Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇွန်လ ၂၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ပိုင်ဆိုင်မှုလွှဲပြောင်းပေးဖို့ စစ်ကောင်စီခြိမ်းခြောက်ခြင်းကြောင့် မြန်မာပြည်မှထွက်ခွာရဟု Pact Myanmar ရှင်းလင်း

မြန်မာနိုင်ငံမှာ အကြီးဆုံးနဲ့ သက်တမ်းအရင့်ဆုံး အသေးစားငွေချေးလုပ်ငန်း Pact Myanmarရဲ့ ပိုင်ဆိုင်မှုများကို လွှဲပြောင်းပေးဖို့ စစ်ကောင်စီက ဖိအားပေးခဲ့​တာကြောင့် မြန်မာပြည်က ထွက်ခွာရခြင်းဖြစ်တယ်လို့ PGMF -Pact Global Microfinance Fundကုမ္ပဏီက ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက Pact Myanmar ရဲ့ ပိုင်ဆိုင်မှုများကို လွှဲပြောင်းပေးဖို့ တောင်းဆိုတဲ့ ဥပဒေအသစ်များကြောင့် မြန်မာနိုင်ငံမှာ လုပ်ငန်းဆက်လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။ အဲဒါကြောင့် ငွေ​ချေးထားသူ ၈၉၀,၀၀၀ ထံချေး​ပေးပေးထားတဲ့ ဒေါ်လာ ၁၅၆ သန်းကျော်တန်ဖိုးရှိ​ချေး​​ငွေများကိုလည်း ပြန်မ​တောင်း​တော့ဘဲ လျှော်ပစ်ပြီးနောက် လုပ်ငန်းပိတ်သိမ်းတော့မယ်လို့ ဖော်ပြပါတယ်။

(Pact Myanmar က အမျိုးသမီးများကို အ​သေးစား​ချေး​ငွေ ထုတ်​ပေး​နေစဥ်။ဓါတ်ပုံ-Pact Myanmar)
(Pact Myanmar က အမျိုးသမီးများကို အ​သေးစား​ချေး​ငွေ ထုတ်​ပေး​နေစဥ်။ဓါတ်ပုံ-Pact Myanmar)

▪️အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူ ၃၇၀၁ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ AAPP ဖော်ပြ

မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနဲ့ ပြည်သူများရဲ့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း ၃၇၀၁ ဦး ရှိခဲ့ပြီဟု နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့က ထုတ်ပြန်ပါတယ်။ AAPP ရဲ့ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့တဲ့ သီတင်းပတ်များအတွင်း နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားများ နေထိုင်ရာ အရပ်ဒေသများကို ပစ်မှတ်ထားကာ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာတာကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက် ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃၅၉၈) ဦးရှိပြီး အဲဒီအထဲမှ (၁၉၂၅၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၆၅၆၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ AAPP က ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူ ၃၇၀၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း AAPP ဖော်ပြ
အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူ ၃၇၀၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း AAPP ဖော်ပြ

▪️ပုသိမ်ကြီးမြို့နယ်ထဲက ရာနဲ့ချီတဲ့နေအိမ်တွေ ဖယ်ရှားပေးဖို့ စစ်ကောင်စီစာထုတ်

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ထဲက လယ်ယာမြေတွေပေါ်မှာ ခွင့်ပြုချက်မရဘဲ အကွက်ရိုက်ရောင်းချထားတာ၊ လူနေအိမ်တွေဆောက်လုပ်ပြီး ဝင်ရောက်နေထိုင်ကြသူတွေ လာမယ့် ဇူလိုင်လ ပထမ ပတ်အတွင်း ဖယ်ရှားဖို့ အာဏာသိမ်းစစ်ကောင်စီက စာထုတ်ထားပါတယ်။ လယ်ယာမြေပေါ် ခွင့်ပြုချက်မရှိဘဲ တည်ဆောက်ထားတဲ့ နေအိမ်တွေ၊ အဆောက်အဦးတွေနဲ့ ဈေးဆိုင်တွေအနေနဲ့ လာမယ့် ဇူလိုင်လ ၆ရက်နောက်ဆုံးထားပြီး ဖယ်ရှားကြရမယ်လို့ စစ်ကောင်စီရဲ့စာမှာ ဖိအားပေးထားပါတယ်။ ဖယ်ရှားရမယ့် နေရာတွေကတော့ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင် ကျေးရွာအုပ်စု၊ ကံကောက်ကျေးရွာ လယ်မြေတွေပေါ် ဆောက်လုပ်ထားတာတွေ ဖြစ်တယ်လို့သိရပါတယ်။

▪️ပုလဲနယ် ညောင်ကုန်းရွာကို စစ်​​ကောင်စီဗုံးကြဲ၊ ပြည်သူသုံးဦး​သေဆုံး​ဟု ကနဦးသိရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ညောင်ကုန်းရွာကိုဒီနေ့ ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကနဦးသတင်းအရ ပြည်သူသုံးဦးသေဆုံးတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောပါတယ်။ ညောင်ကုန်းရွာကို ဂျက်ဖိုက်တာတစ်စင်းနဲ့ နှစ်ကြိမ်ဗုံးကြဲပြီးနောက် ဆက်လက်ပြီး စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနှစ်စီးနဲ့ ပုလဲ၊ ယင်းမာပင် အစပ်ဒေသများမှာ ပျံဝဲနေတယ်လို့ ဒေသခံများကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့လည်း မရှိတဲ့ညောင်ကုန်းရွာကို အကြောင်းသပ်သက်မဲ့ လာရောက်ပစ်ခတ်တာလို့ ဦးဇော်ထက်က ပြောပါတယ်။

▪️စစ်ရှောင်ပြည်သူများကို ထိရောက်စွာကူညီရေး လွှတ်တော်ကော်မတီနဲ့ NUG ဘေးစီမံဝန်ကြီးဌာန ဆွေးနွေး

စစ်ဘေးရှောင်ပြည်သူများကို ထိရောက်စွာ ကူညီထောက်ပံ့နိုင်ရေးအတွက် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန တာဝန်ရှိသူများ မနေ့က ဆွေးနွေးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေမှုများကြောင့် နေ့စဉ်နှင့်အမျှ များပြားလာတဲ့ စစ်ဘေးရှောင်ပြည်သူများအား ထိရောက်တဲ့ ကူညီထောက်ပံ့မှုများ ပေးအပ်နိုင်ရေး၊ ရှေ့ဆက် ချိတ်ဆက်ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီးဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်တိုက်ခိုက်ရေး တစ်နှစ်စီမံချက်အရ အရံရိက္ခာ သိုလှောင်ထားရှိမှုများ၊ စာသင်ကျောင်းနဲ့ စစ်ဘေးရှောင်စခန်းများမှာ လေကြောင်းရန်၊ လက်နက်ကြီးအန္တရာယ် ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်းများတူးဖော်ထားရှိမှု၊ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်များကို ယာယီတဲပြန်လည်တည်ဆောက်ပေးခြင်းတို့ကို ဝန်ကြီးဌာနဘက်က ဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။

(စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်လာသော ခင်ဦးနယ်ဒေသခံများအား ဇွန်လဆန်းပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်လာသော ခင်ဦးနယ်ဒေသခံများအား ဇွန်လဆန်းပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

▪️မူးယစ်ဆေးဝါးများကို စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင်များရှိရာနယ်မြေမှာ အများဆုံးဖမ်းမိဟု TNLA ပြော

စစ်တပ်အာဏာသိမ်းပြီးနောက် မြို့ပေါ်မှာ မူးယစ်ဆေးဝါးသုံးစွဲသူနဲ့ ရောင်းဝယ်သူ ပိုများလာသကဲ့သို့ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု အခြေအနေမှာလည်း စစ်ကောင်စီတပ်နဲ့ ရဲစခန်းများရှိရာနယ်မြေများမှာ အများဆုံးဖမ်းမိတယ်လို့ တအာင်းတပ်မတော်(TNLA) သတင်းပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီး တားအိုက်ကျော်ကပြောပါတယ်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး / တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)က ငါးနှစ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်ဘက်တွေမှာ အများဆုံးအများစုဖမ်းမိခဲ့တာလို့ သိရပါတယ်။

(ယမန်နေ့(ဇွန် ၂၆ရက်)က ကျရောက်သည့် ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့၌ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - TNLA)
(ယမန်နေ့(ဇွန် ၂၆ရက်)က ကျရောက်သည့် ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့၌ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ – TNLA)

▪️ကရင်နီပြည်မှာ နယ်မြေရှင်းလင်းစဥ် စွန့်ပစ်ထားတဲ့ စစ်ကောင်စီတပ်သားရုပ်အလောင်းများတွေ့ရှိ

ကရင်နီပြည်နယ်မှာ နယ်မြေရှင်းလင်းစဥ် စွန့်ပစ်ထားတဲ့ စစ်ကောင်စီတပ်သားရုပ်အလောင်းများတွေ့ရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း ကရင်နီပူးပေါင်းတပ်က စစ်ကောင်စီတပ်များ ဆုတ်ခွာသွားခဲ့တဲ့ နေရာများကို နယ်မြေရှင်းလင်းခဲ့တာလို့ သိရပါတယ်။ တပ်ရင်း လုံခြုံရေးအတွက် စစ်ကောင်စီ တပ်သားအလောင်းတွေ တွေ့ရှိတဲ့နေရာကို အသိမပေးတော့ဘဲ ရုပ်အလောင်း ၁၀ လောင်းခန့် တွေ့ရှိရတယ်လို့ KNDF က တပ်ဖွဲ့ဝင်က ရှင်းပြပါတယ်။