Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူတပ်မ(၁၀၁)စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၂ ဦးထက်မနည်းသေဟု မြိုင်ပကဖ ပြော

စစ်သုံ့ပန်း ၅ ဦးဖမ်းမိ၊ သေနတ် ၁၉ လက်အပါအဝင်ခဲယမ်းများရ

ကိုင်းတောမရွာသစ်ကျေးရွာမှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-မြိုင်ပကဖ

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပခုက္ကူမြို့အခြေစိုက် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှ စစ်ကြောင်းအား တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၂ဦးထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၅ ဦး ဖမ်းမိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောသည်။

သြဂုတ် ၂၁ ရက် နံနက် ၆နာရီခန့်က မြိုင်မြို့နယ်၊ ကိုင်းတောမရွာသစ်ကျေးရွာမှလာသော တမခ(၁၀၁)မှ စစ်ကောင်စီစစ်ကြောင်းအား ဒေသတွင်းတော်လှန်ရေးတပ်များပူးပေါင်း၍ ခြုံခိုက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၂ဦးထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၅ ဦး ဖမ်းမိကာ သေနတ် ၁၉ လက်အပါအဝင် ခဲယမ်းများရရှိခဲ့ကြောင်း မြိုင်ပကဖ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့က ကျန်တဲ့ရွာတွေကို လုပ်မယ်ဆိုပြီး ရွာထဲချန်တဲ့သူကချန် သုံးလေးဆယ်လောက်ထွက်လာတာ။ အဲဒီမှာ​ကျွန်တော်တို့ကခြုံခိုတာနဲ့ ထိတွေ့မှုဖြစ်ကြတာ။ သူတို့အခြေပြုထားတဲ့ဘုန်းကြီးကျောင်းရဲ့ ယာလေးငါးခြောက်ခင်း အကွာလောက်မှာဖြစ်တာ။”ဟု မြိုင် ပကဖမှ ရဲဘော်တစ်ဦးက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားအလောင်း ၁၂ လောင်း မျက်မြင်တွေ့ရှိခဲ့ရပြီး လက်နက်ချအညံ့ခံသူ ၅ဦးရှိသည်ဟု ဆိုသည်။

ထို့အပြင် MA1 – ၆ လတ် ၊ MA2 – ၃ လတ် ၊ MA3 – ၄လတ် ၊ MA4 – ၁ လတ် ၊ MA11 – ၁ လတ် ၊ G3 – ၂လတ်အပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ကြောင်း မြိုင်ပကဖ က အသိပေးသည်။

အဆိုပါ စစ်ကြောင်းသည် ပခုက္ကူမြို့အခြေစိုက် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှ စစ်ကြောင်းဖြစ်ပြီး ပြီးခဲ့သည့်ဇွန်လကလည်းက မြိုင်မြို့နယ်သို့ ရောက်ရှိလာကြောင်း၊ ယခု သြဂုတ်အတွင်း ကိုင်းတောမရွာသစ်ကျေးရွာသို့ရောက်ရှိ အခြေချကာ အနီးနားပတ်ဝန်းကျင်ကျေးရွာများအား ခိုးဆိုးလုယက်၊ မီးရှို့ဖျက်ဆီးနေသော စစ်ကြောင်းဖြစ်ကြောင်း မြိုင်ပကဖ တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင် ပကဖ ၊ ပခုက္ကူခရိုင်တပ်ရင်းအမှတ်(၂ ၊ ၆ ၊ ၇)တပ်ရင်းများ ၊ ပကဖတပ်ပေါင်းစု အမှတ်(၁) တပ်ရင်း၊ ပခုက္ကူစုဖွဲ့မှု( Earthquake ၊ PPDF ၊ Young Force) ၊ အညာမြေတပ်ပေါင်းစု ၊ ကမ္မတပ်ပေါင်းစု ၊ BLY တပ်ဖွဲ့ ၊ PKU- THURAIN ၊ စကြာပြည်သူ့ကာကွယ်‎ေရေးတပ်ဖွဲ့ ၊ ဝံပုလွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်) ၊ အလင်းတန်းပျောက်ကြားတပ်ဖွဲ့ ၊ PLC တပ်ပေါင်းစု ၊ ဓားမင်းကြီးတပ်ဖွဲ့ ၊ Justice Revolution Force နှင့်အခြားသော ဒေသတွင်းလက်နက်ကြီးငယ်အဖွဲ့များ ၊ ဒရုန်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၇ ရက်နှင့် ၈ ရက်ကလည်း ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ ကိုင်းတောမရဲစခန်းနှင့် ဝက်ပုတ်ပျူစောထီးစခန်းများအား ဒေသတွင်းPDFများက သိမ်းပိုက်ခဲ့သည်။

သေဆုံးအမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်စစ်ကြောင်းမှ တပ်သားများ၏ ရုပ်အလောင်းများအား https://t.me/PeopleSpring တွင် သွားရောက်ကြည့်ရှု့နိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ရဲစခန်းနှစ်ခုမှ စစ်ကောင်စီတပ်နှင့်ရဲများ စခန်းစွန့် ဆုတ်ခွာသွားကြောင်း သတင်းရရှိသည်။

သတင်း

ပဲခူးရိုးမတောင်ခြေရှိ ကျေးရွာများသို့ ပေါ်တာဆွဲရန်လာသည့် စစ်ကောင်စီတပ်သားများကို လမ်းမှစောင့်ကြို၍ ကြားဖြတ်တိုက် ခိုက်ခဲ့ကြောင်း တပ်ရင်း (၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

စစ်တပ်က ပြည်သူ ၂၅ဦးကို ဓားစာခံဖမ်းဆီးသွား

သတင်း

သားကြီး/People’s Spring စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုကြားမှ စစ်ကောင်စီကာကင်းစခန်းသုံးခုကို KIA၊PDFပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသတင်းရရှိသည်။ ထီးချိုင့်မြို့အနီး မြတောင်ရွာမှ စစ်ကောင်စီတပ်၏ရှေ့တန်းကာကင်းစခန်းသုံးခုကို ယနေ့(ဩဂုတ်လ ၂၁ရက်) နံနက်ပိုင်းတွင် သိမ်းယူနိုင်ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။ Public Service Announcement ထီးချိုင့်မြို့မှ စစ်ကောင်စီစခန်းအချို့ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက...