Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ရေယာဥ်မုတ္တမအတွက် အဓိကပစ္စည်းအစိတ်အပိုင်းများ တင်သွင်းရောင်းချခဲ့သည့် ဂျာမနီကုမ္ပဏီ MAN Energy Solutions ကို ရာဇဝတ်ကြောင်းဆိုင်ရာ တိုင်ကြားချက်ဖွင့်

မြန်မာ့ရေတပ် စစ်သင်္ဘောအတွက် စက်ပစ္စည်းများနှင့် နည်းပညာများ ရောင်းချပေးအပ်ခဲ့သည့် အခြားကုမ္ပဏီများကိုလည်း ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးပေးပါရန် ဂျာမန်အာဏာပိုင်များကို Justice For Myanmar က တောင်းဆိုသည်။

(မုတ္တမ​ရေယာဥ်​ပေါ်တွင် အာဏာသိမ်း​ခေါင်း​ဆောင်ကို​တွေ့ရစဥ်။ဓါတ်ပုံ- စစ်​ကောင်စီ)
(မုတ္တမ​ရေယာဥ်​ပေါ်တွင် အာဏာသိမ်း​ခေါင်း​ဆောင်ကို​တွေ့ရစဥ်။ဓါတ်ပုံ- စစ်​ကောင်စီ)

အာဏာသိမ်းစစ်အုပ်စု၏ စစ်ရေယာဥ်မုတ္တမအတွက် အဓိကပစ္စည်းအစိတ်အပိုင်းများ တင်သွင်းရောင်းချခဲ့သည့် MAN Energy Solutions အပေါ် ဂျာမနီ၊​ အောက်စဘာ့မြို့ရှိ အစိုးရရှေ့နေက ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီဟု Justice For Myanmar က ယမန်နေ့တွင် ထုတ်ပြန်သည်။

စစ်အုပ်စုအတွက် တင်သွင်းရောင်းချမှုများသည် ဂျာမနီနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုဥပဒေနှင့် ဥရောပသမဂ္ဂ၏ အရပ်ဘက်-စစ်ဘက်နှစ်မျိုးသုံး ပစ္စည်းများဆိုင်ရာ ပြဌာန်းချက်များကို ချိုးဖောက်သည်ဟု စွပ်စွဲခံထားရပြီး Justice For Myanmar က ပေးအပ်ခဲ့သည့် သုတေသနများနှင့် သက်သေအထောက်အထားများကို အသုံးပြု၍ တရားလွှတ်တော်ရှေ့နေ Holger Rothbauer နှင့်အတူ Greenpeace Germany အဖွဲ့က MAN Energy Solutionsကို ရာဇဝတ်ကြောင်းဆိုင်ရာ တိုင်ကြားချက် ဖွင့်ခဲ့ကာ ယခုလိုတရားစွဲဆိုမှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

“ဂျာမနီ နည်းပညာ တပ်ဆင်ထားတဲ့ စစ်ရေယာဉ်မုတ္တမက ပြည်သူတွေအပေါ် အကြမ်းဖက်စစ်ဆင် ရေးဆောင်ရွက်နေတဲ့ မြန်မာစစ်အုပ်စုကို ကမ်းရိုးတန်းဒေသတလျောက် စစ်သည်နဲ့ စစ်လက်နက်တွေ ရွှေ့ပြောင်းရာမှာ မြန်မာစစ်အုပ်စုရဲ့ လုပ်ဆောင်နိုင်စွမ်းကို အားဖြည့်ကူညီပေးနေတာ ဖြစ်ပါတယ်။ မြန်မာစစ်အုပ်စုဆီကို စစ်လက်နက်တွေနဲ့ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးပစ္စည်းတွေ လွှဲပြောင်းပေးအပ် မှုအားလုံးအတွက် အရေးယူတာဝန်ခံစေဖို့၊ ဂျာမနီနဲ့ ဥရောပသမဂ္ဂမှ နောက်ထပ် စစ်လက်နက် လွှဲပြောင်း ပေးအပ်မှုတွေကို ဟန့်တားဖို့အတွက် ယခုတရားစွဲဆိုမှုတွေက အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ သို့ပေမယ့် မုတ္တမစစ်ရေယာဉ်စီမံကိန်းမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ကုမ္ပဏီအားလုံးအပေါ် တရားစွဲဆိုမှုတွေ တိုးချဲ့လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

ဂျာမနီ၊ အောက်စဘာ့မြို့ အခြေစိုက် MAN Energy Solutions သည် စစ်ရေယာဉ်မုတ္တမအတွက် စက်ကိရိယာများနှင့် နည်းပညာများ ရောင်းချပေးခဲ့သည့် ဂျာမနီကုမ္ပဏီများထဲမှ တစ်ခုသာဖြစ်ပြီး အခြားဂျာမနီကုမ္ပဏီများတွင် Raytheon Anschütz GmbH၊ Reintjes GmbH၊ Alfons Haar Maschinenbau GmbH & Co KG၊ Cassens & Plath GmbH၊ HOTHETA Elektronik GmbH၊ GEA Westfalia Separator Group GmbH၊ DSB Deutsche Schlauchboot GmbH စသည့် ကုမ္ပဏီများလည်း ပါဝင်ကြောင်း JFM က ဖော်ပြသည်။

စစ်ရေယာဉ်မုတ္တမသည် တိုက်ခိုက်ရေးသုံး ကုန်း၊ရေနှစ်မျိုးသုံး ကမ်းတက်စစ်ရေယာဉ်ဖြစ်သည်။ စစ်ကောင်စီက ပြည်သူများအပေါ်ဆင်နွှဲနေသည့် စစ်ဆင်ရေးမျာတွင် စစ်လက်နက်များ သယ်ဆောင်ရာတွင် အသုံးပြုခဲ့ခြင်းဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ရခိုင်ပြည်နယ်သို့ စစ်သားများ၊ ဒုံးကျည်စနစ်များနှင့်အမြောက်များ သယ်ဆောင်ရာတွင် စစ်ရေယာဉ် မုတ္တမပို အသုံးခဲ့သည်။ ပင်လယ်ပြင်စစ်ဆင်ရေး လေ့ကျင်မှုများတွင်လည်း အသုံးပြုခဲ့သည်။ ထိုစစ်ရေယာဉ်ကို တောင်ကိုရီးယားနိုင်ငံတွင် တည်ဆောက်ခဲ့ပြီး ၂၀၁၉တွင် မြန်မာ့စစ်အုပ်စုထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ထို့အတွက် မြန်မာ့ရေတပ် စစ်သင်္ဘောအတွက် စက်ပစ္စည်းများနှင့် နည်းပညာများ ရောင်းချပေးအပ်ခဲ့သည့် အခြားကုမ္ပဏီများကိုလည်း ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးပေးပါရန် ဂျာမန်အာဏာပိုင်များကို Justice For Myanmar က တောင်းဆိုသည်။

“ဂျာမနီနိုင်ငံအနေနဲ့ ဥပဒေချိုးဖောက်မှုတွေကို သည်းခံမှာမဟုတ်ကြောင်း ပြသရပါမယ်။ စစ်လက်နက်၊ စက်ပစ္စည်းတွေနဲ့ နည်းပညာတွေကို တရားမဝင်လွှဲပြောင်းပေးအပ်ခဲ့တဲ့ ကုမ္ပဏီတွေအပေါ် စုံစမ်းစစ်ဆေးပြီး အရေးယူတာဝန်ခံစေဖို့ အီးယူ အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုပါတယ်” ဟု မရတနာမောင်က ပြောသည်။