Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်မဲနှင့် သီပေါ၌ TNLAနှင့် SSPPတို့ စတင်ပစ်ခတ်မှု အပြန်အလှန်စွပ်စွဲ

သီပေါမြို့နယ်၊ ကြံခင်းကျေး ရွာအုပ်စု၊ ကြံခင်းကျေးရွာ အတွင်း၌လည်း TNLA တပ်က SSPP/SSA တပ်ကို ပစ်ခတ်တိုက်ခိုက်မှု ရှိခဲ့ကြောင်း ဖော်ပြသည်။

(SSPPနှင့် TNLAတပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - SSPP၊ TNLA)
(SSPPနှင့် TNLAတပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - SSPP၊ TNLA)

ဟန်နွေ/People’s Spring

ရှမ်းမြောက် ကျောက်မဲနှင့် သီပေါမြို့နယ်တွင် တအာင်းတပ်မတော်(TNLA)နှင့် ရှမ်းတပ်ဖွဲ့(SSPP/SSA) တို့ ယမန်နေ့က တိုက်ပွဲ သုံးနေရာဖြစ်ပွားခဲ့ရာ တိုက်ပွဲဖြစ်ပွားရခြင်း အကြောင်းအရင်းကို အပြန်အလှန်အပြစ်တင် ထားသကဲ့သို့ စတင်ပစ်ခတ်မှုနှင့်ပတ်သက်ပြီးလည်း အပြန်အလှန် စွပ်စွဲထားသည်။

ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်အတွင်း TNLA တပ်မှ SSPPတပ်ကို ဝင်ရောက် တိုက်ခိုက် မှုရှိဟု SSPP သတင်းပြန်ကြားရေးက ထုတ်ပြန်ထားသကဲ့သို့ TNLA သတင်းပြန်ကြားရေးဌာနကလည်း ဖမ်းစီးရမိသည့် စစ်သုံ့ ပန်းများအား သယ်ယူပို့ဆောင်စဥ် PSLF/TNLA သီပေါမြို့နယ်မှူး ပစ်သတ်ခံရပြီး နှစ်ဖက်တပ်ဖွဲ့ကြား အပြန် အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ဟု ဖော်ပြခဲ့သည်။

တိုက်ပွဲဖြစ်ပွားမှုကို SSPPက ဦးစွာသတင်းထုတ်ပြန်ခဲ့ရာ နှစ်ဖက်ခေါင်းဆောင်များ ညှိနှိုင်း ပြဿနာဖြေရှင်းနေချိန် TNLA ဘက်က SSPP၏ သတင်းထုတ်ပြန်မှုကို ဖြုတ်ချပေးရန် တောင်းဆိုလာ၍ သတင်းကို ဖြုတ်ချခဲ့ကြောင်း SSPPက ဆိုသည်။

Public Service Announcement

Public Service Announcement

(SSPPနှင့် TNLAတပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - SSPP၊ TNLA)
(SSPPနှင့် TNLAတပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – SSPP၊ TNLA)

SSPP/SSA အနေဖြင့် တိုင်းရင်းသား အချင်းချင်းကြား ပြန်လည်သင့်မြတ်ရေးအတွက် ရှေးရှူပြီး သတင်းထုတ်ပြန်မှုအား ဖြုတ်ချပေးခဲ့သော်လည်း TNLAဘက်မှ တိုင်းရင်းသားမဟာမိတ်အချင်းချင်းကြား ပြန်လည်သင့်မြတ်ရေးကို မျက်ကွယ်ပြုပြီး တိုက်ပွဲသတင်းထုတ်ပြန်ခဲ့ကြောင်း၊ ထို့ကြောင့် SSPPကလည်း မူလ ထုတ်ပြန်ထားသည့် သတင်းကို ပြန်လည်ဖော်ပြခဲ့ကြောင်း အသိပေးသည်။

“လုပ်ပါ(ကျောက်မဲမြို့နယ်)ကျေးရွာမှာ တိုက်ပွဲစဖြစ်တာပါ။ အဲ့နေရာက လမ်းမကြီးနဲ့ ၇ မိုင်လောက်ဝေးတယ်။ TNLA က တမင်သက်သက် တိုက်ပွဲဖန်တီးသလို ဖြစ်နေတာ။ သူတိုဘက်ကပဲ စပြီးပစ်တာလေ။ အဲ့ဒါကြောင့် နှစ် ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်သွားတယ်”ဟု စစ်မြေပြင် သတင်းရင်းမြစ်က ပြောကြားကြောင်း SSPPက ထုတ်ပြန်သည်။

လုပ်ပါကျေးရွာ၌ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာ အုပ်စု၊ နောင်ပိန်ကြီးကျေးရွာ အနီးမှာ လည်း TNLA တပ်သားများက SSPPတပ်ကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်မှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်သည်။

တစ်ချိန်တည်း၌ သီပေါမြို့နယ်၊ ကြံခင်းကျေး ရွာအုပ်စု၊ ကြံခင်းကျေးရွာ အတွင်း၌လည်း TNLA တပ်က SSPP/SSA တပ်ကို ပစ်ခတ်တိုက်ခိုက်မှု ရှိခဲ့ကြောင်း ဖော်ပြသည်။

“ဒီနေ့မှာပဲ ကျနော်တို့တပ် (SSPP) ကို TNLA တပ်တွေက ၃ နေရာ စပစ်ခတ် တိုက်ခိုက်ခဲ့တာ။ ၃ နေရာ စလုံးကို TNLA ဘက်ကပဲ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာတွေ ချည်းပဲ။ ဒီဖက်မှာ ကျနော်တို တပ်စခန်းရှိတယ်၊ စစ်ကြောင်းရှိတယ် ဆိုတာကို TNLA ဘက်ကို ကျနော်တိုက အသိပေး ပြောထားပြီးသား။ TNLA ဘက်က မဟာမိတ်ကျင့်ဝတ် လေးစားလိုက် နာမှု မရှိကြောင်း လုပ်ရပ်တွေက ဖော်ပြနေတယ်” ဟု SSPP/SSA စစ်မြေပြင် အရာရှိ တစ်ဦး၏ ပြောကြားချက်ကိုလည်း ထုတ်ပြန်ချက် ဖော်ပြသည်။

အခင်းမဖြစ်ပွားခင် အချိန်ကတည်းကပင် သီပေါ – ကျောက်မဲ – နောင်ချို ကားလမ်း အရှေ့ဘက် ခြမ်း တစ်လျှောက်၌ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ လုံခြုံရေး တပ်ချ ဖြန့်ကျက်နေရာယူထားသည့် အကြောင်း TNLA ကို အသိပေး အကြောင်းကြားမှုရှိခဲ့သည်ဟု ထုတ်ပြန်သည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ပြဿနာများ မကြီးထွားလာစေရေးအတွက် အောက်ခြေ တပ်သားများကို ထိန်းသိမ်းကြပ်မတ် ရန် SSPP/SSA တပ်မှ PSLF/TNLA တာဝန်ရှိသူများထံသို့ ဆက်သွယ် ပြောကြားခဲ့ကြောင်း ဖော်ပြသည်။

TNLA၏ ထုတ်ပြန်ချက်တွင်မူ TNLAက ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းမိခဲ့သည့် စစ်သုံ့ပန်းများကို သယ်ယူပို့ဆောင်နေစဉ် သီပေါမြို့နယ် ရေပူကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ SSPP/SSA က ပစ်ခတ်ခဲ့သဖြင့် ကားပေါ်တွင်လိုက်ပါလာသည့် PSLF/TNLA ၏ မြိုနယ်မှူး ဗိုလ်ကြီးနေအုပ် ကျဆုံးပြီး ရဲဘော် သုံးဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။

TNLA တပ်ဖွဲ့ဝင်လေးဦးသည် စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီ၏ တပ်ဖွဲ့၀င် စစ်သုံ့ပန်းများအားခေါ်ဆောင်လာစဉ် သီပေါမြို့ ရေပူရွာအနီး လမ်းဘေးဘုန်းကြီးကျောင်းဝင်းတွင် အသင့်စောင့်ဆိုင်းနေသည့် SSPP/SSA တပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် TNLA တပ်ဖွဲ့များ ရောက်ရှိပြီး နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ကျောက်မဲမြို့နယ် လုပ်ပါကျေးရွာနှင့် နောင်ပိန်ကြီးကျေးရွာတို့တွင်လည်း SSPP/SSA မှ PSLF/TNLA တပ်ဖွဲ့အား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

