ဩဂုတ်−၂၃၊ ၂၀၂၅။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လေးနှစ်တာအတွင်း ကျပ်သန်းပေါင်း နှစ်သောင်းကျော် (ကျပ်ငွေ ၂၁,၆၄၅ ဒသမ ၃၅ သန်း) အသုံးပြုခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ထံ ရှင်းလင်းတင်ပြခဲ့ဟု CRPHက ထုတ်ပြန်သည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တော်လှန်ရေးကာလအတွင်း တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများအတွက် ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များအား CRPH ထံ တင်ပြခြင်းကို ဩဂုတ် ၂၂ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိင်းအစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရွှေပုံက ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြခဲ့သည်။

Public Service Announcement
တော်လှန်ရေးကာလအတွင်း တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအနေဖြင့် အရေးပေါ်ကျန်းမာရေး၊ ပဏာမကျန်းမာရေးစောင့်ရှောက်မှုနှင့် ပြည်သူ့ကျန်းမာရေးဟူ၍ ဆောင်ရွက်လျက်ရှိကြောင်း ဒုဝန်ကြီးက ပြောသည်။
လက်ရှိတွင် ဆေးရုံ (၁၀၆) ရုံ၊ ဆေးခန်း (၈၀၈) ခု၊ ရွေ့လျားဆေးခန်း (၂၅၀) ကျော်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်နှင့် နှိင်းယှဉ်လျှင် မြေပြင်ဆေးရုံ၊ ဆေးခန်းအရေအတွက်မှာ (၃၅) ဆကျော် ပိုမိုများပြားလာကြောင်းလည်း အသိပေးသည်။
ထို့အပြင် မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ အမျိုးသားကာကွယ်ဆေးထိုးခြင်းအစီအစဉ်၊ ကျောင်းကျန်းမာရေးပညာပေးအစီအစဉ်၊ အာဟာရဖွံဖြိုးမှုအစီအစဉ်၊ ကူးစက်ရောဂါကာကွယ်ခြင်းလုပ်ငန်းများ၊ သဘာဝဘေး တုန့်ပြန်မှုလုပ်ငန်းများ၊ ပြန်လည်သန်စွမ်းရေးနှင့် ခြေတုလက်တုများ တပ်ဆင်ပေးခြင်းများကို ကျန်းမာရေး CDM များ ဖြစ်သည့် ပြည်နယ်နှင့်တိုင်း ကျန်းမာရေးတာဝန်ခံများ၊ မြိုနယ်ကျန်းမာရေးတာဝန်ခံများဖြင့် စနစ်တကျ လုပ်ငန်းများ လည်ပတ်လျက်ရှိဟု ဒုဝန်ကြီးက တင်ပြခဲ့သည်။
ထိုအပြင် ဝန်ကြီးဌာနအနေဖြင့် စိတ်ကျန်းမာရေး ဝန်ဆောင်မှုများ ပေးခြင်း၊ Online မှတစ်ဆင့် ဆေးကုသမှုများ ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ သုတေသနနှင့် ဖွံဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သင်တန်းများ ပိုချခြင်းနှင့် ဆေးပညာ သင်ကြားရေးလုပ်ငန်းများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
CDM Medical Network အနေဖြင့် CDM ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအား (၄) နှစ်တာကာလအတွင်း ထောက်ပံ့ငွေ ကျပ်သိန်း ၇၅၀နီးပါး (၇၄,၇၉၀၀၀၀ ကျပ်)ပေးအပ်ခဲ့ဟု ကျန်းမာရေးဝန်ကြီးဌာနက အသိပေးသည်။
ထို့ပြင် ဆေးရုံနှင့်ဆေးခန်းများကို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခံရမှု ထိခိုက်ပျက်စီးသေဆုံးမှု အခြေအနေများကိုလည်း ဒုဝန်ကြီးက တင်ပြခဲ့သည်။
စစ်ကောင်စီ က လေကြောင်း တိုက်ခိုက်မှု အကြိမ်ပေါင်း ၁၅၈၂ကြိမ် ပြုလုပ်ခဲ့ရာ ကျန်းမာရေးအဆောက်အဦး ၃၅၂ ခု ပျက်စီးပြီး ကျန်းမာရေးဝန်ထမ်းများ (၁၃၅) ဦးအထိ သေဆုံးခဲ့ရကြောင်း ဒုဝန်ကြီးက ပြောကြားသည်။
ကျန်းမာရေးနှင့်ပတ်သက်၍ ပူးပေါင်းညှိနှိင်းရေးဆိုင်ရာ အခက်အခဲများနှင့် ဘဏ္ဍာရေးပြတ်တောက်မှု အခြေအနေများကိုလည်း ဒုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်ဟု ဆိုသည်။
အဆိုပါ အစည်းအဝေးသို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲဝင်များ၊ ရေးရာကော်မတီများမှ အဖွဲဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး များဖြစ်သည့် ဒေါက်တာရွှေပုံနှင့် ဒေါက်တာခင်မောင်လွင်အပါအဝင် အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့ဟု CRPHက ထုတ်ပြန်သည်။
