ဟန်နွေ/People’s Spring
ရက္ခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်များအပါအဝင် အရပ်သားများ၊ စစ်ကောင်စီ အရာရှိများအပါအဝင် စစ်သုံ့ပမ်းများ သေဆုံးခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် နှင့် အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခတို့က ပြောကြားသည်။
ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်း၊ ရှင်ရွာအတွင်းရှိ အာရက္ခတပ်တော်၏ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများ ဆေးကုသရေးစင်တာအား စစ်ကောင်စီက ယမန်နေ့ စက်တင်ဘာ၈ရက် ညနေတွင် လေကြောင်းမှ နှစ်ကြိမ် ဗုံး ၈လုံးထက်မနည်း ကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက်မှ အရာရှိကြီး စစ်သုံ့ပန်းများ၊ ကျန်းမာရေးဆိုင်ရာဝန်ထမ်းများ၊ အရပ်သားများနှင့် ကလေးငယ်များ ပါဝင်သည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ၏ ပြောကြားချက်ကို Arakan Bay Newsက ဖော်ပြခဲ့သည်။
” ကလေးတစ်ချို့ အပါအဝင် စုစုပေါင်း ၂၀ နီးပါးသေဆုံးပြီး ဒဏ်ရာရသူ ၁၅ ဦးခန့်အထိရှိခဲ့ပါတယ်”ဟု ဦးခိုင်သုခက ပြောကြားပြီး စစ်ကောင်စီ၏လုပ်ရပ်သည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်၍ ထိရောက်စွာ တုံ့ပြန်မည်ဟု အသိပေးခဲ့သည်။
အဆိုပါ သတင်းနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းအား မေးမြန်းရာ စစ်ကောင်စီက ပေါက်တောမြို့အပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့နယ်များကို လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး ယမန်နေ့ ပေါက်တောမြို့နယ်တိုက်ခိုက်မှုတွင် သေဆုံးခိုက်များခဲ့သည်ဟု ပြောသည်။
” အရပ်သားတွေပေါ့။ ပြီးတော့ စစ်ကောင်စီဘက်က စစ်သုံ့ပမ်းတွေ ပေါ့။ သူတို့လည်း ပါသွားတယ်လို့ ကြားတယ်။ဟိုမှာပစ်၊ ဒီမှာပစ် မြို့နယ်တွေကို အလှည့်ကျလိုဖြစ်နေတာ သူတို့က ပစ်တာ။ မနေ့ကဆို အမ်းမြို့နယ်မှာ လည်းပစ်တယ်။ ဒီနေ့ သံတွဲဘက်မှာလည်း ပစ်တယ်လို့ ကြားတယ်။ မထင်ရင် မထင်သလို ရန်သူ့ပစ်မှတ် အဲဒီလိုလည်း မပစ်ဘူး။ ကျောင်းတွေ စျေးတွေအဲဒီလို။ ဘာမှမဆိုင်တဲ့ စာသင်ကျောင်းတွေပစ်တယ်။ စျေးတွေကို ပစ်တယ်။ အဲဒါမျိုးလည်း အများကြီး ကြုံခဲ့ဖူးပြီ”ဟု ဦးဖေသန်းက ပြောသည်။
စစ်ကောင်စီအနေဖြင့် AA တပ်စခန်းများ ပစ်ခတ်တိုက်ခိုက်ခြင်းထက် အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်မှု လုပ်ဆောင်နေသည်ကိုသာ တွေ့ရကြောင်း ၎င်းက ဆိုသည်။
ပေါက်တောမြို့နယ် လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ်အပါအဝင် ရက္ခိုင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေ၊ လေကြောင်း တိုက်ခိုက်ခံရမှု အခြေအနေများကို မေးမြန်းရန် AA ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။
စစ်ကောင်စီသည် ယခု စက်တင်ဘာလဆန်းမှစ၍ ၎င်းတို့ စစ်ရှုံးထားသည့် ဒေသအသီးသီးရှိ မြို့ရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာ လားရှိုး၊ နမ့်ခမ်း၊ မန်တုံစသည့် ရှမ်းမြောက်ဒေသ လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သား ပြည်သူများစွာ သေဆုံးထိခိုက်ခဲ့ရသည်။
ထို့ပြင် ကရင်နီပြည်ရှိ စစ်ရှောင်စခန်း၊ အရပ်သားနေထိုင်ရာနေရာ၊ မကွေးတိုင်း မြိုင်မြို့နယ်၊ ချင်းပြည်နယ် မင်းတပ်မြို့၊ မန္တလေးတိုင်းအတွင်းရှိမြို့အချို့၊ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်များ၌လည်း စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူသေဆုံးမှု ၄၀ ဦးထက်မနည်းရှိခဲ့သည်။