လားရှိုးမြို့ ယနေ့ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း အနည်းဆုံး အရပ်သား ၁၂ဦးဒဏ်ရာရရှိခဲ့သည်ဟု ကိုးကန့်တပ်(MNDAA)က အသိပေးထုတ်ပြန်သည်။
စက်တင်ဘာ ၉ရက် နံနက် ၁၀ နာရီ ၂၃ မိနစ် နှင့် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်ဖွဲ့သည် လားရှိုးမြို့ လူနေရပ်ကွက်များသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ပြီး လားရှိုးမြို့ ရပ်ကွက်(၁)တွင် ဗုံး ၂လုံး ကျရောက်ခဲ့သည်ဟု MNDAAက ထုတ်ပြန်သည်။
လားရှိုးမြို့ ဒေသခံတစ်ဦးက”ဟုတ်ပါတယ်။ နှစ်ခါလာကြဲသွားတယ်လို့ ပြောတယ်”ဟု ပြောသည်။
လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအပြီးတွင် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီနှင့် ရဲဌာနတို့မှ ဝန်ထမ်းများအား အခင်းဖြစ်ပွားရာသို့ အမြန်သွားရောက် ကယ်ဆယ်ရန် စီစဉ်ခဲ့သည်။ ပဏာမသတင်းအရ ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး အရပ်သား၁၂ ဦး ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ထားပြီး အတိအကျ ဆုံးရှုံးမှုနှင့် အသေအပျောက်များကို ထပ်မံသိရှိရန် လိုအပ်ကြောင်း MNDAAက ထုတ်ပြန်သည်။
လားရှိုးမြို့ ရပ်ကွက်(၁၂)ကို ယနေ့(စက်တင်ဘာ ၈ရက်) နံနက်၄နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ကြဲချတိုက်ခိုက်ပြီးနောက် စက်တင်ဘာ ၉ရက်တွင် ထပ်မံဗုံးကြဲခဲ့ခြင်းဖြစ်သည်။
တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မြို့ရွာများကို လိုအပ်သလိုတုံ့ပြန်မည်ဟု အာဏာသိမ်းခေါင်းဆောင်က ကြုံးဝါးပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နမ့်ခမ်း၊ နောင်ချိုမြို့တို့ကိုလည်း စက်တင်ဘာ ၆ရက်က ဆက်တိုက်ဗုံးကြဲခဲ့ရာ အရပ်သား ၁၃ဦး သေဆုံးခဲ့သည်။
စက်တင်ဘာ ၈ရက်က လေကြောင်းတိုက်ခိုက်မှုတွင် လားရှိုးမြို့ မိုးလုံလေလုံအားကစားကွင်းနှင့် ရေပူစမ်းအနီးရှိ Silver Skyဟိုတယ်အနီးဗုံးများ ပေါက်ကွဲခဲ့ပြီး ဒေသခံများပိုင်ကားနှင့် ဆိုင်ကယ်အများအပြား ပျက်စီးခဲ့သည်။ယနေ့တိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးမှုကို မသိရသေးပေ။
စစ်ကောင်စီတပ်က လားရှိုးမြို့အပါအဝင် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာများကို လေကြောင်းတိုက်ခိုက်မှုများ ကျူးလွန်နေခြင်းသည် ရိုင်းစိုင်းသောလူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီသည် MNDAAသိမ်းပိုက်ထားသည့် လားရှိုးမြို့ကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဩဂုတ် ၃၀ရက်တွင် တစ်ကြိမ်၊ စက်တင်ဘာ ၈ရက်တွင် တစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ညီနောင်မဟာမိတ် (၃)ဖွဲ့၏ ၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဆင်နွှဲမှု ၂လကျော်အတွင်း စစ်ကောင်စီတပ်က စစ်ဘက်နှင့် မသက်ဆိုင်သည့်အပြစ်မဲ့အရပ်သား ပြည်သူများ နေထိုင်ရာလေကြောင်းတိုက်ခိုက်ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၂၀၁ဦးသေဆုံးကာ ၂၂၈ ဦး ဒဏ်ရာရခဲ့ကြောင်း တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)က ထုတ်ပြန်ထားသည်။