Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့ ကညနရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား PDF ၉ ဖွဲ့ပူးပေါင်းတိုက်ခိုက်

အဆိုပါ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးပြီး ရန်သူ့တပ်ကူများ ရောက်ရှိလာသောကြောင့် စခန်းသိမ်းပိုက်နိုင်ခြင်း မရှိကြောင်း Chindwin Attack Force ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(ကညနရုံးရှိ စစ်ကောင်စီတပ်အား ပြည်သူ့ရဲဘော်များက ပစ်ခတ်တိုက်ခိုက်နေစဉ်)
(ကညနရုံးရှိ စစ်ကောင်စီတပ်အား ပြည်သူ့ရဲဘော်များက ပစ်ခတ်တိုက်ခိုက်နေစဉ်)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ကုန်းလမ်းပို့ဆောက်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား PDF ၉ ဖွဲ့ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော်(Chindwin Attack Force)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇွန်လ ၂၄ ရက် ညနေ ၆နာရီခန့်က စစ်ကောင်စီတပ်အား ဒေသတွင်းတော်လှန်ရေးအင်အားစု ၉ ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးပြီး ရန်သူ့တပ်ကူများ ရောက်ရှိလာသောကြောင့် စခန်းသိမ်းပိုက်နိုင်ခြင်း မရှိကြောင်း Chindwin Attack Force ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကျွန်တော်တို့ ဒီ Mission(စစ်ဆင်ရေး)ဖော်ဆောင်ဖို့အတွက် ရဲဘော်တွေကို Camp (စခန်းသွင်းလေ့ကျင့်)လိုက်တယ်။ ရုံးကိုသိမ်းဖို့အထိ ရည်ရွယ်ခဲ့တယ်။ ရုံးသိမ်းနိုင်တဲ့အထိ အနေအထားလည်းဖြစ်ခဲ့တယ်။ တစ်ရုံးလုံးမှာ စကစဘက်က နှစ်ယောက်လောက်ပဲ ရှင်တာ။ကျန်တာအသေပေါ့။ရုံးထဲဝင်ဖို့သွားတဲ့အချိန်မှာ တပ်ကူရောက်တာ။ အဲဒီနေရာတိုက်ရတာခက်တယ်။ ပတ်ပတ်လည်က စစ်ကောင်စီစခန်းတွေ။ တပ်ကူကအလောတကြီးလာတာ။စက်လက်တွေတင်ပြီးတော့လာတာ။ ရုံးထဲကိုဝင်ပြီး ပစ္စည်းကောက်ဖို့အထိတော့ အချိန်မရခဲ့ဘူး။”ဟု အထက်ပါတာဝန်ခံက ဆိုသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“အဲဒီနေ့က မုံရွာကားလေးကွင်းတောင်ဘက်၊ နတ်လူထိပ်ပန်ဘက်တွေမှာ ပစ်ခတ်သံတွေ တော်တော်ကြားလိုက်ရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

(ကညနရုံးရှိ စစ်ကောင်စီတပ်အား ပြည်သူ့ရဲဘော်များက ပစ်ခတ်တိုက်ခိုက်နေစဉ်)
(ကညနရုံးရှိ စစ်ကောင်စီတပ်အား ပြည်သူ့ရဲဘော်များက ပစ်ခတ်တိုက်ခိုက်နေစဉ်)

အဆိုပါစစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ (Monywa The Boys)၊ မုံရွာခရိုင် တပ်ရင်း (၅) ၊ မုံရွာခရိုင် တပ်ရင်း (၇) ၊ မုံရွာခရိုင် တပ်ရင်း (၁၂) ၊ မုံရွာခရိုင် တပ်ရင်း (၂၂) ၊ မုံရွာခရိုင် တပ်ရင်း (၂၅) ၊ မုံရွာခရိုင် တပ်ရင်း (၂၈) ၊ ယင်းမာပင်ခရိုင် တပ်ရင်း (၂၈) နှင့် မြန်မာ့တော်ဝင်နဂါးတပ်မတော်(MRDA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

အထိနာခဲ့သော စစ်ကောင်စီတပ်က ကားကြီးကွင်းအနောက်ဘက်ရှိ တဲအိမ်နှစ်လုံးနှင့် ကွမ်းခြံကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း၊ထို့ကြောင့် ပြည်သူလူထု၏ ဆုံးရှုံးမှုများအတွက် အနူးအညွတ်တောင်းပန်ကြောင်း တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၅ ရက် ညနေပိုင်းကလည်း မုံရွာမြို့ ဇလုပ်အဝိုင်းပတ်၌ စစ်ဆေးငွေတောင်းခံနေသော စစ်သား ခြောက်ဦးအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား သုံးဦး ကျည်ထိမှန်ပြီး တစ်ဦးသေဆုံးကြောင်း မုံရွာနတ်ဆိုးအဖွဲ့က ထုတ်ပြန်ထားသည်။

မုံရွာမြို့ ကညနရုံးရှိ စစ်ကောင်စီတပ်အား ဒေသတွင်းတော်လှန်ရေးအင်အားစုများက မကြာခဏလာရောက်တိုက်ခိုက်လေ့ရှိပြီး ယခုနှစ် ဖော်ဖော်ဝါရီ၊ ဧပြီနှင့် မေလတို့တွင် သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်။