ဒီပ၊လူအေး/People’s Spring
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ကအင်အား ၈၀၀ ခန့် ၊လေကြောင်းမှ ဗုံးသီး အလုံးရေ ၅၀၀၀ ကျော်အသုံးပြုခုခံသော်လည်း PDF များကအော အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးလက်နက်မျိုးစုံ ၄၀၀ ကျော်နှင့် ခဲယမ်းမီးကျောက်အမြောက်အမြားရရှိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက အောက်တိုဘာ ၁၀ ရက်ညသန်းခေါင်တွင်ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့အား ငါးကြိမ်မြောက် မြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ (၁၅) ရက်နေ့မှ စတင်၍ PDFတပ်ပေါင်းစုက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရက်ပေါင်း ၅၃ ရက်အကြာ အောက်တိုဘာလ (၈) ရက်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ပင်လည်ဘူးမြို့တွင် ယခင်အခြေချနေသော စစ်သားများအပြင်Mi-17 ဖြင့် ၂၁ကြိမ်တိုင် ထပ်မံစစ်ကူပို့ခဲ့သဖြင့် အင်အားစုစုပေါင်း ၇၇၂ ဦးရှိခဲ့သည်။ စစ်ကောင်စီတပ်၏ ပူးပေါင်းတပ်များတွင်ခလရ (၅၀၊ ၈၇၊ ၃၀၁၊ ၃၀၅)၊ ခမရ (၁၆၊ ၁၀၁၊ ၁၁၁၊ ၃၆၃၊ ၃၆၈၊ ၇၀၄)၊ ရဲ နှင့် SNA တပ်မဟာ-၆၁၄ ပါဝင်ခဲ့ကြောင်းသိ့ရသည်။ထိုကြောင့် တပ်မ တစ်ခုစာနီးပါးရှိသောစစ်ကောင်စီတပ်များကို PDF များကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုစစ်ကောင်စီတပ်များအား ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးမှူး ကွပ်ကဲမှုဖြင့် ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးရုံးအဖွဲ့၊ ကောလင်းခရိုင် ကွပ်ကဲရေးရုံး၊ ကောလင်းခရိုင် တပ်ရင်း (၁၊ ၂၊ ၃၊ ၄)၊ အမှတ် (၁) စစ်ဒေသ တိုက်ခိုက်ရေးအဖွဲ့/ လက်နက်ကြီးအဖွဲ့၊ အထူးလှုပ်ရှား တပ်ရင်း (၁၊ ၂၊ ၄၊ ၈၊ ၁၀)၊ အမှတ် (၁၊ ၂) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ တမူးခရိုင် တပ်ရင်း-၃၊ မော်လိုက်ခရိုင် တပ်ရင်း (၁၊ ၂၊ ၄)၊ ကလေးခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း-၇၊ စစ်ကိုင်းခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ ကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ (၄၁၊ ၄၂၊ ၄၅၊ ၄၉၊ ၅၃) တပ်ရင်းများ၊ ပကဖ (စစ်ကိုင်းတိုင်း/ ကောလင်းခရိုင်/ ရွှေဘိုခရိုင်/ ပင်လည်ဘူးမြို့နယ်/ ကောလင်းမြို့နယ်/ ဝန်းသိုမြို့နယ် ပကဖ)၊ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပလဖ (ကောလင်းခရိုင်/ ပင်လည်ဘူးမြို့နယ်/ ကောလင်းမြို့နယ်/ ဝန်းသိုမြို့နယ်)၊ ဒရုန်းအဖွဲ့များ (အမှတ် (၁) စစ်ဒေသ/ စစ်ကိုင်းတိုင်း PDF တာဝန်ခံရုံး/ ရွှေဘိုခရိုင် ပကဖ/ ပင်လည်ဘူးမြို့နယ် ပကဖ/ ကောလင်းမြို့နယ် ပကဖ/ ဝန်းသိုမြို့နယ် ပကဖ) ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟုအသိပေးထားသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၇၀ ဦးခန့် သေဆုံးပြီး ၁၉၄ ဦး ပျောက်ဆုံးကာ ၂၂၅ ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့သည်။ဒဏ်ရာရသူ များထဲတွင် ၆၀ဦးမှာ စိုးရိမ်ရသည်ဟုသိရသည်။ အမှတ်(၁) စစ်ဒေသထံသို့ အလင်းဝင်ရောက်လာသူ ၄၈ ဦးရှိပြီး စစ်သုံ့ပန်း ၁၀၂ ဦး ဖမ်းဆီးရရှိခဲ့သည်ဟုဖော်ပြထားသည်။
