လေကြောင်းမှအပြင်းအထန်တိုက်ခိုက်မှုအား အံတုပြီး မြို့သိမ်းတိုက်ပွဲဖော်ဆောင်နိုင်ခဲ့သည့် ဒီပဲယင်းမြို့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၁၈) ဦး သေဆုံးပြီး (၁၀) ဦး ဒဏ်ရာရကာ Non-CDM ဝန်ထမ်း (၄၀) ဦး၊ အချုပ်သား (၂၀) ဦး၊ ပြည်သူ (၇၂) ဦးအားကယ်တင်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်သည်။
ဒီပဲယင်းမြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍အမှတ်(၁)စစ်ဒေသက ယနေ့( ဩဂုတ်လ ၂၀ရက်)ညတွင် ပထမဆုံးအကြိမ် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။
ဒီပဲယင်းမြို့အား ရွှေဘိုခရိုင် အမှတ် (၁) ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ရွှေဘိုခရိုင် တပ်ရင်း (၆၊ ၉၊ ၁၂)၊ ရွှေဘိုခရိုင် လှုပ်ရှားစစ်ကြောင်း၊ ရွှေဘိုခရိုင် ပကဖ၊ ဗျူဟာ-၅၃၊ 96Soldier၊ ဒီပဲယင်း LPDF ပူးပေါင်းတပ်ဖွဲ့တို့မှ ဩဂုတ်လ (၁၅) ရက်၊ ညနေ (၈) နာရီခွဲ မှစတင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ (၁၈) ရက်၊ နံနက် (၄) နာရီချိန်တွင် တိုက်ခိုက် သိမ်းပိုက် ရရှိခဲ့သည်ဟု သိရသည်။
စစ်ကောင်စီဘက်မှ ဗိုလ်ကြီး အောင်ဟိန်းဦး ဦးစီး ခမရ (၇၀၄၊ ၇၀၈)၊ ရဲ နှင့် ပျူစောထီး ပူးပေါင်းအင်အား (၇၉) ဦး အခြေပြုနေထိုင်သော ဒီပဲယင်းမြို့ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာ၊ ရွှေဇာလီဘုရား၊ စာရင်းစစ်ရုံး၊ ဇွဲစားသောက်ဆိုင်နှင့် အထက ကျောင်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်သည်။
ဒီပဲယင်းတိုက်ပွဲသို့ စစ်ကူလာသော ခလရ-၈၉မှ အင်အား (၆၀) ခန့်ကို ရေဦး-ဒီပဲယင်းလမ်းတွင် အောင်မြင်စွာ ဖြတ်တောက်နိုင်ခဲ့သည်ဟု လည်းထော်ပြထားသည်။
စစ်ကောင်စီက ဩဂုတ်လ (၁၆) ရက်မှစတင်၍ လေကြောင်းအသုံးပြုကာ ခုခံတိုက်ခိုက်ခဲ့ကြောင်းသိရသည့်။ ယင်းနေ့တွင် ဒီပဲယင်းမြို့၊ မြို့မရပ်ကွက်သို့ တံတားဦးမှ တက်လာသော ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် ဗုံး (၃) လုံး၊ဩဂုတ်လ (၁၇) ရက်တွင် မြို့မရပ်ကွက်နှင့် မြို့အနီး မစိုးရိမ်ရွာ ဘုန်းကြီးကျောင်းအနီးသို့ တံတားဦး မှ တက်လာသော ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးသီး (၂) လုံးကြဲချ တိုက်ခိုက်ပြီး မြို့အနီးသို့ နမခ မှ တက်လာသော Mi-35 ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် သြဂုတ် ၁၆ ရက် တွင်ပင် တံတားဦးမှ တက်လာသော Y-12 (၁) စီးဖြင့် ဒီပဲယင်းမြို့ထဲသို့ ဗုံးသီး (၅၆) လုံးကြဲချ တိုက်ခိုက်ပြီး မြို့ပတ်ပတ်လည်သို့ နမခမှ တက်လာသော Mi-35 (၁) စီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
