Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကို ချေမှုန်းပြီး ဒေသတွင်း အုပ်ချုပ်မှု အာဏာပိုင် ဖြစ်လာသည့် AA အနေဖြင့် အရပ်သားအလုံးကို အကာအကွယ်ပေးရန် SAC-M ထုတ်ပြန်

ရိုဟင်ဂျာများ နှင့် အခြားအရပ်သားများ အပေါ် ပြုမူဆက်ဆံမှု များအား စုံစမ်းဆေးနိုင်ရေး အထောက်အကူပြု ပူးပေါင်း ဆောင်ရွက်ပေးရန်လည်း တောင်းဆို

မောင်​တော မြို့သိမ်းတိုက်ပွဲတွင် ပိတ်မိ​နေ​သောပြည်သူများကို AA တပ်ဖွဲ့ဝင်များကကယ်ထုတ်လာစဥ်။ ဓါတ်ပုံ- AA Info Desk

ရှိုင်း/People’s Spring

အာရက္ခတပ်တော်(AA) အနေဖြင့် ရက္ခိုင်ပြည်နယ် မြောက်ပိုင်းသို့ နိုင်ငံတကာ အကူအညီများ၊ စောင့်ကြည့်သူများနှင့် စုံစမ်းစစ်ဆေးသူများ လွယ်ကူချောမွေ့စွာ ဝင်ရောက်နိုင်စေရေးအတွက် ဖြစ်မြောက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)က ထုတ်ပြန်လိုက်ပြီး AA အနေဖြင့် အရပ်သားများအားလုံးကို ကာကွယ်ပေးရန် တောင်းဆိုခဲ့သည်။

ဩဂုတ် ၁၉ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် SAC-M၏ ထုတ်ပြန်ချက်တွင် AAသည် ရခိုင်မြောက်ပိုင်းရှိ အရပ်သားများအား အကာအကွယ်ပေးရေးနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအောက်တွင် ၎င်းတာဝန်၀တ္တရားများကို လိုက်နာထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြသည်။

ခိုင်လုံသည့် အစီအရင်စာများအရ ဩဂုတ် ၅ရက်က ရိုဟင်ဂျာအမျိုးသား၊ အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် တိုက်ခိုက်မှုတစ်ခုကြောင့် လူပေါင်း ၂၀၀အထိ သေဆုံးခဲ့သည်ဟုသိရကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဒုက္ခသည်များသည်AAနှင့် မြန်မာစစ်တပ်(စစ်ကောင်စီ)အကြား ဖြစ်သည့် ပြင်းထန်သည့် တိုက်ပွဲများကြောင့် မောင်တောမြို့နယ် မှ နတ်မြစ်ကို ကျော်ဖြတ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးရန် ကြိုးစားခဲ့ရာ ဒရုန်းများမှ ကြဲချသော ဗုံးများ၊ အမြောက်ပစ်ခတ်မှုများနှင့် စစ်သားများကလူများကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း အသက်ရှင်ကျန်နေသူများနှင့် မျက်မြင်သက်သေများက သတင်းပေးပို့ခဲ့ကြောင်း၊ ယင်းဖြစ်ရပ်အပေါ် AA အနေဖြင့် တာဝန်ရှိသည်ဟု စွပ်စွဲခံထားရကြောင်း ၊ လတ်တလောဖြစ်ရပ်များသည် မေလ ၁၇ရက်က ဖြစ်ခဲ့သည့် ပမာဏကြီးမားလှသည့် အကွက်ကျကျ စီမံသတ်ဖြတ်မှု၊ မီးရှို့မှု နှင့် ပစ်ခတ်မှုတို့တွင် AA တပ်ဖွဲ့ဝင်များလည်း ပါဝင်သည်ဟု စွပ်စွဲမှုများ၏ နောက်ဆက်တွဲ ဖြစ်ကြောင်း SAC-Mက ဆိုသည်။

