ဟန်နွေ/People’s Spring
လားရှိုး အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)အား သိမ်းပိုက်စဉ် လက်နက်ချခဲ့သည့် အာဏာသိမ်း တပ်၏ တပ်သားမိသားစုဝင်များကို လွှတ်ပေးခဲ့ပြီး ၎င်းတို့ အိမ်ထောင်စုတစ်စုစီအတွက် ခရီးစရိတ် ငါးသောင်းကျပ်စီ ပေးခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။
မကြာသေးမီက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တွင် တပ်စွဲထားသော အာဏာသိမ်းတပ်များအားလုံး လက်နက်ချခဲ့၍ တပ်သား မိသားစုဝင်တို့ကို စစ်သုံ့ပမ်းများနှင့်အတူ MNDAAတပ်၏ နောက်တန်းသို့ ပြောင်းရွှေ့ခဲ့ပြီး ဩဂုတ် ၆ရက်နေ့တွင် တပ်သားမိသားစုများ ဘေးကင်းစေရန် အိမ်ပြန်စေခဲ့သည်ဟုအသိပေးထားသည်။
နေအိမ်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်စေရန်အတွက် မိသားစုဝင် ၃၈၀ ကျော် ကို အိမ်ထောင်စု တစ်စုစီအတွက်ငွေကျပ် ငါးသောင်းပေးခဲ့ကြောင်း ဖော်ပြသည်။
ရန်သူစစ်သားများ၏ မိသားစုဝင်များအားလုံးကို ဘေးကင်းရာသို့ ပို့ဆောင်ခဲ့ကြောင်း ၊ ယာဉ်များကိုလည်း စီစဉ်ပေးခဲ့ကြောင်း အသိပေးသည်။
“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆက်ထိန်းထားတယ်။ မိသားစုဝင်တွေကို ပြန်လွှတ်ပေးနေပြီ။
တဆက်တည်းမှာ မြို့ခံတွေကို အထောက်အထားနဲ့အတူ ပြန်ဝင်ခွင့်ပေးနေပါပြီ” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့မိသားစုဝင်များကိုဩဂုတ်လ ၆ရက်က ၃၈၅ ဦး၊ ယနေ့ (ဩဂုတ်လ ၇ရက်) တွင် ၄၄၅ ဦး ပြန်လွှတ်ပေးခြင်းဟု ၎င်းကပြောသည်။
“SSPP ဘက်က ကူညီပေးပါတယ်။ သီပေါဖက်ကတဆင့် ပြန်လွှတ်ပေးတာပါ။ နောက်ရက်တွေ အသုတ်လိုက် ဆက်လွှတ်ဖို့ရှိတယ်လို့ သိရတယ်” ဟု MNDAAနှင့်အတူ တိုက်ပွဲဝင်နေသည့် PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)သည် လားရှိုးမြို့သိမ်းတိုက်ပွဲနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုဝင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဇူလိုင်လအတွင်းကလည်း စစ်ကောင်စီတပ်ဖွဲ့မိသားစုဝင် ၁၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့သည်။
သို့သော်လည်း အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ရက်ပိုင်းက MNDAAကို ရှုတ်ချခဲ့ပြီး စစ်တပ်မိသားစုဝင်များကို သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။ မင်းအောင်လှိုင်သည် ပြည်သူလူထု ရှေ့မှောက်တွင် မဟုတ်မမှန် သတင်းများ ဖြန့်ခြင်းသည် ပထမဆုံးအကြိမ်မဟုတ်တော့ဟုလည်း MNDAAက ထုတ်ပြန်ခဲ့သည်။
ယခု MNDAAက ပြန်လွှတ်ပေးခဲ့သည့် တပ်မိသားစုဝင်များခရီးသွားလာရေးအတွက် ရှမ်းတပ် SSPPကလည်း အကူအညီပေးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်တို့က ပြောသည်။ ထိုသို့ တပ်မိသားစုဝင်များ ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့မှုနှင့်ပတ်သက်ပြီး မေးမြန်းရန် SSPP ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။
ယခုအခါ MNDAAသည် လားရှိူးမြို့အုပ်ချုပ်ရေးကို စတင်နေပြီးစစ်ဘေးရှောင်နေသည့် ဒေသခံပြည်သူများကိုလည်း ပြန်လည်ဝင်ခွင့်ပြုနေပြီဖြစ်သည်။