မြို့သိမ်းတိုက်ပွဲပြီးနောက် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေစဉ် ဩဂုတ်လ ၁၈ရက်နေ့ နေ့လည် ၁၂ နာရီခန့် တွင် မြို့ပတ်ပတ်လည်သို့ နမခမှ တက်လာသော Mi-35 ဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး မြို့ပြင်သို့ မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်( လပခ) မှ တက်လာသော Mi-17 (၂) စီးဖြင့် အင်အား (၅၄) ဦး ပို့ချခဲ့ကြောင်း၊ ထို့အပြင် Mi-17 (၂) စီးဖြင့်အင်အား (၅၀) ခန့် ထပ်မံ ပို့ခဲ့သည်ဟုသိရသည်။ထိုနောက် တံတားဦးမှ တက်လာသော ဂျက်တိုက်လေယာဉ် ဖြင့် ဗုံးသီး (၂) လုံးကြဲချ တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရေဦးမြို့နယ်၊ တိန်းတံရံရွာနှင့် ရွာဈေးသို့လည်း ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီကလေကြောင်းမှအင်အားသုံးတိုက်ခိုက်ခဲ့သောကြောင့် ဒီပဲယင်းမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရပြီးတိုက်ပွဲတွင် ကာကွယ်ရေး ရဲဘော် (၄) ဦး ကျဆုံးခဲ့ရသည်ဟု သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုများအပြင် လက်နက်မျိုးစုံ (၂၂) လက်၊ ကျည်မျိုးစုံ (၄၉၀၀) ခန့်၊ ဗုံးသီးမျိုးစုံ (၅၇) လုံး၊ မိုင်းမျိုးစုံ (၂၀) လုံး၊ ကျည်အိမ် (၈) ခုနှင့် ငွေကျပ် သိန်း (၃၄၀) ကျော် သိမ်းဆည်းရမိသည်ဟု အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီက လေကြောင်းမှ ပို့ခဲ့သည့်တပ်ဖွဲ့ဝင် ၁၀၀ ခန့်သည် ဒီပဲယင်းမြို့၊ ကုန်းသာဦး ၊ မြသိန်းတန်နှင့်ပုဗ္ပာရုံ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြောင်း သတင်းရရှိသည်။
လေကြောင်းမှ အင်အားသုံးတိုက်ခိုက်နေ၍ ပြန်လည်ဆုတ်ခွာခဲ့ရသော်လည်း စစ်ကောင်စီယန္တရားကို လုံးဝဖျက်ဆီးပစ်နိုင်ခဲ့သည်ဟု တိုက်ပွဲဝင်ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။
” Non CDM ဝန်ထမ်းများကိုလည်း အကုန်နီးပါး ထိန်းသိမ်းနိုင်ခဲ့တာကြောင့် မြို့ရဲ့ အုပ်ချုပ်ရေးကို ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။မြို့တွေကို သိမ်းပြီးရင် ဘယ်လိုထိန်းမလဲ ဆိုတဲ့ အတွေ့အကြုံများ ၊ မြေပြင်အင်အားစုများ ပူးတွဲစစ်ဆင်တဲ့ စစ်ရေးအတွေးအခေါ်များ အားကောင်းလာစေပါတယ် ” ဟုဒီပဲယင်းတိုက်ပွဲနှင့်ပတ်သက်၍ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက သုံးသပ်ရေးသားထားသည်။
ဒီပဲယင်းမြို့သည် စစ်ကိုင်းတိုင်းအောက်ပိုင်းမြို့နယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပထမဆုံးသိမ်းယူခဲ့သည့်မြို့ဖြစ်သည်။
ဆက်လက်တပ်ဆွဲထားလျှင် ရနိုင်သော်လည်း အကျိုးမရှိ၍ ယာယီဆုတ်ခွာပေးထားခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။ စစ်ကိုင်းတိုင်းအတွင်း၌ ခါိမ်းပတ်၊ မြို့သစ်၊ ရွှေပြည်အေး၊မော်လူးမြို့တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကာသိမ်းပိုက်ထိန်းချုပ်ထားသည်။လက်ရှိတွင် အင်းတော်၊ ပင်လည်ဘူး၊ထီးချိုင့်မြို့တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲဆင်နွဲနေသည်။