သရဖူ/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အလုံမင်းထောင့်ဆိပ်ကမ်းမှဆန်တက်လာသည့် စစ်ကောင်စီရေယာဉ်အုပ်စုကို ကနီမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီက လေကြောင်းပစ်သုံးခုခံခဲ့ရကြောင်း သတင်းရရှိသည်။
တိုက်ခိုက်ရေးရေယာဉ်အချို့အပါအဝင် စစ်ကောင်စီသင်္ဘော ၁၇စီးသည် ယမန်နေ့(ဩဂုတ် ၁ရက်)နံနက်ကစတင်၍ ချင်းတွင်းမြစ်ကြောင်းအတိုင်း ထွက်ခွာလာခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ကနီနဲ့ ဘုတလင်နှစ်ဘက်စလုံးကနေ တိုက်ခိုက်ခဲ့တာ။နမခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်)ကနေ ရဟတ်ယာဉ်စစ်ကူခေါ်ရတယ်။ ရဟတ်ယာဉ်နဲ့ ရမ်းသမ်းပတ်ပစ်သွားတာ”ဟု ကနီမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
စစ်ကောင်စီရေယာဉ်များအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ရော့ကက်၊ RPG၊ စနိုက်ပါများဖြင့် တိုက်ခိုက်ခဲ့ရာ ရေယာဉ်များပေါ်၌လိုက်ပါလာသည့် တပ်မ(၂၂)လက်အောက်ခံ ခမရ(၂၀၄)၊နမခ လက်အောက်ခံ ထပရ(၉၂၉)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးနိုင်ကြောင်း ကျောက်လုံးကြီး PDFက သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကာကွယ်ရေးရဲဘော်တစ်ဦး ထိခိုက်ခဲ့ကြောင်းသတင်းရရှိသည်။ အသေးစိတ်အခြေအနေကို မသိရှိရသေးပေ။
အဆိုပါစစ်ကောင်စီရေယာဉ်အုပ်စုသည် ကနီမြို့နယ်ကိုကျော်ပြီး မင်းကင်းမြို့နယ်အတွင်းရောက်ရှိနေသည်ဟု သတင်းရရှိသည်။
မြစ်ကမ်းဘေးတလျှောက်ကျေးရွာများ စစ်ကြောင်းအန္တရာယ်သတိပြုကြရန် ယင်းမာပင်ခရိုင်၊ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦးULF စစ်ကြောင်းအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။