မဟာမိတ် တပ်ဖွဲ့ နှစ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် စတင်ပစ်ခတ်မှု ကို အပြန်အလှန် စွပ်စွဲထားသကဲ့သို့ တိုက်ပွဲ ဖြစ်ပွားရသည့် အကြောင်းအရင်းမှာလည်း မတူညီပေ။

TNLA၏ ထုတ်ပြန်ချက်တွင် နှစ်ဖက်အောက်ခြေ နားလည်မှုလွှဲမှားပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားသည်ကို သက်ဆိုင်ရာခေါင်းဆောင်များဆွေးနွေးညှိနှိုင်းပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ရပ်တန့်အဆုံးသတ်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

TNLAနှင့် SSPPတို့သည် ၀တပ်ဖွဲ့ ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင် မဟာမိတ်များဖြစ်ပြီး ယခင်ကလည်း နှစ်ဖက်အကြား ပြဿနာအချို့ရှိခဲ့သည်။

SSPP၏ သတင်းထုတ်ပြန်ချက်တွင် PSLF/TNLA သည် မဟာမိတ်တပ်ဖွဲဖြစ်သည့် SSPP/SSA တပ်ဖွဲ့အပေါ် မိုင်းယုလေး အနီး စစ်ရေးအ သာစီးရယူပြီး တိုက်ခိုက်မှု ၊ ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ၊ ၇ ရက် ကလည်း ထုန့်မောဝ် ဒေသမှ SSPP/SSA တပ်သား နှင့် မြို့နယ်မှူးကိုTNLA ဘက်က ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း၊ယင်းသို့ လုပ်ဆောင်ခဲ့ပြီး နယ်မြေ ကျူးကျော်ခဲ့သော်လည်း တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရှိ ဖြေရှင်းခဲ့ခြင်းမရှိကြောင်း ဖော်ပြထားသည်။

ယခုနှစ် မေလတွင်လည်း နမ့်ခမ်းရှိ SSPPတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို TNLAက ၀ိုင်းရံပြီး မူဆယ်ဘက်သို့ ပို့ဆောင်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်ပြီးလည်း TNLAနှင့် SSPP အကြား ပြဿနာဖြစ်ခဲ့သည်။

ရှမ်းမြောက်၌ တိုင်းရင်းသားတပ်အချင်းချင်းအကြား ပြဿနာဖြစ်ပွားမှုနှင့်ပတ်သက်သည့် သုံးသပ်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ယနေ့နံနက်တွင် ၎င်း၏ Facebook တွင်ရေးသားဖော်ပြခဲ့သည်။

“ရှမ်းမြောက်မှာဖြစ်နေတဲ့ EROs အချင်းချင်းကြား ပြဿနာက ဒီလိုပါ။ အရင်က စကစ အုပ်ချုပ်တဲ့ မြို့နယ်တွေဆိုတာ မြို့ထဲလောက်ပဲ စကစ အုပ်ချုပ်နိုင်တာဖြစ်ပါတယ်။ မြို့ပြင် ကျေးရွာအများပိုင်းက ကချင်ရွာ ဆိုရင် ကချင်တော်လှန်ရေးအဖွဲ့ အခြေချတယ်၊ တအောန်း (ပလောင်) ရွာဆိုရင် TNLA တွေအများပိုင်းလှုပ်ရှားမယ်၊ ရှမ်းရွာဆိုရင် ရှမ်းတပ်တွေ ရှိမယ်။

အဆိုပါ မြို့နယ် နာမည်ပေါက်တဲ့ မြို့တော်တခုခုကို တော်လှန်ရေးအဖွဲ့တခုခုက သိမ်းလိုက်ရင် အောက်ခြေစစ်သားတချို့ (တချို့)က စကစ မြို့နယ်တခုလုံး သူတို့အဖွဲ့နဲ့ ဆိုင်တယ် ဆိုပြီး ထင်သွားသလို သတင်းတွေမှာလဲ မြို့နယ် နာမည်တပ်လိုက်တာနဲ့ အဲ့ဒီအဖွဲ့နိုင်ထားတာ ဘာဖြစ်လို့ တခြားအဖွဲ့ရှိနေတာလဲဆိုပြီး မြောက်ပေးတာတွေကြောင့် ပြဿနာ ပိုကြီးလာရတယ်လို့မြင်ပါတယ်” ဟု ဒေါက်တာတူးခေါင်က ပြောသည်။

