Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇူလိုင် ၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️လိုအပ်နေသူတွေဆီ ထောက်ပံ့ရေးပစ္စည်းတွေပို့ဆောင်ခွင့် စစ်​ကောင်စီရဲ့ တားမြစ်မှု စစ်ရာဇဝတ်မှုတစ်ခုလို့ ကုလလူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြ

အရေးပေါ် အကူအညီ လိုအပ်နေသူတွေဆီ ထောက်ပံ့ရေး ပစ္စည်းတွေ မရောက်နိုင်အောင် စစ်ကောင်စီက ပိတ်ပင်နေတာဟာ သူတို့ ကျူးလွန်နေတဲ့ နောက်ထပ် စစ်ရာဇဝတ်မှု တခုလို့ ယူဆနိုင်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဏာသိမ်းလိုက်ချိန် ကတည်းက စစ်ကောင်စီဟာ ကဏ္ဍအားလုံးကို လိုက်လံ ပိတ်ဆို့ ထိန်းချုပ်ဖို့ ကြိုးစားနေကြောင်း၊ ပြည်တွင်းမှာ အခြေခံ လိုအပ်ချက်တွေ၊ အခွင့်အရေးတွေ ရရှိဖို့ စောင့်မျှော်နေတဲ့ ပြည်သူလူထုအတွက် အရေးပေါ် တုံ့ပြန် ဆောင်ရွက်မှုတွေ လိုအပ်နေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာက ဆိုပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ အတောအတွင်း ဒုက္ခကြုံနေတဲ့ ပြည်သူတွေဆီ နိုင်ငံတကာက ပံ့ပိုးတဲ့ လူသားချင်း စာနာမှု အထောက်အပံ့တွေကို ပိတ်ပင်တာ၊ ငြင်းဆိုတာဟာလည်း တရားမဲ့ သတ်ဖြတ်မှု၊ နှိပ်စက်ညှင်းပန်းမှုစတဲ့ လုပ်ရပ်တွေနည်းတူ စစ်ရာဇဝတ်မှု အနေနဲ့ သတ်မှတ်နိုင်ကြောင်း အဲဒီအစီရင်ခံစာက ထောက်ပြသွားပါတယ်။

(နိူင်ငံတစ်ဝန်းက စစ်​ဘေး​ရှောင်ပြည်သူ​တွေ ။ဓါတ်ပုံ-CJ)
(နိူင်ငံတစ်ဝန်းက စစ်​ဘေး​ရှောင်ပြည်သူ​တွေ ။ဓါတ်ပုံ-CJ)

▪️KIAနဲ့ စစ်ကောင်စီတပ် ဝိုင်းမော်မှာ ဒီနေ့တိုက်ပွဲဖြစ်၊ နန်ဆန်ယန်ရွာခံများ စစ်ရှောင်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့မနက်ပိုင်းက ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရပြီလို့ ဒေသခံအချို့က ပြောပါတယ်။ နန်ဆန်ယန်ရွာအနီးမှာ ဇွန်လ ၁၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒီနေ့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ကချင်ဒေသခံသတင်းဌာနအချို့က နန်ဆန်ယန်ဒေသတိုက်ပွဲကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီလို့ ဖော်ပြပါတယ်။ တိုက်ပွဲဖြစ်ပွားရခြင်းမှာ စစ်ကောင်စီတပ်က နန်ဆန်ယန်ရွာမှာ ၎င်းတို့ အရင်နေရာယူခဲ့တဲ့ နေရာကို ပြန်လည်တပ်စွဲဖို့ ကြိုးပမ်းလာခြင်းကြောင့်ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

(ဝိုင်းမော်စစ်ရှောင်များကို ၂၀၂၂ ဩဂုတ် ၃ရက်က ဆဒုံးမြို့အနီး တွေ့ရစဉ်။ဓာတ်ပုံ -Kachinwave)
(ဝိုင်းမော်စစ်ရှောင်များကို ၂၀၂၂ ဩဂုတ် ၃ရက်က ဆဒုံးမြို့အနီး တွေ့ရစဉ်။ဓာတ်ပုံ -Kachinwave)

