းတပင်မြို့နယ် မေလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် အရာရှိအပါအဝင် ၈၀ခန့် သေဟုဆို

လွန်ခဲ့သည့် နှစ်ပတ်ကလည်း ထန်းတပင်မြို့နယ်ရှိ ဘုမ္မတီးရွာအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်၍ အရပ်သားပြည်သူ ငါးဦးထိခိုက်မှုရှိပြီး သေဆုံးမှု အချို့ရှိခဲ့သည်ဟုဆိုသည်။

(အာဏာသိမ်းစစ်ကောင်စီ၏ စစ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(အာဏာသိမ်းစစ်ကောင်စီ၏ စစ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

▪️အလောင်း ၂၁လောင်းရ၊ အရာရှိသုံးဦး အရှင်မိ

ထန်းတပင်မြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းတပ်နှင့် စစ်ကောင်စီအကြား ယခုမေလအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ရာ သေဆုံးထိခိုက်များပြာခဲ့၍ အရပ်သားပြည်သူ ၁၈ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု တိုက်ပွဲဝင် ရဲဘော်တစ်ဦးက ပြောသည်။

မေလ ၁၀ရက်တိုက်ပွဲတွင် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နှင့် ထန်းတပင်မြို့နယ်အစပ် ညောင်ပင်သာရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည့်အပြင် အရာရှိ သုံးဦးကိုလည်း KNLA/PDF ပူးပေါင်းတပ်ဖွဲ့က အရှင်ဖမ်းဆီးခဲ့သည့်ဟု ဆိုသည်။ အထိနာသည့် စစ်ကောင်စီတပ်က ညောင်ပင်သာကျေးရွာမှ ဒေသခံပြည်သူ ၁၈ဦးကို သတ်ဖြတ်ခဲ့ကြောင်း တိုက်ပွဲဝင် ရဲဘော်တစ်ဦးက ပြောသည်။

“မနက်ပိုင်းဘက် သိတာက ၁၇ယောက်၊ ပြီးတော့ မေလ ၁၁ရက်နေ့ ညနေ ၄နာရီလောက်မှာ ထပ်တွေ့တာက နောက်ထပ် တစ်လောင်းဆိုတော့ ၁၈လောင်းပေါ့။ အဲဒီမှာ ကလေးတွေလည်းပါတယ်။ အသက်ကြီးပိုင်းတွေရော (၅)နှစ်ကလေးတွေရော ပါတယ်။ တိုက်ပွဲဖြစ်တော့ သူတို့ဆီက သုံးယောက်မိတယ်။ သုံးပွင့်ပါမယ်။ တစ်ပွင့် နှစ်ယောက်ပေါ့။ သူတို့ အပြန် ဆုတ်လမ်းမှာ မပြေးနိုင်မလွှားနိုင်ဖြစ်နေတဲ့သူတွေကို ဖမ်းပြီး ခေါ်သွားတာ။ ခေါ်သွားပြီး သတ်သွားတာ” ဟု ထန်းတပင်တိုက်ပွဲမှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

လွန်ခဲ့သည့် နှစ်ပတ်ကလည်း ထန်းတပင်မြို့နယ်ရှိ ဘုမ္မတီးရွာအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်၍ အရပ်သားပြည်သူ ငါးဦးထိခိုက်မှုရှိပြီး သေဆုံးမှု အချို့ရှိခဲ့သည်ဟုဆိုသည်။

“ အဲဒီ ဖြစ်ရပ်ဖြစ်ပြီးတော့လည်း ဘုမ္မတီးစခန်းကို မောက်တောင်ဘက်ကနေ လက်လုပ် (၇၉)တွေနဲ့ သွားပစ်ကြတယ်။ ပစ်တော့ သူတို့ထဲက အရာရှိ သုံးပွင့်ဗိုလ် သေသွားတယ်။အဲဒီနေ့က သွားပစ်တော့ သူတို့ စခန်းထဲမှာ အယောက်တစ်ရာလောက် ရှိတယ်ပြောတယ်။ ကျနော်တို့ ပစ်တာကလည်း အလုံး ၇၀လောက်ပစ်တာ။ ကျနော်တို့ ခန့်မှန်းတာ သူတို့ ၃၀ကျော်လောက်သေတယ်လို့ ခန့်မှန်းတယ်။ ဘာလို့လည်းဆို အလောင်းတွေ အများကြီးထုတ်သွားတာ Faw ကားတွေနဲ့ ထုတ်သွားတာ။ အဲဒါကြောင့်မို့လည်း အဲဒီနားပတ်ချာလည်က ဘုမ္မတီးရွာနဲ့ ကျွဲလမ်း ရွာကို လေယာဉ်နဲ့ ပစ်တာလို့ ထင်တယ်” ဟု တော်လှန်ရေးရဲဘော်က ပြောသည်။