ကွတ်ခိုင်မြို့နယ် ဂါလိုင်ရွာ၌ ကချင်လူမျိုးအများစုရှိသည့် စာသင်ကျောင်းကို TNLAက ဖွင့်ခွင့် မပေးသည့် ကိစ္စကို ဥပမာ ဖော်ပြထားသည်။

“ကွက်ခိုင်မြို့နယ်ထဲက Galengရွာဆိုတဲ့ ကချင်ရွာမှာ အရင်ကအစိုးရကျောင်းဟာ ၂၀၂၁ မှာ ပျက်သွားတော့ ၂၀၂၂ ကနေ KIO ဦးဆောင်ပြီး ကျောင်းပြန်ဖွင့်ပေးတယ်။ ၁၀၂၇ မှာ TNLA က ကွက်ခိုင်မြို့ကိုသိမ်းလိုက်တယ်။ သို့သော် အဲ့ဒီရွာက ကချင်လူထုကျတော့ စကစ အုပ်ချုပ်နယ်မြေလို့ မသတ်မှတ်တဲ့အတွက် TNLA က ကွက်ခိုင်မြို့သိမ်းထားလဲ သူတို့ရွာနဲ့ မဆိုင်ဘူးလို့မှတ်ယူတယ်၊ TNLA ဒေသ အုပ်ချုပ်ရေးအဖွဲ့က ကွက်ခိုင်မြို့ နယ်ထဲပါလို့ ငါတို့အုပ်ချုပ်နယ်မြေဖြစ်လို့ ငါတို့မှာ ခွင့်တောင်းရမယ်လို့မှတ်ယူတယ်။ အဲ့မှာ ပြဿနာ စဖြစ်တာပဲ။ အရင်အစိုးရ အဆက်ဆက်ကတော့ သူတို့လက်လှမ်းမမှီတဲ့ ဒေသတွေကို နီးစပ်ရာ မြို့နယ်ထဲ ထည့်ထားတာ သဘာဝ ပါ။ ဥပမာ မိုင်ဂျာယန်မြို့ကို မိုင် ၉၀ လောက်ဝေးတဲ့ မိုးမောက်မြို့နယ်ထဲ ထည့်ထားသလိုပေါ့”ဟု ဒေါက်တာတူးခေါင်က ရေးသားထားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များအနေဖြင့်မူ ပြဿနာတိုင်းကို အချင်းချင်းအကြား သတိဖြင့် ဖြေရှင်းနေကြောင်း အချိန်တစ်ခု၌ ပြေလည်သွားမည်ဟု ယုံကြည်ကြောင်း ဒေါက်တာတူးခေါင်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဇွန်လ ၂၅ရက်မှစတင်သည့် တိုက်ပွဲကာလ၌ ကျောက်မဲမြို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး အရပ်သားသေဆုံးမှုများလည်းရှိခဲ့သည်။

သတင်း

ပြည်သူကိုဂရုမစိုက်သည့်ပုံစံဖြင့် ပြည်သူများ ၏ သပိတ်မှောက်ခြင်း လုပ်ရပ်အား လှောင်ပြောင်ခဲ့သည့် လေးဖြူကို ယခင်အမာခံပရိတ်သတ်များကပါ ပြင်းထန်စွာဝေဖန်ခဲ့ကြခြင်းအပြင် တော်လှန် အနုပညာရှင်များကပါ လေးဖြူ၏ လုပ်ရပ်ကို ရှုတ်ချခဲ့ကြသည်။

သတင်း

ပူးပေါင်းတပ်တွင် ပါဝင်သည့် တပ်ဖွဲ့ အမည်များကို စစ်ရေးသတင်းရင်းမြစ်အားမေးမြန်းရာ ကိုးကန့်တပ်မတော်(MNDAA)နှင့် SSPP/SSA တို့ ဖြစ်ကြောင်း ပြောပြသည်။

သတင်း

စစ်ဆင်ရေးကို ဇွန်လ ၂၅ရက်စတင်ခဲ့ရာ မိုးကုတ်၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ သီပေါ မြို့နယ်များရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များ အပါအဝင် တပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ ယနေ့ညနေပိုင်းအထိ စစ်ကောင်စီတပ်စခန်း၂၆ခုထက်မနည်း သိမ်းပိုက်ရရှိထားသည်။