close
Connect with us

Hi, what are you looking for?

ဆောင်းပါး

“ဥပုသ်သီလမယူနိုင်​တော့ပါ”

အမိုးအကာတွေပွင့်ထွက်ပြီး မျက်နှာကြက်တွေပေါက်ပြဲ၊ အုတ်နံရံတွေ ပြိုအက်ပြီး ပြိုကျလုမတက်ဖြစ်နေတဲ့ ရွာက ဓမ္မာရုံကြီးနဲ့ ဘုန်းကြီးကျောင်းကြီးကိုကြည့်ရင်း အသက်သုံးဆယ်ကျော်အရွယ် မဖြူ(အမည်လွှဲ)တစ်ယောက် စိတ်မချမ်းမသာဖြစ်ခဲ့ပါတယ်။ ကျောင်းဘေးကစေတီလည်း ကျည်ဆန်ရာတွေဗရပွ၊ တန်ဆောင်းကြီးလည်း ပြိုလဲလို့ပါ။

နေခန့်/People’s Spring

အမိုးအကာတွေပွင့်ထွက်ပြီး မျက်နှာကြက်တွေပေါက်ပြဲ၊ အုတ်နံရံတွေ ပြိုအက်ပြီး ပြိုကျလုမတက်ဖြစ်နေတဲ့ ရွာက ဓမ္မာရုံကြီးနဲ့ ဘုန်းကြီးကျောင်းကြီးကိုကြည့်ရင်း အသက်သုံးဆယ်ကျော်အရွယ် မဖြူ(အမည်လွှဲ)တစ်ယောက် စိတ်မချမ်းမသာဖြစ်ခဲ့ပါတယ်။ ကျောင်းဘေးကစေတီလည်း ကျည်ဆန်ရာတွေဗရပွ၊ တန်ဆောင်းကြီးလည်း ပြိုလဲလို့ပါ။

အဲဒီကျောင်းကြီးဟာ နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီရွာကပါ။ ​ဒေါ်ဖြူတို့ ငယ်စဥ်ကတည်းက အခုလိုဝါတွင်းကာလမှာ ဥပုသ်သီလစောင့်ခဲ့ကြတဲ့ကျောင်းကြီးပါ။ ရွာမှာ သာရေးကိစ္စ၊ အလှူအတန်းကိစ္စတွေမှာ ရွာသူရွာသားတွေတပျော်တပါး စုဝေးခဲ့ကြတဲ့ ကျောင်းတော်ကြီးပါ။ သံဃာတော်တွေ၊ ကိုရင်တွေနဲ့ ဝေဝေစည်စည် ကြည်နူး​အေးမြစေခဲ့တဲ့ သာသနာ့အရိပ်​အာဝါသတစ်ခုပါ။ အခုတော့ စစ်ကောင်စီရဲ့လေကြောင်းကနေ အကြိမ်ကြိမ်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောင်းကြီးနဲ့ဓမ္မာရုံဟာ လုံးဝစုတ်ပြတ်သွားခဲ့ပါပြီ။

“ပထမအကြိမ်အပစ်ခံရတာဓမ္မာရုံပဲ။ ဒုတိယအကြိမ် အပစ်ခံရတာက ဘုရားဆင်းတုတော်တွေ အများကြီးရှိတဲ့ကျောင်းကိုပစ်တာ တော်တော်ပျက်စီးသွားတယ်။ စိတ်မကောင်းဖြစ်တယ်။ကိုယ့်ဒေသက ရှေးဟောင်းအမွေအနှစ်တွေ ဆင်းတုတော်တွေ။”လို့ မဖြူကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ နွားထိုးကြီးမြို့နယ်အတွင်းမှာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး စတင်ပြီးတဲ့နောက် သြဂုတ်လဒုတိယပတ်ကနေစတင်ပြီးလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာပါ။ စစ်ကောင်စီက နွားထိုးကြီးမြို့နယ်အတွင်း သြဂုတ်လဒုတိယအပတ်ကနေ စက်တင်ဘာလ ၈ ရက်အထိ လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ရာမှာ လက်ဝဲမြင်းနီရွာကဘုန်းကြီးကျောင်းအပါအဝင် ဘုန်းကြီးကျောင်းချည့် ၆ ကျောင်းထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နွားထိုးကြီး ဒေသခံများက ပြောပါတယ်။

အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်မယ်လို့ ​​ကြွေး​ကြော်​လေ့ရှိတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဗုဒ္ဓဘာသာဝင်​တွေ တန်ဖိုးထားလှတဲ့ ဘုန်းကြီးကျောင်းတွေကိုချည့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ။

ပြည်သူ​တွေအတွက် ပိုခံစားရတဲ့အချက်က ဗုဒ္ဓဘာသာဝင်​တွေ အထွဋ်အမြတ်ထားတဲ့ ဝါတွင်းကာလမှာ ​တောင် ​ပြည်သူ​တွေဟာ ဘုန်းကြီး​ကျောင်း​တွေ ၊ဓမ္မရုံ​တွေ၊ ဘုရား​တွေကို သွားမရ​တော့တာပါ။

သြဂုတ် ၁၈ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က နွားထိုးကြီးမြို့နယ်၊ မင်းရွာကျေးရွာ စာသင်ကျောင်းနဲ့ မြစည်းခုံဘုရားကို စစ်တပ်က စတင်ဗုံးကြဲခဲ့ပါတယ်။ တပြိုင်တည်းမှာပဲ ရှေးဟောင်းစေတီပုထိုးတွေရှိတဲ့ ပျားကျေးရွာကိုလည်းစက်လက်နက်ကြီးနဲ့ ၂ ကြိမ်ပစ်ခတ်သွားခဲ့ရာ စေတီတော်တချို့ ပျက်စီးခဲ့ပါတယ်။

သြဂုတ် ၂၀ ရက် နေ့လယ်ပိုင်းမှာတော့ လက်ဝဲမြင်းနီရွာအနီးက ကွမ်းအုံရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းက​နေဗုံးကြဲခဲ့တာမှာ ကျောင်းပျက်စီးရုံမက ပြည်သူသုံးဦးပါ သေဆုံးပြီးဘုန်းကြီးတစ်ပါး အပါအဝင် သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းကနေ ဗုံးသီးနှစ်ကြိမ်ကြဲချပြီး စက်လက်နက်ဖြင့်ပါ ပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်မှုကြောင့် အသက် (၇၀)ဝန်းကျင်အရွယ် ဦးအောင်ငွေနဲ့ ဦးညိုတို့အပါအဝင် သုံးဦးကျည်ထိမှန်သေဆုံးခဲ့သလို သက်တော် (၇၀)ခန့် သံဃာ​တော်တစ်ပါးနဲ့ ပြည်သူ သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၂၁ ရက် နေ့လယ်ပိုင်းမှာလည်း ကွမ်းအုံရွာအနီးက လက်ဝဲမြင်းနီရွာဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲခဲ့ရာမှာ စာသင်ကျောင်းပျက်စီးပြီး အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပြန်ပါတယ်။

