သြဂုတ် – ၂၅ ၊၂၀၂၄ ၊ ဆိုင်းမင်း/People’s Spring
စစ်ကိုင်းငလျင်ကြီးဒဏ်ကြောင့် သေဆုံးသူ ရာ ဂဏန်းရှိခဲ့တဲ့ မန္တလေးမြို့ Sky Villaကွန်ဒိုပြိုကျမှုမှာငလျင်အပြီးငါးလပြည့်ခါနီးအထိရုပ်အလောင်းတွေတွေ့နေရဆဲဖြစ်ပြီး သြဂုတ်လအတွင်းမှာတင် ၁၅ လောင်းထပ်မံ ရှာတွေ့ခဲ့တယ်လို့ မီးသတ်ထံကသိရပါတယ်။
သြဂုတ်လ ၁၂ ရက်ကနေ ဒီနေ့ သြဂုတ်လ ၂၅ ရက်အထိ ရုပ်အလောင်း ၁၅ လောင်းရှာတွေ့ခဲ့တာပါ။
အဲဒီရုပ်အလောင်းတွေထဲမှာ ကလေး တစ်ဦး အပါအဝင် အမျိုးသား ငါး လောင်း ၊ အမျိုးသမီး ကိုး လောင်းဖြစ်ပါတယ်။

Public Service Announcement
ပြိုကျသွားတဲ့ အပျက်အစီးတွေကြားမှာ ရုပ်အလောင်းတွေကို ဆက်လက်ရှာဖွေဆဲလို့သိရပါတယ်။
“ရှင်းလင်းရေးကတော့ မီးသတ်နဲ့ ကွန်ဒိုကအဖွဲ့တွေပဲ ဆက်လုပ်နေတာ ၊ ထပ်ပြီးလည်းတွေ့နိုင်သေးတယ် “လို့ မန္တလေးဒေသခံ ကူညီကယ်ဆယ်အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီး ကြောင့် Sky Villa ကွန်ဒို ပြိုကျမှုမှာ မှတ်တမ်းတွေအရ ဒီနေ့သြဂုတ်လ ၂၅ ရက်အထိ ရုပ် အလောင်း ၂၁၀ လောင်းထိ တွေ့ရှိထားပြီး ဖြစ်တယ်လို့သိရပါတယ်။
အဲဒီရုပ်အလောင်းတွေမှာ အမျိုးသား ၇၂လောင်း ၊ အမျိုးသမီးရုပ်အလောင်း ၁၁၅လောင်း ၊ ကလေး ၁၄ လောင်း နဲ့ ကျား၊ မ မခွဲခြားနိုင်တော့တဲ့ ရုပ်အလောင်း ကိုးလောင်းတို့ ဖြစ်ပါတယ်။
ငလျင်မလှုပ်ခတ်ခင် မတ်လ ၂၇ ရက်အထိ Sky Villa ကွန်ဒိုမှာနေထိုင်သူဦးရေ ၃၄၈ ဦးရှိတယ်ဆိုတာကို မန္တလေးတိုင်းထွေအုပ်ရဲ့ စာရင်းတွေအရ သိရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ ထံက တဆင့် သိရပါတယ်။
ငလျင်အပြီး ပြိုကျသွားတဲ့ကွန်ဒိုအပျက်အစီးတွေထဲမှာပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့ရာမှာတော့ အသက်ရှင်လျက် ၅၂ ဦးကယ်ဆယ်နိုင်ခဲ့တယ်လို့ မီးသတ်က ဆိုထားပါတယ်။
မန္တလေးမြို့ လမ်း ၆၀ ၊၂၃ လမ်း နဲ့ ၂၄ လမ်းကြားမှာရှိတဲ့ Sky Villa ကွန်ဒိုကို ၁၁ ထပ်စီ ရှိတဲ့ အဆောက်အဦး လေးလုံး နဲ့ဖွဲ့စည်းထားပြီး ငလျင်လှုပ်ခတ်ချိန် အဆောက်အဦး သုံးလုံးပြိုကျ သွားခဲ့တာပါ။
