ရခိုင်ပြည်နယ်ရဲ့ စစ်ရေး အခြေအနေ အပြောင်းအလဲတွေကို အိန္ဒိယနဲ့ တရုတ် အစိုးရတွေက နီးနီးကပ်ကပ် လေ့လာစောင့်ကြည့်နေပါတယ်။
မြန်မာနိုင်ငံ အနောက်ဖက်စွန်း နယ်နိမိတ်မှာ တည်ရှိတဲ့ ကမ်းရိုးတန်းဒေသ ပြည်နယ်ဟာ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေ တည်ရှိနေတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။ အာရက္ခတပ်တော် (AA)ဟာ ရခိုင်ပြည်နယ်ရဲ့ မြို့နယ်ပေါင်း ၁၇ ခုထဲက ၁၄ ခုကို သိမ်းယူထားပြီး ဖြစ်သလို မြို့တော်စစ်တွေ အပါအဝင် လက်ကျန် နယ်မြေတွေကိုပါ တိုက်ခိုက်သိမ်းယူနိုင်ဖို့ သံန္နိဋ္ဌာန် ချမှတ်ထားပါတယ်။
AAဟာ တရုတ်ရဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု စီမံကိန်း (BRI)မှာ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ရေနက်ဆိပ်ကမ်း တည်ရှိရာ ကျောက်ဖြူမြို့ကိုလည်း ထိုးစစ်ဆင် သိမ်းယူဖို့ ကြိုးစားနေပါတယ်။ စစ်တွေမှာကတော့ အိန္ဒိယက ရင်းနှီးမြှုပ်နှံထားတဲ့ ဆိပ်ကမ်း စီမံကိန်း ရှိနေပါတယ်။ ဒါကြောင့် စစ်တွေနဲ့ ကျောက်ဖြူကိုသာ ရရှိမယ်ဆိုရင် AAဟာ အရမ်းအရေးပါတဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကို ထိန်းချုပ်ခွင့် ရသွားမယ့်သဘော ဖြစ်ပါတယ်။
လောလောဆယ်တော့ စစ်တွေ အပါအဝင် ရခိုင်ပြည်နယ် တစ်ခုလုံးဟာ စစ်ဒဏ်ကို အပြင်းအထန် ခံစားနေရပြီး စားနပ်ရိက္ခာ အခက်အခဲ၊ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့လည်း ရုန်းကန်နေရပါတယ်။ အာဏာသိမ်း စစ်တပ်ရဲ့ တင်းကျပ်တဲ့ ပိတ်ဆို့မှုတွေကြောင့် ရခိုင်ပြည်နယ်ထဲ ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်ကုန်ပြီး ကုန်စျေးနှုန်းတွေကလည်း မတန်တဆ မြင့်တက်ကုန်ပါတယ်။ ဒေသခံ မီဒီယာတွေက ရခိုင်ပြည်နယ်မှာ ငတ်မွတ်မှုတွေ၊ ရာဇဝတ်မှုတွေ၊ မင်းမဲ့စရိုက်ဆန်တဲ့ ပြဿနာတွေ တိုးပွားလာနေတာကိုလည်း ဖော်ပြထားကြပါတယ်။

Public Service Announcement
အဲဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့တော့ AAနဲ့ စစ်တပ်က အပြန်အလှန် လက်ညှိုးထိုး အပြစ်တင်နေကြပါတယ်။ စစ်တပ်ဟာ ရခိုင်ပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးမှာ အရပ်သား ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ အတိအလင်း အရှိန်မြှင့်တင်လာနေခဲ့ပြီး AAကလည်း ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ AAကတော့ အဲဒီကိစ္စကို ငြင်းဆိုထားပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အဲဒီ စစ်ရေး၊ နိုင်ငံရေး အပြောင်းအလဲ အားလုံးဟာ ဒေသတစ်ခုလုံးရဲ့ အနာဂတ်အပေါ်မှာရော၊ ရင်းနှီးမြှုပ်နှံမှု ပရောဂျက်တွေ အပေါ်မှာပါ ရိုက်ခတ်မှုကြီးတွေ ရှိလာနိုင်တာကြောင့် တရုတ်နဲ့ အိန္ဒိယ အစိုးရတွေက မျက်ခြေမပြတ် စောင့်ကြည့်နေတာလို့ ကာတာ အခြေစိုက် Al Jazeera သတင်းဌာနရဲ့ ဆောင်းပါးမှာ ဖော်ပြထားခဲ့ပါတယ်။
အထူးသဖြင့် တရုတ်ဟာ ကျောက်ဖြူကနေ အစပြုပြီး တရုတ်နိုင်ငံ ပိုင်နက်ထဲထိ သွယ်တန်းထားတဲ့ ရေနံနဲ့ ဓာတ်ငွေ့ ပိုက်လိုင်းတွေ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းရဲ့ အနာဂတ်နဲ့ လုံခြုံရေး အခြေအနေတွေကို အထူး အလေးထား စောင့်ကြည့်နေမယ်လို့ လေ့လာသူတွေက ယုံကြည်ထားပါတယ်။
အိန္ဒိယကလည်း ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းကို ထိခိုက်လာမှာ အထူးတလည် စိုးရိမ်နေပါတယ်။ အဲဒီ စီမံကိန်းဟာ အိန္ဒိယနိုင်ငံမှာ သီးခြားလို တည်ရှိနေတဲ့ အရှေ့မြောက်ပိုင်း ပြည်နယ်တွေဆီ ပြည်မကြီးနဲ့ ဆက်သွယ်ဖို့ ရခိုင်ပြည်နယ်ကို ကြားခံအဖြစ် အသုံးပြုထားပြီး အိန္ဒိယက အများအပြား ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ စစ်ရေး အနာဂတ်ဟာ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို ခန့်မှန်းရ ခက်နေပြီး လေ့လာသူတွေကတော့ အောက်တိုဘာလလောက်ကျရင် AAဟာ ကျောက်ဖြူကို အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်ဟာ ရခိုင်ပြည်နယ်ထဲ စစ်အင်အား ဖြည့်တင်းပြီး တန်ပြန်ထိုးစစ်အတွက် စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
AAဟာ တပ်အင်အား ၄၀၀၀၀ လောက် ရှိနိုင်ပြီး မြန်မာနိုင်ငံရဲ့ အတောင့်တင်းဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေထဲက တစ်ခုဖြစ်ပါတယ်။
Al Jazeeraရဲ့ ဆောင်းပါးမှာတော့ ရခိုင်ပြည်နယ်ရဲ့ စစ်ရေးရလဒ်တွေဟာ မြန်မာ့ ပြည်တွင်းရေး ပဋိပက္ခကိုသာ မကဘဲ ဒေသတစ်ခုလုံးရဲ့ ပထဝီဝင် နိုင်ငံရေး စနစ်ကိုပါ ပြောင်းလဲ ပုံဖော်လာနိုင်ပြီး အဲဒီအတွက်လည်း ရခိုင်မှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို အိန္ဒိယနဲ့ တရုတ်တို့က လုံးဝ မျက်ခြေပြတ် မခံရဲဘဲ စောင့်ကြည့်နေတာ ဖြစ်တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။
ကိုးကား: Al Jazeera












