“ဘုရားစေတီ ပျက်စီးသွားတယ်။ ဘုန်းကြီးနေတဲ့အဆောင်ရယ်၊ သိမ်ရယ်၊ ဓမ္မာရုံရယ်၊ ဓမ္မာရုံကတော့ အမိုးတွေမျက်နှာကျက်တွေ ပေါက်ပြဲကုန်တယ်။ ရိပ်သာအုတ်တံတိုင်းတွေ ပျက်စီးသွားတယ်။ ရိပ်သာရဲ့အရှေ့ဘက်ကအိမ် မှန်ပြတင်းတွေကွဲတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ဝဲမြင်းနီရွာက ဘုန်းကြီးကျောင်းကိုပဲစစ်ကောင်စီက တစ်ပတ်အကြာ သြဂုတ် ၂၇ ရက် နေ့လယ် ၁ နာရီ မိနစ် ၂၀ ခန့်မှာ ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့ပြန်ပါတယ်။ ဒုတိယအကြိမ် တိုက်ခိုက်မှုမှာတော့ ဘုန်းကြီးကျောင်းအဆောင်ဟောင်းနဲ့ အဆောင်သစ်ပါ ပျက်စီးသွားခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းမှာစစ်လာရှောင်တဲ့ ၅ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေးတွေပါ ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကလေးနှစ်ယောက်ထဲက တစ်ယောက်က ခြေထောက်တစ်ဖက်က လုံး​ဝပြတ်သွားတယ်။ နောက်တစ်ဖက်က အရိုးထိသွားတယ်။ ဖြတ်ရမလား စတီးရိုးထည့်ရမလား မသိဘူး။ နောက်တစ်ယောက်က ခြေလက်အင်္ဂါတော့မဆုံးရှုံးဘူး။ တော်တော်လေးတော့ထိတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သြဂုတ်လထဲမှာပဲ ခံစက်ကုန်းအရှေ့ရွာဘုန်းကြီး​ကျောင်းလည်း တစ်ကြိမ်ပစ်ခတ်ခံခဲ့ရပါတယ်။

လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ခံခဲ့ရတဲ့ နွားထိုးကြီးမြို့နဲ့ ၁၀မိုင်ခန့်အကွာက ဆူးရစ်ကုန်းကျေးရွာမှာလည်း ၂ကြိမ်က ဘုန်းကြီးကျောင်းကို အဓိကထား တိုက်ခိုက်ခံခဲ့ရပါတယ်။

ဆူးရစ်ကုန်းရွာကို သြဂုတ် ၁၃နဲ့ ၁၄ ရက်က နှစ်ရက်ဆက်တိုက် လေကြောင်းပစ်ခံရလို့ ဘုန်းကြီးကျောင်း ပျက်စီးပြီး ကျောင်းကဆရာတော်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။

ဆူးရစ်ကုန်းရွာဟာ သြဂုတ်၂၉ နဲ့ စက်တင်ဘာ ၅ ရက်နေ့တွေမှာလည်း လေကြောင်းတိုက်ခိုက်မှုထပ်မံခံခဲ့ရပြီး လူနေအိမ်တချို့ ပျက်စီးကာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

ဆူးရစ်ကုန်းနဲ့ကပ်ရပ်က ဖလံကုန်းရွာက ဘုန်းကြီးကျောင်းလေကြောင်းတိုက်ခိုက်မှုမှာ သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၃၁ရက် နံနက် ၁ နာရီခွဲလောက်ကလည်း နွားထိုးကြီးမြို့နယ်၊ ကျွန်းဒေါင့်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာမှာ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဘုန်းကြီးကျောင်းတွေကို ဦးတည်ပြီး လေကြောင်းဗုံးကြဲ ပစ်ခတ်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် နွားထိုးကြီးဒေသခံတွေ တအံ့တသြဖြစ်ကြရပါတယ်။