ယခု ဒေသခံများသတ်ဖြတ်ခံရသည့် ညောင်ပင်သာရွာသည် ဘုမ္မတီးနှင့် နီးသည့်ကျေးရွာဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သူတို့က ခလရ(၇၃)ရယ် ပြီးတော့ ခလရ (၅၉၉) အဲဒီနှစ်ခုတွဲပြီးဝင်တယ်။ ဖြူးက တပ်လည်းပါတယ်။ သူတို့ လာတာ အင်အားအတော်များတယ်။ ပြီးတော့ PDF အယောင်ဆောင် ဒီဂျစ်တယ်ယူနီဖောင်းနဲ့လာတယ်။ ဖိနှိပ်နဲ့ ဦးထုပ်ကလွဲရင် ကျန်တာအားလုံးအတူတူပဲ။ လာတော့ ကျနော်တို့က မိုင်းဆွဲတာ ၃၄ကြိမ်ဆွဲတယ်။ အကုန်လုံးလည်းပေါက်တယ်။ ပေါက်တော့ အထိအခိုက်များတယ်။ ပြီးတော့ သူတို့ ဗိုလ်သုံးယောက်ကို အရှင်လက်ရ ဖမ်းမိတယ်ဆိုတော့ ။ တိုက်ပွဲဖြစ်တာကလည်း ၇ကြိမ်ရှိတယ်။ ကျနော်တို့ဘက်ကတော့ တစ်ယောက်မှ အထိအခိုက်မရှိဘူး။ ရွာသူရွာသား ၁၈ယောက်တော့ အသက်တော့ ပေးလိုက်ရတယ်” ဟု ထန်းတပင်တိုက်ပွဲ၌ ပါဝင်သည့် တော်လှန်ရေးရဲဘော်က ပြောသည်။

စစ်ကောင်စီတပ်ဘက်က သေဆုံးဒဏ်ရာရ ၅၀ ဦးခန့်ရှိနိုင်သည်ဟု ဆိုသည်။

“ သူတို့ မြှုပ်သွားတဲ့ အလောင်းအရေအတွက်က စုစုပေါင်း ၂၁လောင်းရှိတယ်။ ခြံဝန်းတွေထဲမှာ ပဲ တူးမြှုပ်သွားတယ်။ ကျနော်တို့ အဲဒါတွေ ပြန်ဖော်ကြည့်တော့ အများစုက ဒီဂျစ်တယ်ယူနီဖောင်းတွေနဲ့ တွေ့ရတယ်။ ကျနော်တို့လို ယူနီဖောင်းမျိုးလေ။ အယောင်ပြ ဝင်တာဖြစ်နိုင်တယ်။ ၂၁လောင်းမှာ ၁၈ယောက်က အဲဒီလိုယူနီဖောင်းတွေ ကျန်တဲ့ သုံးယောက်က စစ်ကောင်စီ ယူနီဖောင်းတွေ” တော်လှန်ရေးရဲဘော်က ပြောသည်။

လက်ရှိ အချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း စစ်ကောင်စီတပ်က အထိနာခဲ့၍ လေကြောင်းတိုက်ခိုက်မှု ဆက်လုပ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

နယ်မြေရှင်းလင်းရေး မလုပ်ဆောင်နိုင်သေး၍ အရပ်သားထိခိုက်သေဆုံးအရေအတွက် အတိအကျ မသိရသေးကြေင်း၊ ယခု သတ်ဖြတ်ခံရသည့် အရပ်သား ၁၈ဦးထက်မက ရှိနိုင်ကြောင်း တော်လှန်ရေးရဲဘော်က ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်စစ်ကြောင်းများနှင့် အတက်နိုင်ဆုံး ရှောင်ရှားကြရန် ၎င်းက တိုက်တွန်းသည်။

“ဒီဒေသက စစ်ရေးလုံး၀တင်းမာနေပြီ။ စစ်ရေးတင်းမာနေတဲ့အတွက် ပြည်သူတွေအနေနဲ့ သတိဝိရိယနဲ့ နေဖို့ပေါ့။ ပြောချင်တာတစ်ခုက ဒီကောင်(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေ ရှိနေတဲ့ နေရာကို စွန့်ခွာပြီး ကိုယ့်အတွက် လုံခြုံမယ့်နေရာကိုသွားနေတာ ပိုပြီးအဆင်ပြေတယ်။ သူတို့ ရှိတဲ့နေရာက လုံး၀မလုံခြုံဘူး”ဟု တော်လှန်ရေးရဲဘော်က တိုက်တွန်းသည်။

ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း အရပ်သား ၁၈ဦး သေဆုံးခဲ့ရခြင်းနှင့်ပတ်သက်ပြီး မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြောင်း အသိပေးခဲ့ပြီး လူမဆန် ရက်စက်ယုတ်မာသော စစ်ကောင်စီတပ်အား ချေမှုန်းသွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။