Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တပ်ရင်း ၁၂ရင်း အင်အား ၅၀၀ခန့်ဖြင့်စုပေါင်းခံစစ်ပြင်ထားသည့် မိုးမောက်စခန်းသိမ်းပိုက်နိုင်ခဲ့ဟု KIA အသိပေး

သံချပ်ကာယာဥ်တစ်စီးသိမ်းပိုက်နိုင်ပြီး စစ်ကူတပ်မှ သံချက်ကာယာဉ်တစ်စီးနှင့် စစ်သုံးယာဉ်များဖျက်ဆီးနိုင်ခဲ့ဟုဆို

မိုးမောက်မြို့ ခမရ(၄၃၇) တပ်ရင်းသိမ်းပိုက်နိုင်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - The Kachin Net

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် စစ်အင်အား ၅၀၀ခန့်ဖြင့် ခလရ၊ ခမရတပ်ရင်း ၁၂ရင်းဖြင့် စုပေါင်းထားသည့် မိုးမောက်မြို့စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တစ်လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဩဂုတ် ၁၉ရက်တွင် အပြီးသိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

မိုးမောက်မြို့ စစ်ကောင်စီတပ်စခန်းတွင် ခမရ(၄၃၇)၊ ခမရ(၄၁၅)၊ ခမရ(၄၁၆)၊ ခမရ(၃၂၀)၊ ခလရ(၁၃)၊ ခလရ(၄၀)၊ ခလရ(၈၃)၊ ခလရ(၅၆)၊ ခလရ(၁၄၂)၊ ခလရ(၁၃၀)၊ ခလရ(၂၃၆)နှင့် ခလရ(၂၃၇)တပ်များ စုဝေးနေသည်။ အဆိုပါ တပ်ရင်းများသည် မြစ်ကြီးနား ဗန်းမော်ကားလမ်းတလျှောက်ရှိ တပ်ရင်းများနှင့် ဗန်းမော်-လွယ်ဂျယ် ကားလမ်းတလျှောက်ရှိ တပ်ရင်းများဖြစ်ပြီး KIA ပူးပေါင်းတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မိမိတပ်ရင်းများမှ ထွက်ပြေးကာ မိုးမောက်တပ်စခန်းတွင် စုနေခြင်းဖြစ်သည်ဟု ဖော်ပြသည်။

မိုးမောက်မြို့ ခမရ(၄၃၇) တပ်ရင်းသိမ်းပိုက်နိုင်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – The Kachin Net

KIA ပူးပေါင်းတပ်များ ယခုသိမ်းပိုက်နိုင်ခဲ့သည့် မိုးမောက် ခမရ(၄၃၇)တပ်စခန်းမှ လက်နက်များ၊ လက်နက်ကြီးများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းရခဲ့ကြောင်း အသိပေးထားပြီး အရေအတွက်ကို စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်များဖြင့်အဓိကထား ဗုံးကြဲတိုက်ခိုက်ပြီး ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်က တာဝေးပစ်လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ ပြည်သူလူထုနေအိမ်များစွာ ပျက်စီးခဲ့သည်ဟု အသိပေးသည်။

တိုက်ပွဲသတင်းဖော်ပြသည့် ရုပ်သံနှင့် ကချင်ဘာသာဖြင့်ထုတ်ပြန်သော ဓာတ်ပုံများတွင် သိမ်းဆည်းရရှိခဲ့သည့် လက်နက်များ၊ စစ်ကောင်စီတပ်ရင်းအတွင်း ဝင်ရောက်နေသည့် KIA ပူးပေါင်းတပ်မှ ရဲဘော်များကို တွေ့ရသည်။ သံချပ်ကာယာဉ် တစ်စီးကို သိမ်းပိုက်ထားနိုင်သည်ကို ရုပ်သံ၌ တွေ့ရသကဲ့သို့ ဓာတ်ပုံမှတ်တမ်းတွင်လည်း တိုက်ခိုက်ဖျက်ဆီးထားသည့် စစ်ကောင်စီတပ် စစ်သုံးယာဉ်၊ တိုက်ခိုက်ဖျက်ဆီးထားသည့် စစ်ကောင်စီ သံချပ်ကာယာဉ် တို့ကိုတွေ့ရသည်။

မိုးမောက်မြို့ ခမရ(၄၃၇) တပ်ရင်းသိမ်းပိုက်နိုင်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – The Kachin Net

ဗန်းမော်မှ မိုးမောက်မြို့သို့ လာရောက်သည့် စစ်ကောင်စီ၏ သံချပ်ကာယာဉ်ပါ စစ်ယာဉ်တန်းကို ကြားဖြစ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ သံချပ်ကာယာဉ်တစ်စီးပျက်စီးခဲ့ပြီး စစ်သုံးယာဉ်များလည်း ပျက်စီးခဲ့သည်ကို ဓာတ်ပုံမှတ်တမ်းတွင် တွေ့ရသည်။

KIAအနေဖြင့် တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးအခြေအနေကို ဖော်ပြထားခြင်းမရှိသော်လည်း စစ်ရေးသတင်းရင်းမြစ်အချို့၏ ပြောပြချက်အရ မိုးမောက်တိုက်ပွဲ၌ စစ်ကောင်စီတပ်ရာချီသေဆုံးခဲ့သည်ဟု ဆိုသည်။

KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း မိုးမောက် ခမရ(၄၃၇) တပ်ရင်းသိမ်းပိုက်နိုင်ပြီးဖြစ်၍ စစ်ဆင်ရေးကွတ်ကဲမှုဌာနချုပ်(စကခ-၂၁) အခြေစိုက်ရာ ဗန်းမော်ကို ဖိအားပေးရန် လမ်းပွင့်သွားပြီဟု ပြောထားသည်။

ဗန်းမော်မြို့တွင်လည်း စကခ(၂၁)ဌာနချုပ်အပါအဝင် တပ်ရင်းတပ်ဖွဲ့ ၁၅ခုခန့်ရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ကောင်စီ၏ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း နွားထိုးကြီး Nayogyi People Defense Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

သတင်း

ရှမ်းမြောက်ဖြစ်စဉ်များကို အတုမယူဘဲ အသေခံတိုက်ခိုက်ခြင်းမှာ မိုက်မဲမှုသာဖြစ်ဟု CDM အရာရှိသုံးသပ်

သတင်း

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း ခမရ(၄၃၇)ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က ယနေ့ ညနေပိုင်း၌ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ရာ လက်နက်ခဲယမ်းများစွာ ရရှိခဲ့ရာသိမ်ဆည်းရရှိသည့် လက်နက်များ၏ မှတ်တမ်းဓာတ်ပုံနှင့် ရုပ်သံတို့ကို သတင်းရင်းမြစ်က ပြသသည်။

သတင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရဲစခန်းအား PDF များ သိမ်းပိုက်ပြီး သေနတ် ၉ လက်နှင့် စစ်သုံ့ပန်း ၉ဦး ဖမ်းဆီးရရှိခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)မှ ကိုနွေဦး(မြောင်)က ပြောသည်။