သြဂုတ်-၂၅၊ ၂၀၂၅။ရဲခေါင်/People’s Spring
စစ်ကိိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တောင်ဘက်၌ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီး ပူးပေါင်းအဖွဲ့သည် (၆၀)ကျော်အရွယ်အမျိုးသမီးအချို့ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီပူးပေါင်းအဖွဲ့ စစ်ကြောင်းဝင်ရာ ကျေးရွာအချို့တွင် ပိတ်မိခဲ့သည့် ပြည်သူ ၉ဦးထက်မနည်းအား လက်ပြန်ကြိုးတုပ်၍ နေအိမ်များမီးရှို့ရာတွင် ထည့်သွင်း သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။
ယခု ဩဂုတ်တတိယပတ်အတွင်း ကန့်ဘလူမြို့နယ် ရွာမရွာသစ်၊ထိန်တော၊အင်္ဂါဒေါင့်၊သရက်တာ၊ကိုင်းရိုးနှင့် ကျေးပင်အက်ကျေးရွာ တို့ကို စစ်ကောင်စီပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးရာ နေအိမ် ၅၀၀ ထက်မနည်းဆုံး မီးလောင်ခဲ့သည်ဟု သိရသည်။

Public Service Announcement
“စပြေးကတည်းက ရွာထဲကမထွက်နိုင်တဲ့သူ တွေကျန်ခဲ့တယ်။အသက် ၆၀ ကျော်အဘွားအရွယ်တွေ လမ်းပေါ်မှာ ယုတ်ယုတ်မာမာလုပ်ခံထားရပြီး ဖြစ်သလို သေနေတာတွေကော။အလောင်းတွေကို မီးထပ်ရှို့ထားတာရော။လက်ပြန်ကြိုးတုတ်သတ်သွားတာရော။တော်တော်ကို စိတ်နာတယ်။ရွံ့စရာကောင်းတယ်”ဟု စစ်ရှောင်အရေးကူနေသည့် ဒေသခံက ပြောသည်။
စစ်ကောင်စီတပ်နှင့် ကန့်ဘလူမြို့နယ်အခြေပြု ပျူစောထီး ၂၀၀ကျော်သည် သြဂုတ် ၁၆ရက်ကစ၍ တော်လှန်ရေးအင်အားစုများစိုးမိုးရာ မြို့နယ်၏ အရှေ့ တောင်ဘက်ခြမ်းနေရာများကို စစ်ကြောင်း ထိုးနေခြင်းဖြစ်သည်။
“လောလောဆယ်က တိုက်ပွဲ မဖြစ်သေးဘူး။စစ်ဆိုင်ထားတဲ့ အခြေအနေမျိုးပဲလို့ပြောရမယ်”ဟု စစ်ကောင်စီစစ်ကြောင်းထိုးရာနယ်မြေရှိ ကန့်ဘလူခရိုင်တပ်ရင်း(၂)တာဝန်ရှိသူက ပြောသည်။
ရွာမရွာသစ်ကျေးရွာမှ နေအိမ် လေးလုံး၊ထိန်တော(တ/မ)ရွာမှ နေအိမ် ၇၅ လုံး၊သရက်တာရွာမှ နေအိမ် ၇၈လုံး၊အင်္ဂါဒေါင့်ရွာမှ နေအိမ် ၃၁လုံး၊ကိုင်းရိုးရွာမှ နေအိမ် ၁၂လုံးနှင့် ကျေးပင်အက်ရွာမှ နေအိမ်အလုံး ၂၃၀အပြင် စာသင်ဆောင် လေးဆောင်ကို စစ်ကောင်စီပူးပေါင်းအဖွဲ့က မီးရှို့ခဲ့ကြောင်း ကျွန်းလှ −ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ က ယနေ့ (သြဂုတ် ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။
ထို့အပြင် စစ်ကြောင်းနှင့် ပိတ်မိသည့် ပြည်သူ ၉ဦးကိုလည်း ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခဲ့ရာထိန်တောကျေးရွာမှ ငါးဦးနှင့် ကျေးပင်အက်ကျေးရွာ၌ အလောင်း လေးလောင်းကနဦးတွေ့ရှိထားသည်ဟု ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကား၍ အထက်ပါအဖွဲ့က ဖော်ပြထားသည်။
သြဂုတ် ၂၃ ရက်က ခင်းဦး-ကန့်ဘလူ ကားလမ်းပိုင်းအနီးရှိ ဘူးကုန်းရွာ၌ စစ်ကောင်စီတပ်နှင့် တော် လှန်ရေးတပ်များထိတွေ့မှုအတွင်း စစ်ကောင်စီအဖွဲ့က ဆီဘောက်ဆာကားပေါ်မှ ယာဥ်မောင်းနှင့် ယာဥ်အကူကို ပစ်သတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီစစ်ကြောင်းသည် လက်ရှိတွင် ကျီကျင်းကျေးရွာသို့ ဝင်ရောက်ပြီး မီးရှို့ကာ ရွာအနီးတစ်ဝိုက်ကိုလည်း ဒရုန်းဗုံးများကြဲချနေကြောင်း ကန့်ဘလူ စစ်ရေးသတင်ရင်းမြစ်က ဆိုသည်။
ကန့်ဘလူမြို့နယ်အနောက်ခြမ်း၊ တန့်ဆည်မြို့နယ်မြောက်ခြမ်းနှင့် ကျွန်းလှမြို့နယ်အရှေ့တောင်ခြမ်းရှိ ကျေးရွာ ၂၀ကျော်ကို သင်္ကန်းဝတ်ဝါသဝကဦးဆောင်၍ ပြည်သူ့စစ်များဖွဲ့စည်းထားပြီး လက်နက်များတပ်ဆင် ပေးထားသည်။
ထို့အပြင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ−၁၀)လက်အောက်ခံ ကလေးမြိုအခြေစိုက် ခမရ (၃၆၁) တပ်ရင်းက ကန့်ဘလူမြို့နယ်ရှိ ပျူစောထီးများကို စစ်ရေးပြင်ဆင်ပေးခြင်းနှင့်အတူ ကွပ်ကဲမှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။
