Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကမုန်းမြို့၊ ညောင်ပင်သာရွာမှပြည်သူ ၁၉ဦးကို မီးရှို့သတ်ဖြတ်

စစ်ရေးတင်းမာနေဆဲဖြစ်၍ ပြည်သူများအနေဖြင့် သတိဝိရိယဖြင့်နေထိုင်ရန် ၊ ဒေသတွင်း ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် ဝေးဝေးရှောင်ရန် တော်လှန်ရေးရဲဘော် တစ်ဦးက အသိပေးတိုက်တွန်းထားသည်။

(စစ်ကောင်စီတပ်၏ မီးရှို့သတ်ဖြတ်ခံရသော ညောင်ပင်သာရွာသားများ၏ ရုပ်အလောင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ်၏ မီးရှို့သတ်ဖြတ်ခံရသော ညောင်ပင်သာရွာသားများ၏ ရုပ်အလောင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)

▪︎​ပျောက်ဆုံးနေသူများလည်းရှိဟု KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ၊မုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာမှ ဒေသခံ ၁၉ဦးကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ခဲ့ပြီး ပျောက်ဆုံးပြည်သူများလည်းရှိနေကြောင်း KNU ဗဟိုက ယနေ့ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ တပ်များဖြစ်သော တပ်မ – ၄၄ ၊ ခလရ – ၇၃ ၊ ခမရ – ၅၉၉ ၊ ခမရ – ၅၉၀ နှင့် ခလရ – ၄၈ တို့သည် ညောင်ပင်သာကျေးရွာ၌ တပ်စုပြီး စစ်ရေးလှုပ်ရှားမှု ပြုလုပ်ရန် စီစဉ်ခဲ့ရာ မေလ ၁၀ရက် ၊ညနေ ၅ နာရီ ၂၀ မိနစ်ခန့်အချိန်တွင် အဆိုပါစစ်​ကြောင်း နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ – ၃ လက်အောက်ခံ လုံခြုံရေး စစ်ကြောင်းတို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး (၁) ဦး၊ ဒုဗိုလ် (၁) ဦး၊ တပ်ကြပ်ကြီး (၁) ဦးနှင့် တပ်သား (၂) ဦး သေဆုံးခဲ့ကြောင်း KNU က​ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားပြီး​နောက် ည ၈နာရီ တွင် စစ်ကောင်စီ၏ စုပေါင်းစစ်ကြောင်းသည် ညောင်ပင်သာရွာအတွင်းသို့ ဝင်ရောက်ခဲ့သည်ဟုသိရသည်။

ထိုသို့ ဝင်ရောက်ပြီး မကြာမီတွင် ညောင်ပင်သာရွာအတွင်း၌ မီးများတောက်လောင်နေသည် ကိုမြင်တွေ့ခဲ့ရကြောင်း၊ မေလ (၁၁) ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၃ လက်အောက်ခံ စစ်ကြောင်းမှ ညောင်ပင်သာရွာအတွင်းသို့ ဝင်ရောက်ရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်က ညောင်ပင်သာရွာသားများကို သတ်ဖြတ်ထားသည်ကို တွေ့ရကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

စစ်တပ်မှ မီးရှို့ သတ်ဖြတ်ခံခဲ့ရသော အပြစ်မဲ့ ပြည်သူလူထု ( ညောင်ပင်သာရွာသား ) များ၏ စာရင်းကို (၁၉) ဦးသာ ကောက်ယူထားနိုင်သေးပြီး အခြားပျောက်ဆုံးနေသောသူများရှိနေသေးကြောင်း၊ စစ်ကောင်စီ စစ်ကြောင်းသည် ညောင်ပင်သာရွာ အနီးအနားမှာရှိနေသေးသည့်အပြင် လက်ရှိအခြေအနေအရ ထိုနေရာသည် စစ်မြေပြင်သဖွယ်ရှိနေကြောင်း အသိပေးထားသည်။

ထို့ကြောင့် နယ်မြေခံ တာဝန်ရှိသူများသည် ပျောက်ဆုံးနေသော ပြည်သူလူထုများ၏စာရင်းကို လိုက်လံ ကောက်ယူနေဆဲဖြစ်သည်ဟုသိရသည်။

စစ်ကောင်စီတပ်သည် ဒေသအသီးသီးတွင် အရပ်သား ပြည်သူလူထုများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ မကြာခဏ ကျူးလွန်ခဲ့သည်။

ယခု ညောင်ပင်သာရွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွင် အမျိုးသမီးအများစုနှင့် ကလေးငယ်များ ပါဝင်ကြောင်း ဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။အသက် ၅နှစ်အရွယ် ကလေးငယ်များပင် သတ်ဖြတ်ခံခဲ့ရသည်ဟုသိရသည်။

စစ်ရေးတင်းမာနေဆဲဖြစ်၍ ပြည်သူများအနေဖြင့် သတိဝိရိယဖြင့်နေထိုင်ရန် ၊ ဒေသတွင်း ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် ဝေးဝေးရှောင်ရန် တော်လှန်ရေးရဲဘော် တစ်ဦးက အသိပေးတိုက်တွန်းထားသည်။