“သူတို့စိတ်ထဲတော့ ဘယ်လိုယူဆတယ်မသိဘူး။ ဘယ်ဘုန်းကြီးကျောင်းမှာတော့ PDFတွေဆေးကုနေတယ်။ စုဝေးနေတယ် သတင်းပို့ထားတာတွေ့တယ်။ အဲဒါကြောင့် လေကြောင်းတိုက်ခိုက်နေတာလို့ထင်တယ်။”လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“အမှန်တကယ်က ကျွန်တော်တို့က ဘုန်းကြီးကျောင်းတွေမှာ စုဖွဲ့မှုမရှိဘူး။ စုဝေးတာမျိုးလည်းမလုပ်ဘူး။ ​ဆေးကုတာမျိုးလည်း မလုပ်ဘူး။ အဓိကတော့ နယ်ခံဒလန်ပေါ့။ နယ်ခံဒလန်က သတင်းပို့တယ်လို့ယူဆတယ်။”လို့ နွားထိုးကြီးပကဖ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်တွေအများစု ခိုကိုးကာနေထိုင်နေရချိန် စစ်တပ်က ဗုံးကြဲ ၊စက်လက်နဲ့ ပစ်နေတော့ ကျောင်းတွေမှာ စစ်ရှောင်တွေမနေရဲကြတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ကျွန်မတို့ရွာမှာ ဘုန်းကြီးကျောင်း ၆ ကျောင်းရှိတယ်။ ၂ ကျောင်းမှာ စစ်ရှောင်တွေ နေနေတာရှိတယ်။ အခုသူတို့ပါ ရွှေ့ကုန်ကြပြီ။”လို့ နွားထိုးကြိီးမြို့နယ်၊ ကျေးရွာတစ်ရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုတွေကြောင့် နွားထိုးကြီးမြို့နယ်ထဲက ကျေးရွာအများအပြားက ပြည်သူတွေလည်း ကိုယ့်အိမ်မှာကို မနေဝံ့ကြတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်။

“အသက်တစ်ရာကျော်အထိ လူကြီးတွေရှိတယ်။ သက်ကြီးရွယ်အိုတွေ တောထဲတောင်ထဲပြေးရရှောင်ရ အဆင်မပြေဘူး။ မိုးတွင်းကာလမို့ ပိုပြီးအဆင်မပြေတာ။”လို့ မဖြူက ပြောပါတယ်။

“သူတို့ဘက်မှာတော့ ပြောနေကျစကားရှိတယ်။ ဘာသာရေးကို ဘယ်လိုအလေးထားပါတယ်။ ဘယ်လောက်အထိ တန်ဖိုးထားပါတယ်။ ပြောတာနဲ့ လုပ်တာနဲ့ တခြားစီပဲ။”လို့ လေကြောင်းတိုက်ခိုက်ခံရတဲ့ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်က ဩဂုတ်လ ၁၁ ရက်နေ့ကနေ လကုန်ပိုင်းအထိ လေကြောင်းတိုက်ခိုက်မှု (၆)ကြိမ်ပြုလုပ်ခဲ့ရာ (၃)ကြိမ်မှာ ဘုန်းတော်ကြီးကျောင်း​တွေဖြစ်တယ်လို့ ဒေသခံများက ပြောပါတယ်။

ဩဂုတ် ၁၁ရက်က ပြဿဒ်ကြီးရွာ၊ ကမ်းပါးယံ ဘုန်းကြီးကျောင်းကို ဗုံးကြဲတာမှာ ကျောင်းဆောင် ၃ ဆောင်ပျက်စီးခဲ့ပါတယ်။ ဩဂုတ် ၂၃ ရက်က ပန်းပေါင်းအုပ်စု ၊မကျီးကုန်းရွာ ဘုန်းကြီးကျောင်းလေကြောင်းတိုက်ခိုက်မှုကတော့ ခေါင်မိုးတွေ ပေါက်ထွက်သွားခဲ့ပါတယ်။ဩဂုတ် ၂၆ရက်နေ့ကတော့ ကျွဲတလင်းရွာ ဘုန်းတော်ကြီးကျောင်း လေကြောင်းပစ်တာမှာ ကျောင်းဆောင် ၃ဆောင်ပျက်စီးခဲ့တယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဩဂုတ်၂၇ရက်နေ့ကလည်း ဒါန်းတိုင်ရွာအနောက်ဘက် ဂွေးပင်တောရိုးက တောဘုရားမှာ သီလယူနေကြတဲ့ ပြည်သူတွေကိုလည်း စစ်တပ်က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့ပါတယ်။ ထိခိုက်မှုတော့မရှိဘူးလို့ သိရတယ်။

