ဒီနှစ်မကုန်ခင် ပြီးစီးအောင် ဆောင်ရွက်မယ်လို့ NUCC ကောင်စီဝင် ပြော
သြဂုတ်-၂၃၊ ၂၀၂၅။ လီလီယန်/People’s Spring
တော်လှန်ရေးရဲ့ ဘုံနိုင်ငံရေးသဘောတူညီချက်(Common Political Agreeement)တရပ် ထွက်ပေါ်ဖို့ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က မနေ့က ထုတ်ပြန်ပါတယ်။
NUCC က အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ နိုင်ငံရေးရပ်တည်ချက်တွေကို သြဂုတ် ၂၂ရက် မနေ့က ထုတ်ပြန်အသိပေးခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲ့ အန္တိမပန်းတိုင်အထိ ပြည်သူတရပ်လုံးနဲ့အတူ လက်တွဲကာ ထုတ်ပြန်ထားတဲ့ နိုင်ငံရေးရပ်တည်ချက်တွေနဲ့ တိုက်ပွဲဝင်သွားမယ်လို့ ဖော်ပြပါတယ်။

Public Service Announcement
“နိုင်ငံရေးအရ အရေးကြီးတဲ့အချိန်မှာ ခိုင်မာပြတ်သားတဲ့ ရပ်တည်ချက် ရှိတယ်ဆိုတာ ပြချင်တဲ့အတွက် ထုတ်ပြန်တာ ဖြစ်ပါတယ်”လို့ NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်က ပြောပါတယ်။
စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းပြီး အသွင်သဏ္ဍန်နဲ့ အနှစ်သာရပြောင်းလဲမယ့် စနစ်ပြောင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဟာ တော်လှန်ရေးရဲ့ အန္တိမပန်းတိုင်ဖြစ်တယ်လို့ NUCC က ဖော်ပြပါတယ်။
ပြည်နယ်/ဖက်ဒရယ်ယူနစ်အားကောင်းရေး မှ ပြည်ထောင်စုအားကောင်းရေး(Bottom-up Federalism)ချဥ်းကပ်မှု၊ ၂၀၂၄ ဇန်နဝါရီ ၃၁ ရက်မှာ ပူးတွဲထုတ်ပြန်ခဲ့တဲ့ ဘုံသဘောရပ်တည်ချက်မှာ ပါဝင်တဲ့ ဦးတည်ချက် ၆ရပ် တို့ အပါအဝင် အခြေခံမှု ၈ ချက်ကို NUCC က ထုတ်ပြန်ကြေညာပါတယ်။
ဒါ့အပြင် နိုင်ငံရေးရပ်တည်ချက်များ ခေါင်းစဥ်ခွဲနဲ့ အချက် ၁၀ ချက်ကိုလည်း NUCC က ဖော်ပြပါတယ်။ အဲဒီနိုင်ငံရေးရပ်တည်ချက်တွေထဲမှာ အာဏာသိမ်းစစ်တပ်ဟာ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တစ်ခုသာဖြစ်ပြီး မည်သည့်ရွေးကောက်ပွဲကိုမျှ ကျင်းပဖို့ အခွင့်အာဏာမရှိဘူးလို့ NUCC က ဆိုပါတယ်။ စစ်တပ်ရဲ့ ရွေးကောက်ပွဲတွေကို တရားမဝင် အတုအယောင်ရွေးကောက်ပွဲတွေအဖြစ် သတ်မှတ်ပြီး လုံးဝဆန့်ကျင်ကန့်ကွက်တယ်လို့ NUCC က ဖော်ပြပါတယ်။
အနာဂတ်နိုင်ငံရေးမှာ အရပ်သားပြည်သူ့အစိုးရစနစ် ဖော်ဆောင်သွားမှာဖြစ်တာကြောင့် မည်သည့်လက်နက်ကိုင်စနစ်မဆို အနာဂတ် အုပ်ချုပ်ရေးလုပ်ငန်းစဥ်တွေမှာ ပါဝင်ခွင့် မရှိစေရဘူးလို့ NUCC ရဲ့ နိုင်ငံရေးရပ်တည်ချက်တွေ ထဲမှာ ထည့်သွင်းဖော်ပြပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ NUCC ရဲ့ နိုင်ငံရေးရပ်တည်ချက်တွေဟာ ၂၀၂၅ ခုနှစ် အဓိကလုပ်ငန်းစဥ်တွေထဲက တစ်ခုဖြစ်ပြီး ဒီကြေညာချက်ဟာ ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိရေး လုပ်ငန်းစဥ်ရဲ့ ဒုတိယအဆင့်ပြီးမြောက်မှုလည်း ဖြစ်တယ်လို့ ကောင်စီဝင် ဦးတိုးကျော်လှိုင်က ရှင်းပြပါတယ်။
“ပိုပြီးတော့ ရှင်းအောင် ပြောရရင်တော့ NUCC ကနေ အခြား အဓိကကျတဲ့ တော်လှန်ရေး အင်အားစုတွေ အားလုံးကြားမှာ ဘုံနိုင်ငံရေးသဘောတူညီချက်ရဖို့ ကြိုးပမ်းနေတာ ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ တစ်နှစ်လုံးကတော့ လုပ်ငန်းစဥ် ပထမအဆင့် ပြီးစီးခဲ့ပြီးဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
အဓိကကျတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ဘုံနိုင်ငံရေးသဘောတူညီချက် ထွက်ပေါ်လာတဲ့အထိ ဒီနှစ်မကုန်ခင်မှာ ပြီးစီးအောင် ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး အဲဒါလုပ်ငန်းစဥ်ဟာ တတိယအဆင့် ဖြစ်တယ်လို့ ဦးတိုးကျော်လှိုင်က ပြောပါတယ်။
“NUCC ရဲ့ အဖွဲ့ဝင်၊ အဖွဲ့အစည်း ၃၀ ကနေ သဘောတူထုတ်ပြန်ထားတဲ့ ဒီနိုင်ငံရေးရပ်တည်ချက်ကို ကိုင်စွဲပြီးတော့ အခြားအဓိကကျတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်လက်ညှိနှိုင်းသွားပြီးတော့ ဒီနှစ်မကုန်ခင်မှာ အားလုံးသဘောတူလက်ခံနိုင်တဲ့ ဘုံနိုင်ငံရေးသဘောတူညီချက်တစ်ရပ် ထွက်ပေါ်လာဖို့ရာ ဆက်လက် ညှိနှိုင်းသွားမှာ ဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကြီးလေးတဲ့ ရာဇဝတ်မှုတွေ ပိုမိုကျူးလွန်လာခဲ့တဲ့ စစ်တပ်ဟာ ဒီနှစ်ကုန်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပြီး နိုင်ငံတဝန်း လေကြောင်းတိုက်မှုတွေ ပိုမိုပြုလုပ်လာသလို အင်အားအများအပြားသုံးကာ မြေပြင်စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။
ဒီအခြေအနေမှာ တော်လှန်ရေးရဲ့ ဦးဆောင်အဖွဲ့အစည်းတွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့အပေါ် ဝေဖန်မေးခွန်းထုတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။