SAC-Mသည် ရက္ခိုင်ပြည်နယ် မြောက်ပိုင်းရှိရိုဟင်ဂျာများနှင့် အခြားအရပ်သားများအပေါ် လတ်တလော ကျူးလွန်ထားသည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် မည်သူ့တွင် တာဝန်ရှိသည်ကို မဆုံးဖြတ်နိုင်သေးကြောင်း၊ မည်သို့ပင်ဆိုစေကာမူ AA သည် ယခုအခါ မြန်မာစစ်တပ်(စစ်ကောင်စီ)ကို လုံးလုံးနီးပါး ချေမှုန်းကာ ဖယ်ရှားပြီး ဒေသတွင်း အခရာကျသည့် စစ်တပ်နှင့် အုပ်ချုပ်မှု အာဏာပိုင်များ ဖြစ်လာမှုသည် ကျေနပ်အားရဖွယ်ဖြစ်ကြောင်း SAC-Mက ဖော်ပြသည်။

ထို့ကြောင့် AA သည် ရက္ခိုင်မြောက်ပိုင်း၌ လက်တွေ့ အုပ်ချုပ်လျက်ရှိသော အာဏာပိုင်နှင့် ပဋိပက္ခတွင် ပါဝင်နေသော အဖွဲ့ တစ်ဖွဲ့ ဖြစ်၍ အရပ်သားအားလုံးကို အချိန်တိုင်း ကာကွယ်ပေးရန် အတွက် ချက်ချင်းဆောင်ရွက်ရန် SAC-M က တောင်းဆိုထားသည်။

အထူးသဖြင့် ULA/AA အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တဆင့် လူသားချင်းစာနာထောက်ထားမှုစင်္ကြန်တစ်ခု တည်ဆောက်ရန် နှင့် ရက္ခိုင်ပြည်နယ်ရှိ လူမှု အသိုက်အဝန်းအားလုံးသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးပို့ရာတွင် ဖြစ်မြောက်စေရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် လက်တွဲဆောင်ရွက်ရန် တောင်းဆိုထားသည်။

သတ်မှတ်ထားသည့် အကာအကွယ်ပေးသည့် နယ်မြေများတွင် ရိုဟင်ဂျာများနှင့် အခြားအရပ်သားများ အတွက် လုံခြုံစွာ ဖြတ်သန်းသွားလာခြင်းအားဖြင့် ခိုင်မာသေချာစေပြီး ဖြစ်မြောက်စေရန် ကူညီဆောင်ရွက်ပေးရေး ကိုလည်း AA ထံတောင်းဆိုချက်၌ ပါဝင်သည်။

ရက္ခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများနှင့် အခြားအရပ်သားများအပေါ် ပြုမူဆက်ဆံမှုများအား စုံစမ်းစစ်ဆေးရန် လွတ်လပ်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုအား တောင်းဆိုရန်၊ ၎င်းအဖွဲ့အား အထောက်အကူပေးရန် နှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ရန် လည်း တောင်းဆိုထားသည်။

အရပ်သားများအား အကာအကွယ်ပေးရေး၊ နိုင်ငံတကာ ဥပဒေအောက်ရှိ အခြားသော တာဝန် ၀တ္တရားနှင့် စပ်လျဉ်း၍ လိုက်နာစောင့်ကြပ် ကြည့်ရှုရန်နှင့် အစီရင်ခံရန် အလို့ငှာ ရက္ခိုင်ပြည်နယ်တွင် နေရာချထားပေးရေးအတွက် လွတ်လပ်သောနိုင်ငံတကာစောင့်ကြည့်လေ့လာသူများအားဖိတ်ကြားရန်လည်း တောင်းဆိုချက်၌ ပါရှိသည်။

AA အနေဖြင့် ရက္ခိုင်ပြည်နယ်အတွင်း နေထိုင်ကြသော လူမျိုးရေး ဘာသာရေး အသိုင်းအ၀ိုင်းအားလုံး၏လူ့အခွင့်အရေးအား မြှင့်တင်ပေါ်ရန်အတွက် ကတိကဝတ်ပြုထားပြီးဖြစ်၍ ယင်းကို သက်သေပြရမည်ဟု SAC-Mက ထုတ်ပြန်သည်။