အထက်ပါ ကျေးရွာကဘုန်းကြီးကျောင်းတွေအပြင် မြက်ရှုရွာ၊မန်ကျီးကုန်းရွာ၊မင်းရွာ၊ ကျောက်တန်းကျေးရွာ၊ ထနောင်းပင်လဲ့ရွာ၊ ကုက္ကိုဇီးရွာတွေကိုလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ လူနေအိမ်အချို့ပျက်စီးပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သြဂုတ်လလယ်ကနေ စက်တင်ဘာ ၉ ရက်အထိ စစ်ကောင်စီတပ်က နွားထိုးကြီးမြို့နယ်ထဲမှာ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါတယ် ။ ပြည်သူ ၄ ဦးထက်မနည်း သေဆုံးပြီး ၃၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နွားထိုးကြီးအခြေစိုက် တော်လှန်ရေးနဲ့ စစ်ရှောင်ကူညီနေသူများထံကနေ သိရပါတယ်။

အင်တာနက်နဲ့ဖုန်းလိုင်းအခက်အခဲကြောင့် အချက်အလက်အတိအကျရဖို့ခက်ခဲတာကြောင့် ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးမှုအခြေအနေတွေဟာ ယခုစာရင်းထက်ပိုများနိုင်ပါသေးတယ်။

အာဏာသိမ်းစစ်တပ်ဟာ စက်တင်ဘာ ၆ ရက်​ နေ့လယ် ၁၂ နာရီ၄၈ မိနစ် ဝန်းကျင်ကလည်း မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာက စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ စာသင်ကျောင်းအနီးက နေအိမ်ပါ ထိခိုက်ခဲ့ပါတယ်။ အဲဒီနေအိမ်က မိခင်ဖြစ်သူဒေါ်ချိုနဲ့ ဒေါ်ချိုရဲ့သားနှစ်ဦးဖြစ်တဲ့ အသက် ၃၇ နှစ်အရွယ် ကိုသန့်ဇင်ထွန်း၊ အသက် ၃၅ နှစ်အရွယ် ကိုသစ်မျိုးထွန်းနဲ့ မြေးဖြစ်သူတစ်ဦးအပါအဝင် တစ်မိသားစုတည်း ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လမ်းပေါ်ဖြတ်သွားတဲ့ အသက် ၁၈ နှစ်အရွယ်တစ်ဦးနဲ့ နောက်ထပ်အမျိုးသမီးတစ်ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖအဖွဲ့က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ စက်တင်ဘာ ၅ ရက်ညကလည်း ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့ရှိ ဘန်ကောက်စစ်ရှောင်စခန်း၊ နမ့်ခမ်းမြို့၊ နောင်ချိုမြို့၊ချင်းပြည်နယ် မင်းတပ်မြို့အစရှိတဲ့ မြို့နယ်လေးခုကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်များအပါအဝင် ၂၀ဦးထက်မနည်းသေဆုံးခဲ့ရပြီး ဒဏ်ရာရသူများလည်း များပြားခဲ့ပါတယ်။

ဘန်​ကောက်စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဆက်တိုက်ဆိုသလို ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နန့်ခမ်းမြို့နဲ့ နောင်ချိုမြို့နယ်တို့ကို ည ၁နာရီကျော်မှာ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

အဲဒီနောက် မနက် ၂နာရီ ၄၀မိနစ်မှာလည်း ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၄)အတွင်းရှိ ကျေးရွာတစ်ရွာကို ထပ်မံလေကြာင်း တိုက်ခိုက်ခဲ့ပါတယ်။

ဖယ်ခုံမြို့က ဘန်​ကောက်စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ က​လေးငယ်​နဲ့ အမျိုးသမီး ၉ ဦး​သေဆုံးပြီး ၂၀ ​ကျော်ဒဏ်ရာရခဲ့ပါတယ် ။