▪️ကျိုက်မရောရှိ ရဲကင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ စစ်ကောင်စီတပ် ပစ်ခတ်လို့ ဗိုလ်ကြီးဟောင်းရဲ့ သားဖြစ်သူ သေဆုံး

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ တံတားရှိ လုံခြုံရေးရဲကင်းကို မနေ့က တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နယ်မြေခံသတင်းရင်းမြစ်က ပြောပါတယ်။ ဇူလိုင် ၂ ရက် မနက်က စစ်ကောင်စီရဲကင်းကို တော်လှန်ရေး ဒရုန်းအဖွဲ့တစ်ဖွဲ့မှ ဗုံးသီး သုံးလုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဗုံးသီးများ ဂိတ်အနီးကျရောက် ပေါက်ကွဲခဲ့ကာ ပေါက်ကွဲမှု အပြီး စစ်ကောင်စီတပ်က ပစ်ခတ်လို့ ဗိုလ်ကြီးဟောင်းရဲ့ သားဖြစ်သူ အသက် ၃၀ အရွ​ယ် ကိုငြိမ်းချမ်း နှလုံးကျည်ဖောက်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

▪️ပုလောကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KNDO၊ PDF ပူးပေါင်းတပ် နှစ်ရက်ဆက်တိုက်ခိုက်

မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ပုလောကုန်းကျေးရွာမှာ တပ်စွဲထားသော စစ်ကောင်စီတပ်နဲ့ ပျူစောထီးများကို KNDO၊ PDF ပူးပေါင်းတပ်က နှစ်ရက်ဆက်သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ ပူရိယက္ခစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပုလောကုန်းကျေးရွာမှာ စစ်တပ်နဲ့ ပျူစောထီး အင်အား ၃၀ ကျော်နဲ့ တပ်စွဲထားရာ KNDO နဲ့ PDF ပူးပေါင်းတပ်များက ဇွန်လ ၂၈ နဲ့ ၂၉ ရက်တွေမှာ သွားရောက်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီဘက်က သေဆုံးမှုရှိနိုင်ပြီး အတိအကျမသိရသေးဘူးလို့ ပူရိယက္ခစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပုလောကုန်းသို့ ပျူနဲ့ စစ်သားအင်အားတိုးချထားရာ လက်ရှိမှာ အင်အား ၁၃၀ ဝန်းကျင်ရှိနေလို့ ဆိုပါတယ်။

(ပူရိယက္ခစစ်ကြောင်းမှ စနိုက်ပါသမားတစ်ဦးအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ပူရိယက္ခစစ်ကြောင်း)
(ပူရိယက္ခစစ်ကြောင်းမှ စနိုက်ပါသမားတစ်ဦးအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ – ပူရိယက္ခစစ်ကြောင်း)

▪️Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနှစ်ဝက်အတွင်း စစ်ဆင်ရေး ၂၈၀ ကျော် ပြုလုပ်၊ စစ်ကောင်စီတပ် ၅၀ ဦးခန့်သေ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)၊ တပ်မဟာ(၃)နဲ့ စစ်ကိုင်းတိုင်းဒေသအချို့မှာ တိုက်ပွဲဝင်နေသည့် Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ ဒီ ၂၀၂၃ ပထမ (၆)လတာအတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်တဲ့ ဒရုန်းပျံသန်းစစ်ဆင်မှုပေါင်း(၂၈၁)ကြိမ်ဖြင့် တိုက်ပွဲဝင်နိုင်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီ စစ်ဆင်ရေးများအတွင်း ဗုံးသီးအမျိုးအစားစုံ (၆၈၀)ခန့် အသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀)ခန့် ထိခိုက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု အမြောက်အများရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒီနှစ်ဝက်အတွင်း Federal Wings တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့ကာ နှစ်ဦးမှာ ဆေးကုသမှု ခံယူနေဆဲဖြစ်တယ်လို့ အသိပေးပါတယ်။