ကုလသမဂ္ဂနှင့် ၎င်း၏ အေဂျင်စီများ၊ အခြားအဖွဲ့ဝင်နိုင်ငံများ အနေဖြင့်လည်း ၎င်းတို့၏ တာဝန်၀တ္တရာများကို လိုက်နာရန် SAC-Mကတောင်းဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာ ဥပဒေအား ထပ်မံ၍ ဆိုးရွားစွာ ချိုးဖောက်မှုများကို တားဆီးရန်အတွက် အားထုတ်မှုများအား မြန်ဆန်စွာ အလုပ်တွင်စေရေး နှင့် အဆိုပါ ချိုးဖောက်မှုများ ကို ကျူးလွန်သူများအား တာဝန်ယူ တာဝန်ခံ မှုရှိစေရေး ကြိုးစားဆောင်ရွက်သွားရန်လည်း SAC-M က တောင်းဆိုထားသည်။

ယခု ဩဂုတ် ၂၅ရက်သည် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်(စစ်ကောင်စီတပ်)ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှု စတင်ခဲ့သည့် ၇နှစ်ပြည်ဖြစ်ကြောင်း၊ ထိုစဉ်က စစ်ကောင်စီတပ်သည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ညှဉ်းပမ်းနှိပ်စက်မှု၊ မီးလောင်မှု၊ ရှို့မီးများမှတဆင့် ရိုဟင်ဂျာထောင်ပေါင်းများစွာ သေဆုံးခဲ့ရမှုစသည် တို့ကို ကျူးလွန်ခဲ့သည်ဟုဆိုသည်။ ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်ဘက်သို့ တိမ်းရှောင်ရန် အတင်းအကြပ် စေခိုင်းခံခဲ့ရကြောင်း SAC-Mက ဖော်ပြသည်။ ၇နှစ်လွန်လေပြီးသော်လည်း ကျူးလွန်ခံရသူများသည် တရားမျှတမှုနှင့် တာဝန်ခံ၊တာဝန်ယူမှုများအား စောင့်မျှော်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံအတွင်း တရားမျှတမှု အား ဆောင်ကြဉ်းရန်နှင့် ရာဇဝတ်မှု ကျူးလွန်သူများ အပြစ်ပေး အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရရှိနေမှု အား နောက်ဆုံးအနေဖြင့် အဆုံးသတ်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းက မဖြစ်မနေ ပိုမိုလုပ်ဆောင်ရမည်ဟုလည်း SAC-Mက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

စစ်ကောင်စီက ဩဂုတ်လ ၁၀ရက်တွင် ခန့်အပ်လိုက်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်အကြောင်း ဖြစ်သည်။ များမကြာမီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးချုပ်ဖြစ်လာမည်ဟုလည်း ထင်ကြေးပေးခံနေရသည့် စစ်သားမှ အရပ်ဘက်​ပြောင်း​သော မိုးကျရွှေကိုယ်ဖြစ်ပါသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့တွင် စစ်ကောင်စီတပ်က ပြည်သူနှစ်ဦးကို သတ်ဖြတ်ပြီး တစ်ဦး၏ ရုပ်အလောင်းအား လမ်းဘေးတွင် စွန့်ပစ်သွားကြောင်း သတင်းရရှိသည်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ရဲစခန်းနှစ်ခုမှ စစ်ကောင်စီတပ်နှင့်ရဲများ စခန်းစွန့် ဆုတ်ခွာသွားကြောင်း သတင်းရရှိသည်။

သတင်း

ပဲခူးရိုးမတောင်ခြေရှိ ကျေးရွာများသို့ ပေါ်တာဆွဲရန်လာသည့် စစ်ကောင်စီတပ်သားများကို လမ်းမှစောင့်ကြို၍ ကြားဖြတ်တိုက် ခိုက်ခဲ့ကြောင်း တပ်ရင်း (၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။