ဒါ့အပြင် အဲဒီည ၁နာရီ ၃၅မိနစ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ ညစျေးအနီးကို စစ်ကောင်စီက ပေါင်(၅၀၀)ဗုံး နှစ်လုံး ကြဲတိုက်ခိုက်ရာ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်များအပါအဝင် မြို့ခံ ၁၁ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်ပါတယ်။

အဲဒီနောက် နောင်ချိုမြို့နယ်ရှိ ရွှေမုဌောကျေးရွာကို မနေ့ညက စစ်ကောင်စီလေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦး သေဆုံးပြီး နေအိမ်အများအပြား ပျက်စီးခဲ့ပါတယ်။

ဆက်လက်ပြီး ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၄) ဘက်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက စက်တင်ဘာ ၅ ရက်ညမှာပဲလေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

စစ်ကောင်စီဟာ ၂၀၂၄ ဇန်နဝါရီကနေ ဧပြီအထိ လေးလအတွင်း လေကြောင်းမှု တိုက်ခိုက်မှုဖြစ်စဥ် ၈၁၉ ခု ပြုလုပ်ခဲ့ပြီး ပျှမ်းမျှတစ်ရက်ကို ‌‌ခြောက်ခုရှိတယ်လို့ ဥာဏ်လင်းသစ်သုသေတနအဖွဲ့ရဲ့ “စစ်ကောင်စီ၏လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ လေ့လာမှုအစီရင်ခံစာ (၄)”အစီရင်ခံစာက ဆိုပါတယ်။ ဒါ့အပြင် ၄ လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၃၅၉ ဦးရှိပြီး ၇၅၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဖေဖော်ဝါရီကနေ ဒီဇင်ဘာအထိ တစ်နှစ်ခန့်အတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် ၈၅ခုရှိခဲ့ပြီး ပျှမ်းမျှလေးရက်မှာ ‌‌အနည်းဆုံး တစ်ခုရှိတယ်လို့ ဥာဏ်လင်းသစ်သုသေတနအဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် တစ်နှစ်ခန့်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၆၃ ဦးရှိပြီး ၄၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီ အစီရင်ခံစာဖော်ပြချက်အရ စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်မှုမှာ ယခု ၂၀၂၄အတွင်း သိသိသာသာပိုမိုပြုလုပ်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို စုံစမ်းဖော်ထုတ်နေတဲ့ Justice for Myanmar –JFM အဖွဲ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနောက်ကွယ်မှ အထောက်အပံ့မှန်သမျှကို ပိတ်ဆို့အရေးယူဖို့ နိုင်ငံတကာအစိုးရအဖွဲ့ တာဝန်ရှိသူများအား ပြီးခဲ့တဲ့ ဩဂုတ် ၂၉ရက်က တောင်းဆိုထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း အသုံးပြုနေတဲ့ ပြင်သစ်နိုင်ငံထုတ် ATR လေယာဉ် ၁၀ စီးကို စစ်ကောင်စီကအသုံးပြုနေပြီး အဲဒီလိုအသုံးပြုနိုင်ဖို့ ကူညီပေးနေတဲ့ ကမ္ဘာတဝန်းက ကုမ္ပဏီ ကွန်ရက်ကို အရေးယူပေးဖို့ပါ တောင်းဆိုခဲ့တာပါ။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုကာကွယ်ဖို့အတွက် ဗုံးခိုကျင်းတွေတူးပေးဖို့ နွားထိုးကြီးပကဖက တိုက်တွန်းနေပါတယ်။

