စောနွေဦး/People’s Spring
ပြည်တွင်း၌ ဆန်ဈေးကြီးနေပြီး ၊ ဆန်ဈေးကြီးသည်ဆိုကာ ဆန်ရောင်းချသူများကို ဖမ်းဆီးခြိမ်းခြောက်ထားသော်လည်း အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၆၀,၀၀၀ တင်ပို့ခွင့်ကို စစ်ကောင်စီကထပ်ရမည်ဖြစ်ကြောင်းသတင်းရရှိသည်။
အင်ဒိုနီးရှားနိုင်ငံသည် ဆန်တန်ချိန် ၁ ဒသမ ၇ သန်းကို ဗီယက်နမ်၊ ထိုင်း၊မြန်မာနှင့် ပါကစ္စတန်နိုင်ငံတို့မှ တင်သွင်းရန် တင်ဒါခေါ်ယူခဲ့ပြီး ဆန်တန်ချိန် ၆၀,၀၀၀ တင်ပို့ခွင့်ရသော တင်ဒါ ၅ ခုကို မြန်မာနိုင်ငံက အောင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံက ထုတ်ပြန်သည့် အချက်အလက်များအရသိရသည်။
ထိုသို့တင်သွင်းခွင့်အတွက် မြန်မာနိုင်ငံက ဆန်တစ်တန်ကို ဒေါ်လာ ၆၂၁ မှ၆၂၉ (ကျပ် ၃၄သိန်းကျော်) တင်ဒါတင်သွင်းခဲ့ခြင်းဖြစ်သည်ဟု အင်ဒိုနီးရှားကထုတ်ပြန်ခဲ့သည်။ ထိုင်းနှင့်ပါကစ္စတန်နိုင်ငံတို့မှ တင်သွင်းသည့် တင်ဒါမှ ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် မြန်မာနှင့်ဗီယက်နမ်နိုင်ငံတို့ကရရှိခဲ့ခြင်းဟု အင်ဒိုနီးရှားနိုင်ငံကဆိုသည်။
ပြည်တွင်း၌ ဆန်ဈေးများတက်နေသော်လည်း ပြီးခဲ့သည့် ဇူလှိုင်လတွင် စစ်ကောင်စီထိန်းချုပ်ထားသည့် ဆန်စပါးတင်ပို့မှုကို ပုဂ္ဂလိက ကုမ္ပဏီ ၄၀ ကျော်က ဆောင်ရွက်ခဲ့ကြောင်း ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ အင်ဒိုနီးရှားနိုင်ငံကို လစဉ်ဆန်ပို့မှု တန်ချိန် ၅သောင်းကျော်ရှိကြောင်းလည်းထုတ်ပြန်ထားသည်။
ကျပ်ငွေတန်ဖိုးကျဆင်းခြင်း ၊စက်သုံးဆီစာရိတ်ကြီးခြင်းနှင့် နိုင်ငံတစ်ဝန်းတိုက်ပွဲများကြောင့်ပြည်တွင်းဆန်ဈေးမြင့်တက်နေသော်လည်း စစ်ကောင်စီက လက်နက်ခဲယမ်းနှင့် လေယာဥ်ဆီဝယ်ယူနိုင်ရန် နိုင်ငံခြားငွေလိုအပ်ချက်အတွက် ပြည်ပဆန်ပို့မှုကို အရှိန်မြင့်လုပ်နေသည်။ဆန်ဈေးပိုရောင်းသည်ဆိုကာ လုပ်ငန်းရှင်များကို ပြီးခဲ့သည့်ဇူလှိုင်လက ဖမ်းဆီးခြိမ်းခြောက်ခဲ့သော်လည်းပြည်ပသို့ဆန်တင်ပို့မှု ပိုလုပ်လာပြီး ဆန်တင်ပို့မှုက ဒေါ်လာ ၈၄ သန်းရရှိခဲ့သည်ဟု ဆန်စပါးအသင်းကထုတ်ပြန်ထားသည်။
“ဆန်တင်ပို့တာကရတဲ့ ငွေတွေက စစ်ကောင်စီသက်ဆိုးရှည်ဖို့ နိုင်ငံခြားငွေ အထောက်အပံ့ရစေပါတယ်။ ဒီတွေက ပုဂ္ဂလိကဆိုပေမယ့် ဒီငွေတွေက စစ်ကောင်စီထံကို တိုက်ရိုက်စီးဆင်းနေတာပါ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
စစ်ကောင်စီက ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများကို ဆန်တန်ချိန် ၁ ဒသမ ၆ သန်းကျော်တင်ပို့ခဲ့ပြီး ဒေါ်လာ ၈၄၅သန်းရရှိခဲ့သည်။ ထိုဆန်တန်ပို့မှုကို စစ်ကောင်စီထိန်းချုပ်ထားသည့် ကုမ္ပဏီ ၅၅ ခုကသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ယခုနှစ်တွင် ပြည်တွင်း၌ ဆန်ဈေးကြီးနေသော်လည်း စစ်ကောင်စီ နှင့် ဆန်စပါးအသင်းချုပ်တို့က ဆန်တန်ချိန် ၂ သန်းတင့်ပို့ရန် စီစဥ်နေသည်။
ပြည်တွင်းဆန်ဈေးတွင် ရွှေဘိုပေါ်ဆန်းမွှေးတအိတ်ကို ကျပ် ၁၅၀,၀၀၀ကျော်၊ ပေါ်ဆန်းမွှေးတစ်အိတ်ကို ကျပ် ၁၃၀,၀၀၀ နှင့် ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၈၀၀၀၀ ခန့်ရှိနေသည်။ထိုဈေးနှုန်းများသည် စစ်တပ်အာဏာသိမ်းခဲ့သည့် ၃ နှစ်အတွင်း ဈေးနှုန်း ၃ ဆကျော်မြင့်တက်လာခြင်းဖြစ်သည်။