(Federal Wings ဒရုန်းတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ဓာတ်ပုံ - Federal Wings)
(Federal Wings ဒရုန်းတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ဓာတ်ပုံ – Federal Wings)

▪️ရန်ကုန်မှာ စစ်ကောင်စီက လူငယ်များကို ပစ်မှတ်ထား စစ်ဆေးနေ

ရန်ကုန်မြို့ လူစည်းကားရာ မှတ်တိုင်အချို့မှာ စစ်ကောင်စီက လူငယ်များကို ပစ်မှတ်ထား စစ်ဆေးမှုများပြုလုပ်နေရာ ဖမ်းဆီးခံရသူအချို့ရှိတယ်လို့ မျက်မြင်တွေ့ရှိသူများက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက ကမာရွတ်၊ တောင်ဒဂုံ၊ သာကေတမြို့နယ်တို့မှာ စစ်ကောင်စီတပ်သားများက ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အင်းစိန်လမ်းမပေါ် လှည်းတန်းမှတ်တိုင်မှာလည်း စစ်ကောင်စီက လမ်းသွားလမ်းလာ လူငယ်များရဲ့ အိတ်များကို ဖွင့်ဖောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ်။ ရွှေပြည်သာနဲ့ သာကေတမြို့နယ်တို့မှာလည်း စစ်ကောင်စီက ယာဥ်တန်းနှစ်စီးနဲ့ လှည့်ပတ်နေ တယ်လို့ ဒေသခံများက အသိပေးပါတယ်။

(ယနေ့ နံနက်က လှည်းတန်း မှတ်တိုင်အနီး၌ စစ်ကောင်စီက လူငယ်တစ်ဦးအား စစ်ဆေးနေစဉ်။ ဓာတ်ပုံ - KISC)
(ယနေ့ နံနက်က လှည်းတန်း မှတ်တိုင်အနီး၌ စစ်ကောင်စီက လူငယ်တစ်ဦးအား စစ်ဆေးနေစဉ်။ ဓာတ်ပုံ – KISC)

▪️မြင်းမူမြို့မ ရဲစခန်းနဲ့ ထွေအုပ်ရုံး မောင်းသူမဲ့ လေယာဉ်ငယ်နဲ့ ဗုံးချတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ မြို့မရဲစခန်းနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို မောင်းသူမဲ့ လေယာဉ်ငယ်နဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ မြောင် CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောပါတယ်။ မနေ့ ညနေပိုင်းက မြင်းမူမြို့မရဲစခန်းကို ဗုံးသီး နှစ်လုံး၊ အထွေထွေအုပ် ချုပ်ရေးမှူးရုံးကို ဗုံးသီး နှစ်လုံးကို Sharr Do War နည်းပညာ မောင်းသူမဲ့လေယာဉ်နှစ်စီးနဲ့ တိုက်ခိုက်ခဲ့ပြီး ပစ်မှတ်ကို တိကျစွာတိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ထိခိုက်မှုအခြေအနေကို မသိရသေးဘူးလို့ ကိုနွေဦး(မြောင်)က ပြောပါတယ်။

(Sharr Do War နည်းပညာ မောင်းသူမဲ့ လေယာဉ်နှစ်စီးဖြင့် တိုက်ခိုက်ရန်ပြင်ဆင်နေစဥ်။ရဓာတ်ပုံ-ကိုနွေဦး(မြောင်))
(Sharr Do War နည်းပညာ မောင်းသူမဲ့ လေယာဉ်နှစ်စီးဖြင့် တိုက်ခိုက်ရန်ပြင်ဆင်နေစဥ်။ရဓာတ်ပုံ-ကိုနွေဦး(မြောင်))