စက်တင်ဘာ ၉ရက်မှာကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)အကြီးအကဲ မစ္စတာနီကိုလက်ကုမ်ဂျီအန်က အစီရင်ခံစာတင်သွင်းစဥ်မှာ “သမိုင်းတလျှောက် စစ်ရာဇဝတ်မှုတွေကို ကြိမ်ဖန်များစွာ ကျူးလွန်ခဲ့သလို အဲ့ဒီကျူးလွန်မှုတွေအပေါ်မှာလည်းဘယ်လိုအရေးယူမှုမှမခံရဘဲ ကင်းလွတ်နေခဲ့တာ ဆယ်စုနှစ်များစွာရှိနေပါပြီ။ စစ်ရာဇဝတ်မှုတွေကျူးလွန်တဲ့အခါ အဲ့ဒီရာဇဝတ်မှုတွေအတွက် အရေးခံရတာမျိုးမရှိဘဲ ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရနေတာဟာ အင်မတန်မှကြောက်စရာကောင်းပါတယ်။ အဲ့ဒီလို ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ လက်နက်ကိုင်တပ်ဟာ စစ်ရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှုတွေကို ထပ်ခါထပ်ခါ ကျူးလွန်နေဦးမှာဖြစ်သလို အဲ့ဒီလိုစစ်တပ်ရှိတဲ့ တိုင်းပြည်ဟာလည်း အကြမ်းဖက်အဆိုးကျော့သံသရာနွံထဲနစ်နေမှာပါပဲ”လို့​ပြောခဲ့ပါတယ် ။

ဒါ​ကြောင့် စစ်တပ်အ​ပေါ် ပြစ်ဒဏ်ကင်းလွတ်နေတဲ့ အဆိုးသံသရာကို အဆုံးသတ်နိုင်ဖို့အတွက် ကုလသမဂ္ဂက အထူးသဖြင့် ​ဒေသတွင်းနိုင်ငံ​တွေက အကူအညီပေးဖို့ လိုအပ်နေတယ်လို့IIMMအကြီးအကဲကတိုက်တွန်းခဲ့ပါတယ်။

အခုအချိန်ဟာ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့၊ ဥပုသ်သီလစောင့်ကြတဲ့ ဝါတွင်းအခါသမယပါ။ စစ်ကောင်စီရဲ့လေကြောင်းကနေ ဘုန်းကြီးကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေလို့ စစ်ရှောင်တွေမနေနရဲတော့တဲ့အပြင် သီလတောင်သွားမယူရဲကြတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“မီးရှို့ခံရတဲ့အိမ်ခြေတွေကများ၊ ကျောင်းလည်းမသွားရဲ၊ တောထဲမှာပဲနေကြရတော့ အဲဓလေ့က(ဥပုသ်သီလယူတဲ့ဓလေ့) ကျွန်မတို့ရွာမှာတော့ လုံးဝမရှိတော့ဘူး”လို့ မဖြူက စိတ်မကောင်းဖြစ်စွာ ပြောလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ရက္ခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာ ကျေးရွာရှိ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများဆေးကုသပေးနေသောနေရာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စစ်သုံ့ပန်းစစ်ကောင်စီအရာရှိအချို့အပါအဝင် ၁၇ဦး သေဆုံးပြီး ၁၀ဦး ဒဏ်ရာရကြောင်း အာရက္ခတပ်တော်(AA)က အသိပေးထုတ်ပြန်သည်။

သတင်း

လေကြောင်းရန် လက်တွေ့ကာကွယ်ပေးနိုင်ရန် ညှိနှိုင်းစရာများ အမြန်ဆုံးအကောင်အထည်ဖော်နေဟု TNLA အသိပေး

သတင်း

ရက္ခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်များအပါအဝင် အရပ်သားများ၊ စစ်ကောင်စီ အရာရှိများအပါအဝင် စစ်သုံ့ပမ်းများ သေဆုံးခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် နှင့် အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခတို့က ပြောကြားသည်။

သတင်း

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာတွင် ပျူစောထီးခေါင်းဆောင်တစ်ဦး အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးရှိကျေးရွာများအား စစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်၊၊