စစ်ကောင်စီတပ်မှာ မူးယစ်ဆေးဝါး သုံးစွဲထားသည်များကိုလည်း တွေ့ရှိရပြီး စစ်သားများ အဓိက အခြေပြုနေသည့် ရဲစခန်းအတွင်းမှ ဘိန်းမဲအထုပ် ၁၈ ထုပ် (ခမ ၁ ပိဿာထုပ်)၊ ဘိန်းဖြူ(ဆပ်ပြာခွက်) (၁၃၅၂) ခု၊ ဘိန်းဖြူ(အထုပ်သေး) (၁၂၈၅) ခု သိမ်းဆည်းရရှိခဲ့သည်။
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင်စစ်ကောင်စီက Y-8/ 12၊ Yak-130/ MiG-29/ FTC-2000G/ K-8W၊ Mi-2/ 17/ 35၊ ကင်းထောက်လေယာဉ်တို့ဖြင့် အကြိမ်ရေ (၆၇၀) ကျော်တွင် ဗုံးသီး အလုံးရေ ၅၀၀၀ကျော်ကြဲချ တိုက်ခိုက်ခဲ့သည်ဟုလည်းဆိုသည်။
ထိုသို့ လေကြောင်းမှ တစ်ရက်လျင် အကြမ်းဖျင်း ၁၃ ကြိမ်ခန့်တိုက်ခိုက်သည့်ကြားမှ PDFများကမြို့ကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး/ငယ်မျိုးစုံ ၄၀၀ ကျော်၊ ခဲ/ယမ်း/မီး/ကျောက် အမြောက်အများသိမ်းဆည်းရရှိခဲ့ကြောင်းဓါတ်ပုံနှင့်တကွဖော်ပြထားသည်။
“ပင်လည်ဘူးတိုက်ပွဲက လက်နက်တွေအများဆုံးရတာ။ ကောလင်းတုန်းကလည်း ဒီလောက်မရခဲ့ဘူး။ ဒီပဲယင်းလည်း အဲဒီလိုမရခဲ့ဘူး”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
သိမ်းဆည်းရမိသည့်လက်နက်များထဲတွင် လေယာဉ်ပစ်လက်နက်တစ်လက်ပါဝင်ခဲ့သည်ဟု PDFတဦးကလည်းပြောသည်။
“မြို့တွင်းရှိတဲ့ လက်နက်ကြီးပိုင်းအားလုံးရတယ်။ လာသမျှ စစ်ကြောင်းလည်း ဖြတ်တောက်နိုင်ခဲ့တယ်။ ထွက်ပြေးတဲ့ စစ်ကြောင်း ထွက်ပြေးလက်နက်ချသူက ချနဲ့ တကယ့်ကို ပြောင်မြောက်တဲ့စစ်ဆင်ရေးပဲ” ဟု ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင်ပါဝင်တိုက်ခိုက်ခဲ့သည့် PDF တဦးကပြောသည်။
ထိုအပြင်ကျောက်စိမ်းတုံး(လက်ကောက်)ဆိုဒ်စုံ (၂၃၄) ခု၊ Starlink အစုံ (၁) ခု (ဗန်းကွဲ)၊ အထိုင် Jammer (၅) ခု၊ Jammer Battery (၅) ခု၊ Jammer Battery အားသွင်းခုံ အစုံ (၄) ခု၊ ကျောလွယ် Drone Shooter Gun (၄) စုံ၊ Drone Shooter Gun Tablet (၁) ခု၊ Drone အသေး (၁) ခု၊ ဆက်သွယ်ရေးစက် အစုံ (၈) ခု၊ ဆက်သွယ်ရေးစက် Power Supply လက်လှည့် (၉) ခု၊ လက်ဗွေစစ်သေတ္တာပုံး (၁) ခု သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
ယခုပင်လည်ဘူးမြို့သိမ်းတိုက်ပွဲသည် ငါး ကြိမ်မြောက် မြို့သိမ်းတိုက်ပွဲဖြစ်ပြီး တိုက်ပွဲများအတွင်းကျဆုံးခဲ့ရသော ရဲဘော်များအား လေးစားဂုဏ်ပြုအပ်သည့်အပြင် ကိုယ်ခန္ဓာအစိတ်အပိုင်း ဆုံးရှုံးခဲ့ရသော ရဲဘော်များကိုလည်း လေးစားဂုဏ်ပြုအပ်ပါသည်ဟုအမှတ် (၁) စစ်ဒေသကဖော်ပြထားသည်။
ပင်လည်ဘူးမြို့သိမ်းပိုက်ထိန်းချုပ်ပြီးနောက် စစ်ကိုင်းတိုင်းတွင် PDF များသိမ်းပိုက်ထိန်းချုပ်ထားသော မြို့ ၅ မြို့ရှိလာသည်။ ခမ်းပါတ် ၊ရွှေပြည်အေး ၊မော်လူး ၊မြို့သစ် နှင့် ပင်လည်ဘူးမြို့တို့ဖြစ်သည်။ မန္တလေးတိုင်းတွင်လည်း စဥ့်ကူးမြို့ ၊သပိတ်ကျင်းမြို့ ၊ တကောင်းမြို့များကိုသိမ်းပိုက်ထိန်းချုပ်ထား၍ PDFသိမ်းပိုက်ထိန်းချုပ်ထားသောမြို့ ၈ မြို့ အထိ့ရှိလာခြင်းဖြစ်သည်။နိုင်ငံတဝန်းတော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်ထိန်းချုပ်ထားသောမြို့ပေါင်း အနည်းဆုံး ၈၂ မြို့ရှိသည်။