ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့တွင် PDFအဖွဲ့ထံ ဖုန်းဆက်စိန်ခေါ်ပြီး PDFအဓိပ္ပါယ်ဖွင့်ဆိုခိုင်းသည့်စခန်းမှူးမှာ စခန်းအနီးပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။
သြဂုတ် ၆ရက် နံနက် ၁၀နာရီခန့်က ချောင်းဦးမြို့မရဲစခန်းနှင့် မီတာ ၁၂၀အကွာ၊ စခန်းအခြေနှင့်ကပ်နေသည့် ကင်း၏ရှေ့တွင် ယာဥ်များအား ငွေကောက်နေသည့် မြို့မစခန်းမှူးနှင့် ရဲတစ်ဦးအား မုံရွာခရိုင် အမှတ်(၁၅)တပ်ရင်း တပ်ခွဲ ၁၅/၃(ဗိုလ်နိုင် -လေပွေမုန်တိုင်းတပ်ခွဲ)၏ ရဲဘော်များက ပစ်ခတ်ခဲ့သည်။
စခန်းမှူးမှာ နေရာတင်သေဆုံးပြီး အခြားရဲတစ်ဦးမှာလည်း ဒဏ်ရာရသွားသည်ဟု မုံရွာခရိုင် အမှတ် (၁၅)တပ်ရင်း CRA၏ တာဝန်ခံ ကိုဝေဇင်အောင်က ပြောသည်။
စခန်းမှူးမှာ ပစ်ခတ်မခံရမီ ၃ရက်ခန့်အလိုက ချောင်းဦးအခြေစိုက် PDFအဖွဲ့ထံ ဖုန်းဆက် စိန်ခေါ်ပြီး Police၏ အဓိပ္ပါယ်တစ်လုံးချင်းစီကို ရှင်းပြခဲ့ကြောင်း အမှတ်(၁၅)တပ်ရင်း CRA၏ တာဝန်ခံ ကိုဝေဇင်အောင်က ပြောသည်။
“ဖြစ်စဥ်မဖြစ်ခင် သုံးရက်လောက်အလိုက ကျွန်တော်တို့ဖုန်းနံပါတ်ကို ရပြီးတော့ ဖုန်းဆက်လာတယ်။ မင်းတို့ကောင်တွေ လာမတိုက်သေးဘူးလားပေါ့။ ဘယ်အချိန် လာတိုက်မှာလဲပေါ့။ မင်းတို့လာတိုက်တာစောင့်နေတယ်ပေါ့။ Policeစကားလုံးက Pဆိုတာဘာ Oဆိုတာဘာ တစ်လုံးချင်းရှင်းပြတယ်။ မင်းတို့PDFရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်လေး နားထောင်ချင်ပါတယ်။ ဖွင့်ဆိုပြပါဆိုပြီး သူကမေးထားတာ။ သူ PDF အဓိပ္ပါယ်ဘာလဲဆိုပြီး မေးခွန်းထုတ်တဲ့နေ့ကစပြီး ချောင်းနေတာ။”ဟု ၎င်းက ရှင်းပြသည်။
အဆိုပါစခန်းမှူးသည် ချောင်းဦးဒေသခံများအား ရိုက်နှက်ဖမ်းဆီးရာတွင် အမိန့်ပေးစေခိုင်းခဲ့သူဖြစ်ပြီး မုံရွာ – မန္တလေးလမ်းမပေါ်၌ ခရီးသည်များအား မကြာခဏဖမ်းဆီးပြီး မိုင်းရှင်းခိုင်းခဲ့သူလည်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
ဇူလိုင် ၆ ရက် နံနက်ကလည်း ချောင်းဦးမြို့မစျေးစျေးလာဝယ်သည့် ဗိုလ်ကတော်အားလုံခြုံရေးယူပေးနေသော ချောင်းဦးမြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် စည်သူဖြိုးဝေဆိုသူအား မုံရွာခရိုင် အမှတ်(၁၂)တပ်ရင်း၊ တပ်ခွဲ ၄၏ ရဲဘော်များက ရှင်းလင်းခဲ့ပြီး ၎င်း၏သေနတ်ပါ သိမ်းဆည်းသွားခဲ့သည်။